ဂွမြို့နယ်ရွေးကော်ဥက္ကဋ္ဌဦးအောင်မြင့်ဆန်းနှင့် အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်ဦးရဲခေါင်ညွန့်တို့ ထပ်မံဖမ်းဆီးခေါ်ဆောင်ခံရ

ဂွမြို့နယ်ရွေးကော်ဥက္ကဋ္ဌဦးအောင်မြင့်ဆန်းနှင့် အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်ဦးရဲခေါင်ညွန့်တို့ ထပ်မံဖမ်းဆီးခေါ်ဆောင်ခံရ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်ဆန်းနှင့် အနိုင်ရ NLD ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်တို့  ယမန်နေ့ ညဉ့်အချိန်က ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရကြောင်း ဦးရဲခေါင်ညွန့်၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၀ ရက်) နေ့ ညဉ့် ၁၀ နာရီကျော်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုကို တပ်မတော်သားများက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သူတို့ နှစ်ဦး ထပ်မံခေါ်ဆောင်ခံရကြောင်း သူမက ပြောကြားသည်။

“ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်ဆန်းနဲ့ ဦးရဲခေါင်ညွန့်တို့ကိုလည်း ခေါ်သွားပါတယ်။ ဦးညီပုနဲ့ တစ်ချိန်တည်းဖမ်းတာတော့ မဟုတ်ဘူး။ ဦးညီပုကို စောစောပိုင်းက ဖမ်းတာ။ စစ်တပ်က ဗိုလ်မှူးတစ်ဦးက မေးစရာလေးရှိလို့ ခဏလောက်လိုက်ခဲ့ပါဆိုပြီးတော့ ခေါ်သွားလို့ လိုက်သွားပါတယ်” ဟု ယင်းအမျိုးသမီးက ပြောသည်။

ဂွမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်ဆန်းအား သူ့၏နေအိမ်မှ ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညဉ့် ၁၂ နာရီကျော်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဦးရဲခေါင်ညွန့်အား ညဉ့် ၁ နာရီကျော်ခန့်က တပ်မတော်သားအချို့က လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သူမက ပြောသည်။

လက်ရှိတွင် ဦးအောင်မြင့်ဆန်းနှင့် ဦးရဲခေါင်ညွန့်တို့ကို ဂွမြို့ရှိ ခမရ (၅၆၂) တွင် ထိန်းသိမ်းထားကြောင်း သိရကြောင်းကို ဂွမြို့မှ ဦးစိုးမင်းအောင်က ပြောသည်။

“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုလည်း ဖမ်းသွားတယ်။ သူတို့ကို ဘယ်နေရာမှာထားလဲဆိုတော့ ခမရ (၅၆၂) တပ်ရင်းမှာ ထားတယ်လို့ သိရပါတယ်။ ဘာကြောင့် ခေါ်သွားတာလဲဆိုတာကိုတော့ ကျွန်တော်တို့ မသိရသေးပါဘူး။ အဆက်သွယ်မရသေးဘူး”  ဟု ပြောသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုအား ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်နေ့က နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံထိန်းသိမ်းထားခဲ့ကာ ယမန်နေ့ ညဉ့် ၁၀ နာရီကျော်က တပ်မတော်သားအချို့က နေအိမ်မှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း  သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...