၁၃နှစ်ကြာ တရုတ်နိုင်ငံတွင်အိမ်အကူဇနီးမယားအဖြစ် ရောင်းစားခံရသူတစ်ဦး ပြန်လည်ရောက်ရှိ

၁၃နှစ်ကြာ တရုတ်နိုင်ငံတွင်အိမ်အကူဇနီးမယားအဖြစ် ရောင်းစားခံရသူတစ်ဦး ပြန်လည်ရောက်ရှိ
by -
မွန်သတင်းအေဂျင်စီ
၁၃နှစ်ခန့်ကြာ တရုတ်နိုင်ငံတွင် အိမ်အကူ ဇနီးမယားအဖြစ် ရောင်းစားခံရသူ မွန်ပြည်နယ် မုဒုံမြို့နယ် ကင်းချောင်းကျေးရွာတွင်နေထိုင်သူအမျိုးသမီးသည် မိမိနေအိမ်သို့ ဧပြီ ၂၃ရက် နံနက် ၉နာရီခန့်က ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

“အခုတော့ အိမ်မှာမရှိဘူး။ အဖေတို့နဲ့ မော်လမြိုင်ကို သွားတယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်” ဟု မိသားစုဝင်တစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ပြန်လည်လွတ်မြောက်လာသူ အဆိုပါအမျိုးသမီး(အသက် ၃၀ ခန့်) သည် လွန်ခဲ့သော ၁၃နှစ်ခန့်က ရေးမြို့နယ်ရှိ အဘွားကို ပြုစုရန် သွားရောက်ခဲ့ပြီး မုဒုံမြို့သို့ ရထားဖြင့် အပြန်တွင် လူကုန်ကူးခံရပြီး တရုတ်နိုင်ငံ He Nan ပြည်နယ်၊ Zhi Fang ခရိုင်၊Ruzhou ကျေးရွာ၊ Wuxun ရွာမြောက်ပိုင်း၊ Bei Hou လမ်း၊ အိမ်အမှတ် ၁၈၈ တွင် နေထိုင်သူ TU RU GOU ထံတွင် ရောင်းစားခံခဲ့ရကြောင်း သိရသည်။

၄င်းသည် လူကုန်ကူးခံရပြီး ၁၃ နှစ်အကြာ ၂၀၁၇ ခုနှစ်တွင် ဖုန်းစတင်ကိုင်ခွင့်ရခဲ့ရာ wechat မှ တဆင့် မြန်မာနိုင်ငံသားများကို လိုက်လံအကူအညီတောင်းခံခဲ့ရာ ရန်ကုန်မြို့နေ နိုင်ကိုသူနှင့် အဆက်အသွယ်ရခဲ့ရာ ယင်းသူမှ ကူညီပေးသဖြင့် သူမ၏ မိဘများဖြင့် အဆက်အသွယ် ရရှိခဲ့ခြင်း ဖြစ်သည်။

ကူညီပေးသူ နိုင်ကိုသူမှ ၈၈မျိုး(ငြိမ်း/ပွင့်)မှ ကိုကိုကြီး၊ မမီးမီး၊ ကိုစိုးမိုး(သူကြီး)၊ ကိုညိုမင်းတို့နှင့် မော်လမြိုင်မြို့ရှိ မွန်အမျိုးသားပါတီဝင်များနှင့် တွေ့ဆုံကာ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ လူကုန်ကူးမှု တားစီးနှိမ်နှင်းရေးတပ်ဖွဲ့ တပ်ဖွဲ့စု ၉ မှ ဒုရဲမှူး ဦးစန်းဦးနှင့် တွေ့ဆုံ ဆွေးနွေးကာ ရာဇသတ်ကြီးပုဒ်မ ၃၃၆၊ အမှုတွဲအမှတ် ပ-၁၅၅/၂၀၁၇ဖြင့် အမှုဖွင့်ခဲ့သည်။

ထိုမှတဆင့် မူဆယ် လူကုန်ကူးမှု တားစီးနှိမ်နှင်းရေးတပ်ဖွဲ့ နှင့် တရုတ်နိုင်ငံ ရွှေလီရဲတပ်ဖွဲ့နှင့် ပူးပေါင်းရှာဖွေကာ ကယ်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...