သွေးတိုး၊ ဆီးချိုရောဂါ လတ်တလောခံစားနေရသူများ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် မသင့်

သွေးတိုး၊ ဆီးချိုရောဂါ လတ်တလောခံစားနေရသူများ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် မသင့်

ကျော်သူဌေး — ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် သွေးတိုး၊ ဆီးချို ရောဂါအခံရှိသူများ ထိုးနှံနိုင်သော်လည်း လတ်တလော ရောဂါလက္ခဏာ ခံစားနေရသူများအနေဖြင့် ကာကွယ်ဆေးထိုးနှံရန် မသင့်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ရှိသောသူများ ကာကွယ်ဆေးထိုးနိုင်သော်လည်း လတ်တလော ရောဂါဝေဒနာ ခံစားနေရပါက ကာကွယ်ဆေးထိုးနှံရန် မသင့်သလို သွေးပေါင်ချိန် ၁၄၀၊ ၉၀ ထက် ကျော်သွားသူများလည်း ဆရာဝန်များနှင့်ပြပြီးမှ ကာကွယ်ဆေး ထိုးနှံသင့်သည်ဟု ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ရှိတဲ့သူတွေလည်း ထိုးလို့ရတယ်။ ဒါပေမယ့် လောလောဆယ်မှာ ရောဂါလက္ခဏာခံစားနေရသူတွေက ထိုးလို့မရဘူး။ သွေးပေါင်ချိန်ဆိုလဲ ၁၄၀၊ ၉၀ ထက်ကျော်နေရင်တော့ သမားတော်တို့ ဆရာဝန်နဲ့ပြပြီးတော့မှ ထိုးသင့်တယ်။ ဆီးချို၊ သွေးတိုး ဆိုရင်လည်း များနေတဲ့သူတွေဆို ထိုးလို့မရဘူး”ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ကာကွယ်ဆေးထိုးနှံရန် လာသည့်သူများအား ကိုယ်ရေးအချက်အလက် ဖောင်ဖြည့်သွင်းရပြီး၊ အဆင့်ဆင့် သွေးပေါင်ချိန်တိုင်းတာမှုများ ပြုလုပ်ပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်သည်။

ယင်းအပြင် ကာကွယ်ဆေးထိုးနှံရန် အပူတပြင်းလာသည့် သူများအား မိနစ် ၃၀ ခန့်ကြာနားခိုင်းထားပြီး၊ သွေးပေါင်ချိန် ပုံမှန်ဖြစ်ပါမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်သည်ဟု စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောသည်။

“သွေးပေါင်ချိန်က ၁၄၀၊ ၉၀ နဲ့ အောက်ပဲ ထိုးတယ်။ ၁၄၀၊ ၉၀ ထက်ကျော်လို့ရှိရင် ခဏနားခိုင်းတာပေါ့။ နားခိုင်းတော့ ဆေးတွေဘာတွေ တိုက်ပြီးတော့ ပုံမှန်ဖြစ်မှ ပြန်ထိုးတာပေါ့နော်။ ၁၄၀၊ ၉၀ ကျော်သွားရင် သွေးတိုးတာပေါ့။ ဆေးထိုးဖို့လာတဲ့အခါ တန်းစီပြီးတော့ ခုံတွေမှာ အနားယူရတာပေါ့။ တက်လာချင်း ကောက်ထိုးတာမဟုတ်ဘူး” ဟု ဒေါက်တာဇော်လွင်က ပြောသည်။

ကာကွယ်ဆေးထိုးပြီးသည့် ကျန်းမာရေးဝန်ထမ်းများမှာ အန္တရာယ်ဖြစ်သည့် ရောဂါလက္ခဏာတစ်စုံတစ်ရာ မတွေ့ရသော်လည်း ကာကွယ်ဆေးထိုးမှုအပေါ် စိုးရိမ်နေသည်ဟု စစ်တွေမြို့ခံ ဦးဦးလှဝင်းကပြောသည်။

“ကာကွယ်ဆေးက ဘယ်လိုမှန်းမသိသေးလို့ စိတ်ဝင်စားမှု မရှိသေးဘူး။ ထိုးထားတဲ့ သူတွေကတော့ ပြောကြတယ်။ အန္တရာယ်မရှိ ထိုးလို့ရတယ်ဆိုပြီးတော့ ပြောထားတဲ့အတွက် ထိုးချင်စိတ်တော့ရှိတယ်။ ဒါပေမယ့် ရောဂါအခံရှိတဲ့သူတွေ ထိုးမိလို့ရှိရင် အန္တရာယ်ဖြစ်မှာကို စိုးရိမ်တယ်” ဟု ပြောသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့က စစ်တွေဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေးထိုးပေးရာတွင် သူနာပြုဆရာမတစ်ဦးမှာ ကာကွယ်ဆေးထိုးပြီးပြီးချင်း ရင်တုန်ခြင်း၊ ချမ်းခြင်းလက္ခဏာများ ဖြစ်ပေါ်ခဲ့ပြီး၊ ၁၀ မိနစ်လောက် အနားယူပြီး ပြန်လည်သက်သာသွားသည်ဟု ဒေါက်တာဇော်လွင်ကပြောသည်။

ရခိုင်ပြည်နယ်ရှိ ကျန်းမာရေးဝန်ထမ်း ၄၄၀၀ ကျော်ကို မြို့နယ်ကျန်းမာရေးဆေးရုံများတွင် ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ပြီး၊ တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအား မြို့နယ်ဆေးရုံတွင် ထိုးနှံရန် ညွှန်ကြားထားသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ပထမဦးစားပေးအနေဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို စတင်ထိုးနှံပေးမှာဖြစ်ပြီး၊ ဇန်နဝါရီလ ၂၉ ရက်နေ့မှ စတင်ကာ လွှတ်တော်ကိုယ်စားလှယ်များအား ထိုးပေးမှာဖြစ်သလို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် နိုင်ငံတစ်ဝန်းမှ ပြည်သူများနှင့် ပြည်ထောင်စုအဆင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များအား ထိုးပေးသွားမည်ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အသက် ၁၈ နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် နို့တိုက်မိခင်များ ကာကွယ်ဆေးထိုးပေးမည့်စာရင်းတွင် မပါဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...