နယ်မြေငြိမ်းချမ်းနေပြီဖြစ်သဖြင့် ကျောက်တော်- ပလက်ဝ ကုလားတန်မြစ်ရေလမ်းကြောင်းကို ပြန်ဖွင့်ပေးရန် ဒေသခံများတောင်းဆို

နယ်မြေငြိမ်းချမ်းနေပြီဖြစ်သဖြင့် ကျောက်တော်- ပလက်ဝ ကုလားတန်မြစ်ရေလမ်းကြောင်းကို ပြန်ဖွင့်ပေးရန် ဒေသခံများတောင်းဆို

အိမ်စိုးဖြူ - ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့အကြား အရေးပါသော ကုန်သွယ်မူ လမ်းကြောင်းဖြစ်သည့် ကုလားတန်မြစ် ရေလမ်းကြောင်းကို ပြန်ဖွင့်ပေးရန် ဒေသခံများက တောင်းဆို နေကြသည်။

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မှ ကျောက်တော်မြို့ အကြား အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် ကုလားတန်မြစ်ကြောင်းကို ပိတ်ထားခဲ့သည်မှာ တစ်နှစ်ကျော် ကြာလာပြီဖြစ်ကြောင်း၊ လက်ရှိ တိုက်ပွဲများရပ်ထားပြီး ငြိမ်းချမ်းနေသည့် အချိန်ဖြစ်သဖြင့်  အဆိုပါလမ်းကို လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ရချင်ကြောင်း ပလက်ဝမြို့တွင် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူ ကိုတင်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“အခုအဲဒီဘက်တွေကို တိုးတိုးတိတ်တိတ်နဲ့ မကြောက်မရွံ့ သတ္တိရှိတဲ့လူတချို့တော့ သွားနေကြတယ်။ စစ်လည်း မစစ်ဆေး၊ ပစ်ခတ်မှုတွေမရှိဘူးလို့တော့သိရတယ်။ တရားဝင်သွားခွင့်မပေးသေးတော့ ရဟန်းတော်တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေအပါအဝင် အများစု ပြည်သူတွေက မသွားဝံ့ကြသေးဘူး။ စက်လှေတွေလည်း မသွားရသေးဘူး။ စားနပ်ရိက္ခာတွေကို ပုံမှန်စျေးနှုန်းတွေနဲ့ဝယ်စားချင်ပြီ။ လမ်းကို ပြန်ဖွင့်ပေးစေချင်တာပေါ့” ဟုပြောသည်။

ကုလားတန်မြစ်ကြောင်းကို ပိတ်ထားခဲ့သည်မှာ ၁ နှစ်ကျော်ကြာမြင့်လာခဲ့ပြီ ဖြစ်ရာ ကုန်ပစ္စည်းများ၊ အိမ်သုံးဆေးများကိုလည်း လက်ရှိအချိန်ထိ အဆမတန်သည့် စျေးနှုန်းများဖြင့် ဝယ်ယူစားသောက်နေရကြောင်း သူကဆိုသည်။

“ ဆန်တစ်အိတ်ကို ငါးသောင်းပေးပြီး ဝယ်စားခဲ့ရတယ်။ ဆန်ကြမ်းကိုနော်။ လုံးဝမကောင်းတဲ့ဆန်စျေးအဲဒါ။ အခုတော့ သုံးသောင်းလောက် ပေးဝယ်ရတယ်။ အခု စျေးနည်းနည်းကျလာတာပေါ့” ဟုပြောသည်။

ပလက်ဝမြို့နှင့် ကျောက်တော်မြို့ကိုပြေးဆွဲနေသည့် စက်လှေ ကူးတို့ပိုင်ရှင် ဦးချစ်မောင်က ၄င်းတို့ ကူးတို့ စက်လှေများအား ပြန်လည်ပြေးဆွဲခွင့်ပြုပါက ကုန်စည်းနှုန်းမှန်မှန်ဖြင့် ဝယ်ယူစားသောက်နိုင်မည်ဖြစ်ပြီး  အရေးပေါ် ဆေးကုသမှုလိုသူများကိုလည်း  မြန်ဆန်စွာပို့ဆောင်နိုင်မည်ဟု ပြောသည်။

“ သေနတ်နဲ့ ပစ်လို့ မသွားရဲလို့ မသွားကြတာ။ ဒီလမ်းကို ပိတ်တယ်လို့ စာထုတ်ထားတာမဟုတ်ပေမယ့်လေ။ လွန်ခဲ့တဲ့ နှစ်စပိုင်းလောက်က ကျွန်တော် စက်လှေပေါ်မှာပါလာတဲ့ ခရီးသည်တွေကို သေနတ်ကျည် ထိမှန်ခဲ့တာ ရှိတယ်။ ဒဏ်ရာရ သေဆုံးတာတွေရှိခဲ့တယ်။ အဲဒီနေ့တည်းက စက်လှေမထွက်တာ တစ်နှစ်ရှိခဲ့ပြီ။ စက်လှေတွေ မထွက်ရတော့ ကုန်စျေးနှုန်းတွေ အဆမတန်တက်သွားတယ်။ အရေးပေါ်ဆေးကုသမယ့် လူနာတွေကို ကျောက်တော်ကို မပို့နိုင်ဘူးပေါ့။ မသေသင့်ဘဲ သေရတယ်။ ကုန်စည်နှုန်းတွေလည်း မတန်တဆနဲ့ ဝယ်စားရတယ်” ဟုပြောသည်။

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA ) တို့နှစ်ဖက်တိုက်ပွဲကြောင့် ကျောက်တော်နှင့် ပလက်ဝသို့ အဓိက သွားလာသည့်ကုန်လမ်း၊ ရေလမ်းများအား ပိတ်ထားခဲ့ရပြီး ငြိမ်းချမ်းရေးယူထားသည့် ကာလတွင် ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဒေသခံများနှင့် ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာတို့ကလည်း လွန်ခဲ့သည့် ၂ဝ၂ဝပြည့်နှစ် ဒီဇင်ဘာလအတွင်းက ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မ(၁၁)တို့အား တင်ပြ တောင်းဆိုခဲ့ကြောင်း သိရသည်။

သို့ရာတွင် ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ထိ တရားဝင် သွားလာခွင့် မရရှိသေးသဖြင့် အစိုးရမှ တရားဝင်ပြန်ဖွင့်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်ကြောင်း ၄င်းတို့၏ ပြောပြချက်အရသိရသည်။

July 11, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု၏ မှားယွင်းစွပ်စွဲမှုဖြင့်...
July 10, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့...
July 9, 2026
အာရက္ခတပ်တော် (AA) ကို အကြောင်းပြကာ ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့၌ စစ်တပ်က ဟိုတယ်နှင့်...
July 8, 2026
ရခိုင်ပြည်၊ ဂွမြို့အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းနှင့် ရေကြောင်းတို့မှ...