အမျိုးသားမြေဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်ရပ်ဆိုင်းထားရန် အစိုးရသစ်ကို တိုင်းရင်းသားအဖွဲ့ (၁၆) ခုက တောင်းဆို

အမျိုးသားမြေဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်ရပ်ဆိုင်းထားရန် အစိုးရသစ်ကို တိုင်းရင်းသားအဖွဲ့ (၁၆) ခုက တောင်းဆို

ဉာဏ်ဟိန်း — တိုင်းရင်းသားလယ်သမားများမှ ရွေးကောက်ထားသော အစိုးရသစ်အား အမျိုးသားမြေဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်ရပ်ဆိုင်းထားရန် တိုင်းရင်းသားတောင်သူအဖွဲ့များနှင့် လူမှုအဖွဲ့အစည်း (၁၆) ဖွဲ့မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ချက်ထုတ်ပြီး တိုက်တွန်းတောင်းဆိုလိုက်သည်။  

အစိုးရက ပြင်ဆင်ရေးဆွဲနေသည့် ဥပဒေသစ်မှာ ဖယ်ဒရယ်စနစ်ကို အခြေခံမထားသည့်အတွက် တိုက်တွန်းရခြင်းဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများလူထုဖွံ့ဖြိုးရေးဆုံရပ်မှ အတွင်းရေးမှူး စိုင်းခေးဆိုင်က DMG သို့ ပြောသည်။

“အစိုးရအနေနဲ့ အမျိုးသားမြေဥပဒေကို ပြင်ဆင်တဲ့အခါ ဖယ်ဒရယ်မူဝါဒစနစ်ကို အခြေမခံဘဲ ဟိုအရင်တုန်းက မြေအသုံးချမူဝါဒအဟောင်းကိုပဲ အခြေခံပြီးတော့ ပြင်ဆင်ရေးသားသွားမယ်လို့ ထုတ်ပြန်တယ်။ ဆိုတော့ ဒါက ကျနော်တို့ ဒီလက်ရှိမြေပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

၂၀၁၅ - ၂၀၂၀ အစိုးရက အမျိုးသားမြေဥပဒေအသစ် ရေးဆွဲရေးလုပ်ငန်းအစီအစဉ် စာတမ်းအား ရွေးကောက်ပွဲမတိုင်မီ ထုတ်ပြန်ကြေငြာခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံနေရာတော်တော်များများတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲရေးဥပဒေနှင့် လယ်ယာမြေဥပဒေကြောင့် လယ်လုပ်သူလယ်သမားများ၊ ပြည်သူလူထုနှင့် ရပ်ရွာလူထုအစုအဖွဲ့များမှာ ယနေ့ထက်တိုင် မြေယာဿနာကြုံနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖက်ဒရယ်တိုင်းရင်းသားလယ်သမားကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်လတ်က “လူထုလယ်သမားတွေကို ကိုးလိုးကန့်လန့် ဒုက္ခဖြစ်စေတဲ့ ဟိုမရောက်ဒီမရောက် မြေဥပဒေအဟောင်းတွေ ပုံစံမကျသေးသလို နောက်ထပ်အခြား ပုံစံအသစ်တမျိုးနဲ့ ဗဟိုမှဆင်းသက်တဲ့ မြေယာဥပဒေအသစ် ထပ်မံရေးဆွဲဖို့ ပူးပေါင်းကြံစည်နေတာဟာ တိုင်းရင်းသားတို့ တောင်းဆိုနေတဲ့ ဖက်ဒရယ်စနစ်ကို မထီမဲ့မြင်ပြုတဲ့အပြင် လူထုတွေရဲ့အနာထဲကို ဆားနဲ့ပွတ်ထည့်နေတယ်။ ဒါဟာ ပဋိပက္ခကို လောင်စာထပ်ဖြည့်နေသလို ဖြစ်နေတယ်” ဟု ပြောသည်။

