ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦညီပုထပ်မံဖမ်းဆီးခေါ်ဆောင်ခံရ၊ မိသားစုဝင်များစိုးရိမ်ဟုဆို

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦညီပုထပ်မံဖမ်းဆီးခေါ်ဆောင်ခံရ၊ မိသားစုဝင်များစိုးရိမ်ဟုဆို

ချစ်အိလှိုင် — ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုမှာ ဖေဖော်ဝါရီ ၁ဝ ရက်နေ့ ည ၁၀ နာရီ မိနစ် ၂ဝ ခန့်က ထပ်မံဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် မိသားစုဝင်များက စိုးရိမ်မိကြောင်း နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ဦးညီပု၏ သမီး မကြည်ကြည်ဦးက “ ဘယ်တပ်ကလဲတော့ မသိဘူး။ လာခေါ်တာတော့ တပ်ကလူတွေပါ။ အဘ ပြောစရာလေးရှိတယ်။ ခဏလိုက်ခဲ့ပါဆိုပြီးခေါ်သွားတာပါ။ သူတို့မှာ သုံးလေးယောက်တော့ပါတယ်။ အိမ်ရှေ့မှာလုံခြုံရေးတွေချထားတာနဲ့ဆိုရင် အင်အားက နည်းနည်းတော့များတယ်” ဟုပြောသည်။

သူမအနေဖြင့် ဖခင်ဖြစ်သူ၏ ကျန်းမာရေးအတွက် အလွန်စိုးရိမ်မိကြောင်း ဆက်ပြောသည်။

“စိုးရိမ်တာပေါ့ စိုးရိမ်တာပေါ့ရှင်။ ကျန်းမာရေးအတွက်က အများကြီးစိုးရိမ်တာပေါ့။ ဖေဖေက ကျန်းမာရေးသိပ်ပြီးတော့ အဆင်မပြေဘူးပေါ့။ အဲဒါကြောင့် ပိုပြီးတော့ စိုးရိမ်မိပါတယ်” ဟု သူမဆက်ပြောသည်။

ဝန်ကြီးချုပ်ဦးညီပု၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးစိုးမင်းအောင်ကလည်း ဝန်ကြီးချုပ်အားလာရောက်ခေါ်ဆောင်သွားသည်မှာ ဟုတ်မှန်သော်လည်း မည်သည့် တပ်ကလာရောက်ခေါ်ဆောင်သည်ကို မသိရသေးကြောင်းပြောသည်။

“တပ်ကိုတော့မသိဘူး။ ကျွန်တော်တို့ဆီမှာ ၅၆၂ နဲ့ ၅၆၃ ပဲရှိတာ။ နှစ်တပ်ရှိတာ ဘယ်တပ်က ခေါ်သွားမှန်းမသိသေးတာပါ” ဟုပြောသည်။

ဝန်ကြီးချုပ် ဦးညီပုသည် တပ်မတော်က အာဏာသိမ်းသည့်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၅ နာရီကျော်တွင် ဂွမြို့အခြေစိုက်အမှတ် (၅၆၂)တပ်ရင်း၏ ပထမအကြိမ် ခေါ်ယူထိန်းသိမ်း ဖမ်းဆီး ခေါ်ဆောင် သွားခြင်းခံခဲ့ရသည်။

ယင်းနောက် ဖေဖော်ဝါရီ ၂ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...