ရခိုင်ဝန်ကြီးချုပ်နှင့် NLD အဖွဲ့ဝင်နှစ်ဦးကို တပ်ကထိန်းသိမ်း

ရခိုင်ဝန်ကြီးချုပ်နှင့် NLD အဖွဲ့ဝင်နှစ်ဦးကို တပ်ကထိန်းသိမ်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် NLD အဖွဲ့ဝင်နှစ်ဦးတို့ကို တပ်မတော်ကခေါ်ဆောင်သွားပြီး ယနေ့ နေ့လည်ပိုင်းအချိန်ထိ အဆက်အသွယ်မရရှိသေးသလို ဖမ်းဆီးသည့်နေရာကိုလည်း မသိရသေးကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူများမှာ ဝန်ကြီးချုပ် ဦးညီပု၊ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်နှင့် တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်တို့ဖြစ်ကြသည်။

ဦးညီပုကို ဖေဖော်ဝါရီလ ၁၀ ရက်၊ ည ၁၀ နာရီကျော်တွင် တပ်မတော်သားများမှ လာရောက်ခေါ်ဆောင် သွားခြင်းဖြစ်ပြီး ဦးရဲခေါင်ညွန့်ကို ယနေ့(ဖေဖော်ဝါရီ ၁၁ ရက်) နံနက် ၁ နာရီခန့်တွင် ခေါ်ဆောင် သွားခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

“သူတို့(တပ်မတော်)က ခဏလောက်လိုက်ခဲ့ပေးပါ၊ ပြောစရာရှိတယ်ဆိုပြီး ခေါ်တာပါ။ အခုအချိန်ထိ အဆက်အသွယ်မရသေးဘူး။ အဖေ့ရဲ့ကျန်းမာရေးအတွက် အဓိကစိုးရိမ်တယ်။ ပြန်ပြီး မြန်မြန်ပို့ပေးရင် ပိုကောင်းတာပေ့ါ” ဟု ဦးညီပု၏ သမီး မကြည်ကြည်ဦးကပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်မှအာဏာသိမ်းစဉ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကိုဖမ်းဆီးခဲ့ပြီး ၂ ရက်အကြာတွင်ပြန်လွှတ်ပေးကာ နေအိမ်အကျယ်ချုပ်ဖြင့်ထိန်းသိမ်းထားခဲ့ရာမှ ဒုတိယတစ်ကြိမ် ခေါ်ယူ ထိန်းသိမ်းခဲ့ခြင်းလည်းဖြစ်သည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်ကို ဖေဖော်ဝါရီလ ၉ ရက်၊ နေ့လည်ပိုင်းတွင် ရဲစခန်း၌ ထိန်းသိမ်းထားခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် တပ်မတော်သားများ၏ ရဲစခန်းမှလာရောက်ခေါ်ဆောင်သွား ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

တောင်ကုတ်မြို့ရဲစခန်းမှတာဝန်ရှိသူများက ဦးမင်းအောင်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မတို့ဖြင့် အမှုဖွင့်လှစ်ပြီး ရုံးထုတ်စစ်ဆေးသွားမည်ဟုပြောဆိုခဲ့သော်လည်း လက်ရှိအချိန်ထိရုံးထုတ်ခြင်း မရှိ သေးကြောင်း ဇနီးဖြစ်သူ ဒေါ်မြတ်ဝတ်ရည်ကဆိုသည်။

“ကျမတို့တောင်ကုတ်မှာ တပ်မတော်ထောက်ခံပွဲတွေလုပ်တာလည်းရှိတယ်။ အဲဒီနေ့မှာ လူတွေလည်း အများကြီးပါတယ်။ သူတို့ကိုကျဘာမှမလုပ်ဘူး၊ ဘာဥပဒေနဲ့လည်း တရားမစွဲဘူး။ ကိုမင်းအောင်တို့ လုပ်တာ ကလည်း သူတစ်ယောက်တည်းလုပ်တာမဟုတ်ဘူး။ တစ်မြို့လုံးက အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတာ ဖြစ်တယ်။ ဆိုတော့ကိုမင်းအောင်တို့ကို ဖမ်းတယ်ဆိုတော့ ဒါကမတရားဘူး။ အဲတာကို အမြန်ဆုံးပြန်လွှတ် ပေးပါလို့တောင်းဆိုချင်တယ်” ဟု ၎င်းကပြောသည်။

မိသားစုဝင်များအနေဖြင့် ယခုအချိန်ထိ ဦးမင်းအောင်နှင့်အဆက်အသွယ်မရရှိသေးသလို ၎င်းအား မည်သည့် နေရာတွင်ဖမ်းဆီးထိန်းသိမ်းထားသည်ကိုလည်း မသိရှိရသေးသည့်အတွက် စိုးရိမ်နေရကြောင်း ဒေါ်မြတ်ဝတ်ရည်က ဆိုသည်။

June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို လေကြောင်း ဗုံးကြဲပြီးနောက် ထိခိုက်ပျက်စီးမှုအခြေအနေကို မေးမြန်းနေသည့် သတင်းထောက်နှစ်ဦး။ ဓာတ်ပုံ - DMG
June 23, 2026
ရခိုင်ပြည် သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေး၊...
June 22, 2026
ရခိုင်ပြည်တွင် မြို့၊ရွာများကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်နေ၍ အရပ်သားသေဆုံး...