လက်ရှိအခြေအနေတွင်လည်း ရပ်ရွာလူထုများ နေရပ်ပြောင်းရွေ့နေရဆဲဖြစ်သကဲ့သို့ မြေယာသိမ်းဆည်းခြင်းများလည်း ခံနေရဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲရေးဥပဒေနှင့် လယ်ယာမြေဥပဒေကြောင့် လယ်လုပ်သူလယ်သမားများ ထောင်ဒဏ်၊ ငွေဒဏ် စသည့် ပြစ်ဒဏ်အမျိုးမျိုးလည်း ခံနေရသည်သာမက မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေသက်ရောက်သည့် မြေအကျယ်အဝန်းမှာ ခန့်မှန်းခြေ ဧက သန်းပေါင်း (၅၀) သန်းဧက ဖြစ်ပြီး မြန်မာနိုင်ငံ၏ မြေဧက သုံးပုံတစ်ပုံခန့်ရှိသည်။

“ဖက်ဒရယ်စနစ်တည်ဆောက်ဖို့ NLD နဲ့ အခြားပါတီတွေ၊ လူ့အဖွဲ့အစည်းတွေ၊ လယ်သမားတွေစတဲ့ အဖက်ဖက်က တိုက်တွန်းပြောဆိုနေတဲ့ ကာလမှာ လက်ရှိ လူထုတင်မြောက်ထားတဲ့ အစိုးရအသစ်က တိုင်းရင်းသားပြည်သူလူထုများနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ အခွင့်အလမ်းဖြစ်တဲ့အပြင် တိုင်းရင်းသားပြည်သူလူထုတွေရဲ့ ရိုးရာမြေယာများအပေါ် ထိခိုက်စေတဲ့ ရင်းနှီးမြှူပ်နှံမှုများ ရပ်တန့်သင့်ပါပြီ။ ဗဟိုချုပ်ကိုင်တဲ့ စနစ်လည်း လျှော့ချရမယ်၊ ပြီးတော့ အဘက်ဘက်ပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်သင့်ပါတယ်” ဟု ဖက်ဒရယ်တိုင်းရင်းသားလယ်သမားကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ နိုင်စဝေါမွန်က ပြောသည်။

လက်ရှိပြင်ဆင်ရေးဆွဲနေသော မြေဥပဒေသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေယူနစ်အတွင်း ဖြစ်နေသည့်အပြင် ဗဟိုချုပ်ကိုင်မှုကို အစပြုနေသောကြောင့် မြန်မာနိုင်ငံတိုင်းရင်းသားများအားလုံးအတွက် သဟဇတမဖြစ်သကဲ့သို့ ဖက်ဒရယ်စနစ်တည်ဆောက်ရေးနှင့် ရိုးရာဓလေ့မြေယာစီမံခန့်ခွဲခြင်းကိုလည်း လစ်လျူရှုထားသဖြင့် တိုင်းရင်းသားလယ်သမားများကွန်ယက်နှင့် တိုင်းရင်းသားလူထုဖွံ့ဖြိုးရေးအဖွဲ့များ မဟာမိတ်နှစ်ခုမှ လက်ရှိရွေးကောက်ထားသော အစိုးရအသစ်အား ဤအမျိုးသားမြေယာဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ်ကို ဆိုင်းငံ့ထားရန် တိုက်တွန်းထားခြင်းဖြစ်သည်။

တိုက်တွန်းတောင်းဆိုထားသည့်အဖွဲ့များမှာ - ဖက်ဒရယ်တိုင်းရင်းသားလယ်သမားများကွန်ယက်၊ မာရာဂျာ Mungchying. Rawt Jat“MRJ” ၊ ချင်းတောင်သူများကွန်ယက်၊ ကရင်နီပြည်တောင်သူလယ်သမားများသမဂ္ဂ၊ ကရင်လယ်သမားများကွန်ယက်၊ မွန်ဒေသ မြေမူဝါဒရေးရာကော်မတီ၊ ကျောက်ဖြူဒေသရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့၊ ရှမ်းပြည်နယ်တောင်သူလယ် သမားများကွန်ယက်၊ တိုင်းရင်းသားလူမျိုးများလူထုဖွံ့ဖြိုးရေးဆုံရပ်၊ ကချင်လူထုဖွံ့ဖြိုးမှုဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့၊ ကရင်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးရုံး၊ ကရင်နီလူမှုဖူလုံရေးနှင့်ဖွံ့ဖြိုးရေးပင်မ၊ ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်၊ မွန်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးကော်မတီ၊ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားများနှင့်လူငယ်များကွန်ကရက်နှင့် ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့တို့ဖြစ်သည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...