အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။

၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း အင်းလေးဒေသခံများက ပြောသည်။

ထိုသို့ ကျွန်းမျောဆယ်ယူပြီး စိုက်ပျိုးရေးလုပ်ကိုင်နေသည့် ဒေသခံအချို့ကို ပြီးခဲ့သည့် မေလ ပထမပတ်တွင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ပြီး ယနေ့အထိ အဆက်အသွယ် မရသေးကြောင်းကို အင်းလေး ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကျွန်းမျောက ကိုယ်ပိုင်တဲ့ဟာပဲ၊ ကိုယ်စိုက်လို့ရတာ။ တခြားနေရာက သွားဆယ်ယူလို့ မရဘူး။ အင်းတောင်ပိုင်းက ရွာသားနှစ်ဦး ကျွန်းမျောသွားဆယ်တာကို ရဲတွေက လာခေါ်သွားတယ်။ နောက်တစ်ဦးဆို ကျွန်းမျောကနေ ပါလာတဲ့ ပိန်းရိုးလေး သွားခူးတာကိုလည်း လာဖမ်းသွားတယ်” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသော ဒေသခံ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်မှုထမ်းရန် ရှေ့တန်းသို့ ပို့ဆောင်လိုက်သည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ကျွန်းမျောများသည် ရေတက်ချိန်နှင့် လေပြင်းတိုက်ခတ်၍ လှိုင်းကြီးချိန်များတွင် ရွေ့လျားတတ်သဖြင့် စိုက်ခင်းများ ပျက်စီးကာ ဒေသခံများ၏ အရင်းအနှီးများ ဆုံးရှုံးနေရကြောင်း သိရသည်။

“ကျွန်းမျောတွေက သူ့ဟာသူ ရွေ့နေတော့ စိုက်ခင်းဘက် ရောက်လာရင် အပင်တွေကို ဖုံးအုပ်သွားလို့ သေကုန်တယ်၊ ပျက်စီးကုန်တယ်။ ဆယ်မယ်ဆိုလည်း ဆယ်ယူလို့ အဆင်မပြေဘူး။ ဒေသခံတွေက ဒီကျွန်းမျောကိုပဲ မှီခိုပြီး စိုက်ပျိုးနေရတာ။ စိုက်ခင်းတွေ ပျက်တော့ အရင်းတောင် ပြန်မရဘူး။ အခုလို ဖမ်းဆီးနေတော့ အဆင်မပြေဘူး” ဟု အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အင်းလေးဒေသတွင် ဆန်စပါး၊ ခရမ်းသီး၊ သခွားသီးနှင့် ခရမ်းချဉ်သီးတို့ကို အဓိကစိုက်ပျိုးကြပြီး အင်းလေးမြေနိမ့်ပိုင်းဒေသများတွင် ရေတက်လာမှုကြောင့် စိုက်ခင်းများ နစ်မြုပ်ပျက်စီးကာ ဒေသခံများ အရှုံးပေါ်နေကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် အင်းလေးဒေသ၌ ဝက်မွေးမြူသူများသည် ဝက်များ ရောဂါဖြင့် သေဆုံးကုန်သဖြင့် မွေးမြူရေးသမားများ အရှုံးပေါ်နေရပြီး ဝက်ဝယ်ယူသူများပင် မရှိတော့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း အင်းလေးတောင်ပိုင်းရှိ ရွာသားတစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးသွားပြီး စစ်မှုထမ်းရန် ရှေ့တန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...