အာဏာသိမ်းမှုကြောင့် နိုင်ငံတကာအကူအညီများ ရပ်တန့်သွားမည်ကို ရခိုင်က စစ်ဘေးရှောင်များ စိုးရိမ်

အာဏာသိမ်းမှုကြောင့် နိုင်ငံတကာအကူအညီများ ရပ်တန့်သွားမည်ကို ရခိုင်က စစ်ဘေးရှောင်များ စိုးရိမ်

တပ်မတော်မှအာဏာသိမ်းပြီးနောက် နိုင်ငံတကာမှကူညီထောက်ပံ့ပေးမှုများ ရပ်တန့်သွားမည်ကို ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များက စိုးရိမ်မှုရှိနေကြသည်။

စစ်ဘေးရှောင်ဦးရေ တစ်ထောင်ကျော်ခိုလှုံနေသည့် စစ်တွေမြို့ ဝိဘဇ္ဇဝါဒီဘုန်းတော်ကျောင်း စစ်ဘေးရှောင် စခန်း (၁)နှင့်(၂)တို့တွင် လက်ရှိစားသောက်ရေးအတွက် ထောက်ပံ့ကူညီမှုများမရရှိဘဲ အခက်အခဲ ဖြစ်နေ သည်ဟု စခန်းတာဝန်ခံ ဦးမောင်တင်ဦးက ဆိုသည်။

“ကမ္ဘာစားနပ်ရိက္ခာအဖွဲ့(WFP)ကတော့ လစဉ်ငွေတွေပေးတာရှိတယ်။ ဒါပေမယ့် ဒီလမှာတော့မရသေးဘူး။ အခုက စစ်အာဏာသိမ်းလိုက်တယ်ဆိုတော့ အဲဒီအဖွဲ့အစည်းတွေက ကူညီပေးနေတာတွေ ရပ်စဲသွားမှာကို စိုးရိမ်နေရတယ်” ဟု ဦးမောင်တင်ဦးက ပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်း၌ စားနပ်ရိက္ခာမပြတ်လပ်စေရန် ထောက်ပံ့ကူညီမှုများလိုအပ်နေကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များမှာ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူကယ်ပြန်ဝန်ကြီးဌာနနှင့် လူမှု အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုများဖြင့် ရပ်တည်နေကြရခြင်းဖြစ်သည်။

“တပ်မတော်က အာဏာသိမ်းထားတယ်ဆိုတော့ လက်ရှိအလှူပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်ဖြစ်၊ ပြည်တွင်းအဖွဲ့အစည်းတွေဖြစ်ဖြစ် ထောက်ပံ့မပေးနိုင်မှာကို စိုးရိမ်နေရတယ်။ ကျနော်တို့လည်း စစ်ဘေးရှောင် စခန်းမှာ အခက်အခဲတွေပေါင်းစုံနဲ့ နေထိုင်နေရတာဆိုတော့ စိုးရိမ်မှုတွေက အများကြီးဖြစ်တယ်” ဟု စစ်တွေမြို့ ဥဿလင်းဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် ဦးရွှေကျော်ဝင်းက ပြောသည်။

လက်ရှိအချိန်တွင် ဥဿလင်းစစ်ဘေးရှောင်စခန်း၌ စားနပ်ရိက္ခာများမှာ ပြတ်လုနီးပါးရှိနေပြီဖြစ်၍ လက်ရှိစစ်အစိုးရထံမှလည်း စားနပ်ရိက္ခာများ လုံလောက်မှုရရှိအောင် ထောက်ပံ့ပေးစေချင်သည်ဟု ဦးရွှေကျော်ဝင်းက ပြောသည်။

နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့မှုများကို လျှော့ချလိုက်မည်ဆိုပါက စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့မှုများ နည်းသွားနိုင်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ ကိုဇော်ဇော်ထွန်းက သုံးသပ်သည်။

“စစ်အစိုးရကနေပြီး အရပ်ဖက်အဖွဲ့အစည်းတွေကို ဘယ်လောက်ထိ အခွင့်အလမ်းတွေပေးထားမလဲ အပေါ်မှာ မူတည်တယ်။ လက်ရှိအချိန်မှာ စစ်အစိုးရက ဘာမှလည်းမပြောသေးဘူးဆိုတော့ လုပ်လို့ကိုင်လို့တော့ ရနေတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင်တပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲများရပ်တန့်နေသည်မှာ ၃ လကျော် ကြာမြင့်လာခဲ့ပြီး စစ်ဘေးရှောင်အချို့မှာ နေရပ်ပြန်မှုများရှိနေသည်။

သို့သော် မိုင်းနှင့်စစ်ကျန်လက်နက်များ အန္တရာယ်ကို စိုးရိမ်မှုအပါအဝင် အခြားသောစိုးရိမ်မှုများကြောင့် စစ်ဘေးရှောင်အများစုမှာ နေရပ်သို့မပြန်နိုင်သေးဘဲ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့အထိ REC ၏ စာရင်းအရ စစ်ဘေးရှောင်ဦးရေ တစ်သိန်းရှစ်သောင်းကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...