စစ်အာဏာသိမ်းမှုကြောင့် သျှမ်းပြည်အပါအဝင် မြန်မာပြည်အနှံ့ ပြည်သူတွေဟာ ယနေ့မှာတော့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ အရှိန်မြင့်တက်လာပါတယ်။
စစ်အာဏာသိမ်းယူမှု ၆ ရက် မြောက်မှာ ရန်ကုန်မြို့ ကြီး၊ နေပြည်တော် နဲ့မန္တလေးတိုင်းတွေမှာရှိတဲ့ ပြည်သူတွေဟာ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင် တဲ့အနေနဲ့ လမ်းပေါ်စထွက်ခဲ့ပါတယ်။
စစ်အာဏာရှင် စနစ်ကို နှစ်ပေါင်းများစွာ ခံခဲ့ရတဲ့ ပြည်သူတွေဟာ စစ်အာဏာရှင်ရဲ့ ဆိုးဒဏ်၊ ဆိုးမွေ ကို ကောင်းမွန်စွာ နားလည် သိရှိတဲ့အတွက် ဖေဖော်ဝါရီ (၇)ရက်နေ့မှာတော့ ပြည်သူလူထုတရပ်လုံးက လမ်းပေါ်ထွက် ၊ စစ်အာဏာရှင် စနစ်ဆိုးကြီးကို ဆန့်ကျင် ဆန္ဒပြကြပါတယ်။
ယနေ့ ဖေဖော်ဝါရီ ၈ ရက် စစ်အာဏာသိမ်းယူတဲ့ ၈ရက်မြောက်နေ့မှာတော့ မြန်မာနိုင်ငံမြို့ကြီးပြကြီးတွေမှာ တင်မဟုတ်တော့ဘဲ သျှမ်းပြည် တဝှမ်းလုံး ကပြည်သူလူထုလည်းဘဲ မိမိဆန္ဒဖြင့် ဒီမိုကရေစီ ပြန်ရရှိရေး အတွက် စစ်အာဏာရှင်တွေကို တိုက်ထုတ်ရန် သန်းနဲ့ချီ သက်ဆိုင်ရာမြို့နယ်အသီးသီးရဲ့ လမ်းမပေါ် ရောက်ရှိလာကြပါတယ်။
မြန်မာပြည်ရဲ့ ပြည်သူတွေ က အာဏာရှင် စနစ် ကို နှစ်ပေါင်း ၇၀ ကျော်ကြာ ကြိတ်မှိတ်ခံစားခဲ့ရပြီး၊ အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ခြယ်မှုဒဏ် ၊ အာဏာရှင် အုပ်စိုးမှုအောက်က အကြောက်တရားတွေနဲ့နေရမယ့်ဒဏ်တွေကို ကြောက်ရွံ့ စက်ဆုတ် နေကြပါပြီ။
စစ်အာဏာရှင် လက်အောက်မှာ အလုပ်မလုပ်လိုတဲ့အတွက် မြန်မာပြည်တဝှမ်း ဌာနပေါင်းစုံက အစိုးရ ဝန်ထမ်းတွေက စစ်အာဏာရှင် ကို ဆန့်ကျင်တဲ့လှုပ်ရှားမှု (Civil Disobedience Movement) ကို ပြုလုပ်ကြပါတယ်။
ဒါ့ကြောင့် မထင်မှတ်ဘဲ ပြည်သူလူထုတရပ်လုံး၊ ခေတ်လူငယ်ထုတရပ်လုံး၊ အစိုးရဝန်ထမ်းတွေပါမကျန် အုံလှိုက်ကျင်းလှိုက်ပါဝင်လာပြီး စစ်အာဏာရှင် စနစ်ကို တော်လှန်ကြပါတယ်။
