စစ်ရှောင်များနေရပ်ပြန်ရေး ယခုလအတွင်း အကောင်အထည်ဖော်မည်ဟု နယ်လုံဝန်ကြီးပြော

စစ်ရှောင်များနေရပ်ပြန်ရေး ယခုလအတွင်း အကောင်အထည်ဖော်မည်ဟု နယ်လုံဝန်ကြီးပြော

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များ မိမိနေရပ်သို့ပြန်နိုင်ရေးအတွက် ဆောင်ရွက်စရာရှိသည်များကို ယခု(ဖေဖော်ဝါရီလ)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက DMG သို့ ပြောသည်။

ယခင်အစိုးရလက်ထက်က နေရပ်ပြန်မည့်စစ်ဘေးရှောင်များစာရင်းအား ကောက်ယူပြီးသားရှိခဲ့သော်လည်း လက်ရှိတွင် နောက်ဆုံးအခြေအနေစာရင်းများ ထပ်မံကောက်ယူလျှက်ရှိရာ နေရပ်ပြန်မည့်လူအပေါ်မူတည်၍ ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“သူတို့ပြန်မယ့်နေရာတွေအတွက် မိုင်းရှင်းပေးမယ်၊ ရိက္ခာထောက်ပံ့မယ် အဲ့ဒါတစ်ခုပေါ့။ နောက်ပြီးရင် သူတို့ နေမယ့်အိမ်တွေကိုလည်း ပြင်ပေးမယ့်ဟာတွေကိုတော့လုပ်နေတယ်။ ဘယ်အချိန်လုပ်ပေးမယ်ဆိုတာကတော့ ပြန်မယ့်လူအပေါ်မှာမူတည်တယ်။ အခုပြန်မယ့်လူတွေကလည်း စာရင်းတွေပေးနေကြပြီဆိုတော့ ဒီရက်ထဲမှာပဲ ဖြစ်လာမှာပေ့ါလေ’’ ဟု ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

ယခင်လများတွင် စာရင်းလာကောက်စဉ်က လုံခြုံရေးစိုးရိမ်မှုကြောင့် နေရပ်မပြန်သေးဟု စာရင်းပေးထား ခဲ့သော်လည်း ယခုအချိန်တွင် တပ်မတော်အနေဖြင့် လုံခြုံရေးအတွက်အာမခံချက်ပေးကာ လုပ်ဆောင်ပေးမည် ဆိုပါက နေရပ်ပြန်မည်ဟုမြောက်ဦးမြို့၊ လက်ကောက်ဈေးစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးကျော်မင်းက ပြောသည်။

“အခုတော့စာရင်းထပ်ကောက်တာမရှိသေးဘူး။ အရင်လာကောက်တုန်းကတော့ တစ်ယောက်မှမပြန်ဘူးဆိုပြီး စာရင်းပေးထားတယ်။ ဒါပေမယ့် အခုအချိန်မှာ သူတို့ဖက်ကအာမခံချက်ရှိတယ်၊ လုံခြုံမှုရှိတယ်လို့ စာထုတ်ပြီး အမှန်တကယ်လုပ်လာမယ်ဆိုရင်တော့ ဒီကလူတွေအစည်းအဝေးတွေလုပ်ပြီး ပြန်ချင်လည်းပြန်ကြမှာပေါ့’’ ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ကာ ရခိုင်တွင် နှစ်ဖက်တိုက်ပွဲများရပ်တန့်နေသည့်အတွက် နေရပ်ပြန်သွား ကြသည့် စစ်ဘေးရှောင်များလည်းရှိသလို ကျေးရွာအနီး တပ်မတော်သားများရှိသည့်အတွက် နေရပ်မပြန်ရဲဘဲ ကျန်ရှိနေကြသည့် စစ်ဘေးရှောင်များလည်းရှိနေသည်။

ထို့ကြောင့် စစ်ဘေးရှောင်များနေရပ်ပြန်ရေးအတွက် ဆောင်ရွက်ပေးရာတွင် မိုင်းရှင်းလင်းရေးနှင့် နေအိမ်ပြုပြင် ပေးရေးတို့အပြင် ကျေးရွာအနီးအနား၌ တပ်စွဲနေထိုင်နေကြသည့် တပ်များကိုပါရုပ်သိမ်းပေးရန် စစ်ဘေးရှောင် များက လိုလားနေကြသည်။

“မိုင်းရှင်းပေးမယ်၊ ပျက်စီးသွားတဲ့နေအိမ်တွေပြုပြင်ပေးမယ်။ တပ်မတော်သားတွေလည်းမရှိတော့ဘူး ဆိုရင်တော့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ချင်တဲ့ဆန္ဒကတော့ အကုန်လုံးမှာရှိကြတာပေါ့။ ဒါပေမယ့် ကျနော်တို့ တင်းမရွာသားတွေကတော့ ရွာအနီးကတောင်ရှည်တောင်ပေါ်မှာ တပ်မတော်သားတွေရှိနေသရွှေ့ ပြန်ရဲကြမှာ မဟုတ်ဘူး’’ ဟု ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်တာကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ ၁ သိန်း ၈ သောင်းကျော်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရသိရသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...