ကချင်ပြည်နယ်၊ ဝိုင်းမော် မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ရင်း ဖမ်းဆီးခံခဲ့ရသည့် ဒေါ်လငန်လွမ်းနော် နှင့်ဒေါ်စတန်ဇေညွယ်တို့နှစ်ဦး၏ အမှုအား ယနေ့ မတ်လ (၁၉) ရက်နေ့တွင် တရားလိုဖြစ်သူ ဒုရဲမှူးမြင့်ဇော်ဦးကို စတင်စစ်ဆေးခဲ့ကြောင်းသိရသည်။
ဖမ်းဆီးခံအမှုသည်နှစ်ဦးလုံးကိုသဘာ၀ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာဥပဒေပုဒ်မ(၂၉)ဖြင့် ဒုရဲမှူးမြင့်ဇော်ဦးကတရားလိုပြုအမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“သူတို့နှစ်ယောက်ကသက်သက်စီ အမှုဖွင့်ထားတာပါ။ တရားလိုတော့ဒုရဲမှူးမြင့်ဇော်ဦးပဲ။အရင်ရုံးချိန်တွေတုန်းကတော့ Video Coferencing နဲ့ပဲစစ်ဆေးခဲ့တယ်။ဒီနေ့တော့ရုံးထုတ်တယ်။ ” ဟုအမှုသည်၏ရှေ့နေဦးသက်ထွန်းဦးကပြောသည်။
၎င်းတို့နှစ်ဦးကို မြစ်ကြီးနားအကျဉ်းထောင်တွင် ချုပ်ထားပြီး ယခင်ရုံးချိန်များတွင် ရုံးထုတ်ခြင်းမရှိဘဲ ယနေ့မှ စတင်ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လာမည့် ရုံးချိန်ကို မတ်လ (၃၀)ရက်နေ့၌ သတ်မှတ်ခဲ့ပြီး ထို့နေ့တွင်ထပ်မံ၍ တရားလိုပြသက်သေများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ရှေ့နေဦးသက်ထွန်းဦးက ဆိုသည်။
ဝိုင်းမော်မြို့တွင် ဆန္ဒပြခဲ့သည့်ကျောင်းဆရာဒေါ် လငန်းလွမ်းနော်နှင့် ဒေါ်စတန်ဇေညွယ်တို့ကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဖမ်းဆီးကာ အထက်ပါအတိုင်း အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။