၃ ရက်တာ အတွင်း ပြည်သူလူထုတရပ်လုံးပါဝင်လာတဲ့ လမ်းမကြီးပေါ်က စည်းကမ်းတကျ ဆန္ဒပြမှုကို မလိုလားတဲ့ စစ်အာဏာရှင် အစိုးရက မြန်မာတနိုင်ငံလုံးကို ယနေ့(ဖေဖော်ဝါရီ ၈)ရက် ည ၈နာရီမှာဘဲ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၄၄) ကို ချက်ခြင်း ထုတ်ပြန်လိုက်ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ လူ(၅)ဦး သို့မဟုတ် (၅)ဦးထက် ပိုပြီး လူမစုရဆိုတဲ့အချက်အပြင် ည(၈)နာရီ အချိန်မှ မနက် (၄)နာရီ အချိန်အတွင်း ညမထွက်ရဆိုတဲ့ အမိန့်ပါရှိပါတယ်။
“ ၁၄၄ ထုတ်တယ်ဆိုတာ စစ်အာဏာရှင်တွေရဲ့ လုပ်ရိုးလုပ်နည်းပါပဲ။ စစ်အာဏာရှင်စနစ်ဆိုးကို ထပ်မသွားချင်တော့ဘူး။ စစ်အာဏာသိမ်းတာ လက်မခံလို့ ကျနော်တို့ ထွက်ပြီးဆန္ဒပြရတာပါ” လို့ မူဆယ်မြို့မှာ စစ်အာဏာရှင် ကျရှုံးရေးအတွက် ဆန္ဒပြရာမှာပါဝင်တဲ့ အသက် ၂၅ နှစ်အရွယ် စိုင်းခေး က ပြောပါတယ်။
လက်ရှိ ဖြစ်နေတဲ့ပြဿနာ ဟာ မြန်မာပြည်အတွင်းနေထိုင်တဲ့လူမျိုးအားလုံးနဲ့သက်ဆိုင်ကြောင်း၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲနဲ့ လာရောက်ပြီး ဆန္ဒပြတာမဟုတ်ကြောင်း၊ အာဏာရှင်စနစ်ကို လက်မခံသင့်ကြောင်းလည်း စိုင်းခေး က ဆိုပါတယ်။
ဒါ့ကြောင့် ယနေ့(ဖေဖော်ဝါရီ ၈)ရက် မှာ ပါတီအစွဲ၊ ပုဂ္ဂိုလ်အစွဲမရှိဘဲ စစ်အာဏာရှင် ကို အနက်ရောင် ဝတ်စုံနဲ့ မြန်မာပြည်တဝှမ်းလုံး ရှိပြည်သူက ဆန္ဒထုတ်ဖော်လိုက်ပါတယ်။
“ဒီနေ့ ကတော့ ကျနော်တို့ပြည်သူတွေ ဘာကို ဖြစ်ချင်တယ်ဆိုတာ စစ်အာဏာရှင်ကလူတွေသိသင့်ပါတယ်။ ကျနော်တို့က ပါတီ အစွဲမဟုတ်ပါဘူး။ စစ်အာဏာရှင်ကိုလုံးဝမလိုချင်လို့အရင်လိုမဖြစ်ချင်လို့ ထွက်ခဲ့ကြတာပါ” လို့ လူထုသောင်းချီတဲ့ တောင်ကြီးမြို့ ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်တဲ့ အသက် ၃၀ကျော် အမျိုးသား တဦးက ပြောပါတယ်။
သျှမ်းပြည် အပါအဝင် မြန်မာပြည်တဝှမ်း ရှိပြည်သူတွေဟာ လာမယ့်ရက်တွေမှာလည်း စစ်အာဏာရှင်ကို ဆက်လက်ပြီး ဆန့်ကျင် ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ထားကြပါတယ်။
ပြည်သူ တချို့က ပုဒ်မ ၁၄၄ အတွက် စိုးရိမ်နေသူတွေရှိနေသလို စစ်အာဏာရှင် အစိုးရထုတ်ပြန်တာဖြစ်တဲ့အတွက် လက်မခံဘဲ ဆက်လက်ပြီး ဆန္ဒပြသွားမယ် ဆိုတဲ့သူတွေလည်းရှိနေတယ်လို့သိရပါတယ်။







