စစ်တွေတွင် ဆန္ဒပြရန်လှုံ့ဆော်သူများရှိနေ၍ တင့်ကားများဖြင့် စီတန်းပြီးသတိပေးမှုပြုလုပ်ရခြင်းဟု ရခိုင်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးမင်းသန်းဆို

စစ်တွေတွင် ဆန္ဒပြရန်လှုံ့ဆော်သူများရှိနေ၍ တင့်ကားများဖြင့် စီတန်းပြီးသတိပေးမှုပြုလုပ်ရခြင်းဟု ရခိုင်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးမင်းသန်းဆို

အိမ်စိုးဖြူ — ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယမန်နေ့ည (ဖေဖော်ဝါရီ ၁၄ ရက်) ည ၈ နာရီခန့်က တင့်ကားများ၊ အဓိဂရုဏ်း နှိမ်နှင်းရာတွင် အသုံးပြုသည့် water cannon ကားများ၊ စစ်/ ရဲကားတန်း များဖြင့် စီတန်းပြီး သတိပေး ကြေညာမှုများ ပြုလုပ်ရခြင်းမှာ စစ်တွေမြို့တွင် ဆန္ဒပြရန် လှုံ့ဆော်မှုများရှိနေ၍ တားဆီးရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးမင်းသန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

စစ်တွေတွင် ညမထွက်ရ အမိန့်ရုပ်သိမ်းထားပြီဖြစ်သဖြင့် ညဖက်အပြင်ထွက်သူများကို ဖမ်းဆီးအရေးယူရန် ရည်ရွယ်ချက်ဖြင့် လှည့်လည်ခြင်းမျိုးမဟုတ်၍ မြို့သူမြို့သားများအနေဖြင့် စိုးရိမ်စရာမရှိကြောင်း ၎င်းက ပြောကြားသည်။

“ ညဖက်ပြည်သူတွေကို ဒုက္ခပေးမယ့်လူတွေမထွက်အောင်တားတာပေါ့နော်။ ပြည်သူတွေကို ဒုက္ခပေးမယ့် လူတွေက ရှိနေတယ်။ လှုံ့ဆော်တဲ့လူတွေက ရှိနေတယ်” ဟု ဗိုလ်မှူးကြီးမင်းသန်းက ပြောဆိုသည်။

ယမန်နေ့ ညက တင့်ကားများ၊ အဓိဂရုဏ်း နှိမ်နှင်းရာတွင် အသုံးပြုသည့် water cannon ကားများ၊ စစ်/ ရဲကားတန်း များဖြင့် စီတန်းပြီး သတိပေး ကြေညာမှုများ ပြုလုပ်ရာတွင် ပြည်သူများအနေဖြင့် ကိုယ့်အိမ်ထဲတွင် ကိုယ်နေထိုင်ကြရန်၊ မလိုအပ်ဘဲ အိမ်ပြင်မထွက်ရန်နှင့် အတတ်နိုင်ဆုံးကိုယ့်အိမ်တွင်ကိုယ် အေးချမ်းစွာ နေထိုင်ကြရန် မေတ္တာရပ်ခံပါကြောင်း အသံချဲ့စက်ဖြင့် ကြေညာခဲ့သည်။

“ စစ်တွေမှာ ဥပဒေအရ ညမထွက်ရအမိန့်ထုတ်ပြန်မထားဘူး။ အဲဒီအမိန့် ရုပ်ထားတာကို။ ရုပ်ထားတာဆိုတော့ အဲလိုတော့မရှိပါဘူး။ အဓိကတော့ အချိန်မတော်ပြည်သူတွေကို လှုံ့ဆော်မယ်။ အန္တရာယ်ပြုမယ်ဆိုရင်တော့ တို့က တားရမှာပေါ့” ဟု ဗိုလ်မှူးကြီးမင်းသန့်က ဆက်ပြောသည်။

စစ်တွေမြို့တွင် အခြေအနေ တည်ငြိမ်နေပြီး ဆန္ဒပြမှုတစ်စုံတစ်ရာမရှိဘဲ တင့်ကားများ မြို့ထဲဝင်လာပြီး လှည့်လည်ခဲ့သည့်အတွက် စစ်တွေမြို့တစ်ခုလုံးတွင် လှုပ်လှုပ်ရှားရှားများ ဖြစ်ခဲ့ရသည်ဟု စစ်တွေမြို့ခံ ဒေါ်ကျော့မေက ပြောသည်။

“ အိမ်ကမြေးတွေကို အပြင်ထွက်သွားတာကို အိမ်အမြန်ပြန်လာဖို့ခေါ်ရတယ်။ အတော်လန့်သွားကြတာပါ။ တစ်မြို့လုံးလှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်။ ပစ်တာခတ်တာတွေဖြစ်မလားဆိုပြီးပေါ့။ ဆိုင်ကယ် ကယ်ရီသမားတွေ၊ ကားအငှားသမားတွေလည်း ကြောက်ပြီး အိမ်ပြန်ပြေးလာကြတာတွေ့တယ်။ ဆန္ဒပြတာ၊ ဆူပူတာတွေလည်း စစ်တွေမှာ မရှိတော့လေ။ ဘာဖြစ်လို့ လှည့်တာလည်း သိချင်နေကြတယ်” ဟု သူမက ပြောသည်။

စစ်တွေတွင် လုံခြုံရေးအရ ညမထွက်ရအမိန်(၁၄၄) ထုတ်ပြန်ထားချက်အား  ဖေဖော်ဝါရီ(၆) ရက်နေ့ရက်စွဲဖြင့် ရုပ်သိမ်းခဲ့ပြီး တစ်ခြား တိုက်ပွဲများ ဖြစ်ပွာခြင်းမရှိခဲ့သည့် မြို့နယ်များတွင်လည်း ရုပ်သိမ်းခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...