ANP ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက် ၃ချက်ထွက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါတီထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်အေးနုစိန်ပါဝင်မှု အဓိကဆွေးနွေးဖြစ်ခဲ့ဟုဆို

ANP ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက် ၃ချက်ထွက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါတီထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်အေးနုစိန်ပါဝင်မှု အဓိကဆွေးနွေးဖြစ်ခဲ့ဟုဆို

ဇော်ဝင်းဌေး — ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ မြောက်ဦးမြို့ အလိုတော်ပြည့် ကျောင်းတိုက်၌ သုံးရက် တိုင်တိုင်ကျင်းပခဲ့သော ရခိုင်အမျိုးသားပါတီ( ANP) ၏ ဗဟိုကော်မတီအစည်းအဝေးမှ ဆုံးဖြတ်ချက် သုံးရပ် ထွက်ပေါ်လာလာခဲ့ပြီး ပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန် နိုင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီတွင် ပါဝင်နေမှု အပေါ်  အဓိက ဆွေးနွေးမှုများ ရှိခဲ့သည်ဟု သိရသည်။

ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသာထွန်းလှက “ကျနော်တို့ကတော့ လောလောဆယ် အခုလုပ်တဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ချက် ၃ခုကို ချခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကတော့ ရခိုင်အမျိုးသား ပါတီအနေနဲ့ နံပါတ်(၁) ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ထာဝရငြိမ်းချမ်းသော ပြည်နယ်တစ်ခု ဖြစ်ပေါ်လာရေးအတွက် စီမံခန့်ခွဲပိုင်ခွင့်ရရှိအောင် ဆက်လက် ဆောင်ရွက် သွားမယ်ဆိုတဲ့ အချက်က တစ်ချက်ပါ။ နောက် တစ်ချက်က ရခိုင်အမျိုးသား အကျိုးစီးပွားကို တန်ဖိုးထား အသိအမှတ်ပြုသော အဖွဲ့အစည်းများနဲ့ ဆက်စပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းမည်ဆိုပြီး အဲတာက ဒုတိယ အချက်ပါ။ နောက် နံပါတ်(၃) အချက်ကတော့ ကျနော်တို့ ဒီ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ကောင်စီဝင်အဖြစ် ဒေါ်အေးနုစိန် ပါဝင်နေမှုအား ဆက်စပ်ညှိနှိုင်းရေး ကာလတစ်ခုထိ စောင့်ကြည့်သွားမှာ ဖြစ်ပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေအရ ကော်မတီဝင်အဖြစ် ပါဝင်နေမှုအပေါ် သုံးသပ်ဆုံးဖြတ်သွားမယ်ဆိုပြီး အဲလို အချက်(၃) ချက်ကို အဓိကထားပြီး ကျနော်တို့ ဆုံးဖြတ်ချက် ချပါတယ်” ဟု ပြောသည်။

ရခိုင်အမျိုးသားအကျိုးစီးပွားကို တန်ဖိုးထား အသိအမှတ်ပြုသော အဖွဲ့အစည်းများနှင့် ဆက်စပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့အစည်းကို ပါတီ ဥက္ကဋ္ဌကိုယ်တိုင် ဦးဆောင်သွားမည်ဟု သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါတီမှ ထိပ်တန်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်အေးနုစိန် ပါဝင်နေခြင်းနှင့် ပတ်သက်ပြီးလည်း အစည်းအဝေးတွင် အကြိတ်အနယ်ဆွေးနွေးခဲ့သည်ဟု ဦးသာထွန်းလှက ပြောသည်။

“ ဒီ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ကောင်စီဝင်အဖြစ် ဒေါ်အေးနုစိန် ပါဝင်နေမှုအပေါ် အဓိက ဆွေးနွေးခဲ့တာရှိပါတယ်။ သူမ ပါဝင်နေမှု အပေါ် ကာလတစ်ခုထိ စောင့်ကြည့်သွားမှာဖြစ်ပြီး ဖြစ်ပေါ် လာတဲ့ အခြေအနေအပေါ် သုံးသပ်ဆုံးဖြတ်သွားမယ်ဆိုပြီး  ကျနော်တို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်” ဟု ပြောကြားသည်။

ဗဟိုကော်မတီအစည်းအဝေးကို လူပေါင်း ၈၀ ကျော် တက်ရောက်ပါခဲ့သည်ဟု သိရသည်။

အဆိုပါဗဟိုအစည်းအဝေးကော်မတီအစည်းအဝေးကို  သောကြာနေ့မှ တနင်္ဂနွေအထိ (၃) ရက်တိုင်တိုင် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ကျင်းပပြုလုပ်သည်ဟု ဆိုသည်။

ရခိုင်အမျိုးသားပါတီသည် လက်ရှိ အချိန်တွင် ပါတီမှ  ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်အေးနုစိန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ကောင်စီဝင်အဖြစ် ပါဝင်နေမှုနှင့် ပြောဆို ဝေဖန်ခံနေရမှုများရှိနေသည်။

ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ်ထဲတွင် လက်ရှိ အချိန်ထိ လူထု ထောက်ခံမှု အများဆုံး ရနေသော ပါတီ တစ်ခုဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် (၄)နေရာ၊ ပြည်သူ့လွှတ်တော် (၄)နေရာနှင့် ပြည်နယ်လွှတ်တော် (၇)နေရာ၊ စုစုပေါင်း (၁၅)နေရာဖြင့် လွှတ်တော်နေရာအများဆုံးအနိုင်ရရှိထားသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...