ဖက်ဒရယ်နှင့် မကိုက်ညီသေးသည့် မြေယာ ဥပဒေ ပြင်ဆင်ရေးဆွဲမှုကို ရပ်ဆိုင်းထားရန် အရပ်ဖက်အဖွဲ့များတောင်းဆို

ဖက်ဒရယ်နှင့် မကိုက်ညီသေးသည့် မြေယာ ဥပဒေ ပြင်ဆင်ရေးဆွဲမှုကို ရပ်ဆိုင်းထားရန် အရပ်ဖက်အဖွဲ့များတောင်းဆို

ဖက်ဒရယ် စနစ်တည်ဆောက်ရေးနှင့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့ မြေယာ စီမံခန့်ခွဲမှုများကို လျစ်လျူ ရှုှုထားသည့် အစိုးရမှ လက်ရှိ ပြင်ဆင်ရေးဆွဲနေသော အမျိုးသား မြေဥပဒေကို ဆိုင်းငံ့ထားပေးရန် အရပ် ဖက် အဖွဲ့အစည်းများက တိုက်တွန်းတောင်းဆို လိုက်သည်။

ဖက်ဒရယ် တိုင်းရင်းသား လယ်သမားကွန်ရက်နှင့် တိုင်းရင်းသား လူ မျိုးများ လူထုဖွံ့ဖြိုးရေးဆုံရပ်တို့ အပါအဝင် အရပ်ဖက်အဖွဲ့အစည်း ၁၆ ဖွဲ့က လက်ရှိ ရေးဆွဲရန် ပြင်ဆင် လုပ် ဆောင်နေသည့် အမျိုးသား မြေဥပဒေကို အစိုးရသစ်မှ ဆိုင်းငံ့ထားပေးရန် ဇန္နဝါရီလ ၂၇ ရက်နေ့ (ယမန်နေ့) က ထုတ်ပြန် တောင်းဆို လိုက်ခြင်း ဖြစ်သည်။

တိုင်းရင်းသား လူမျိုးများ လူထု ဖွံ့ဖြိုးရေးဆုံရပ် အတွင်းရေးမှူး စိုင်းခေးဆိုင်က ဆိုင်းငံ့ထားရန် တောင်းဆိုရခြင်း အကြောင်းရင်းကို ရှင်းပြသည်။

“ဘာဖြစ်လဲဆိုတော့ အဲဒီလုပ်မယ့် လုပ်ငန်းစဉ်ထဲတွေမှာလေ တစ်ခုနဲ့ တစ်ခုက သူက ရှင်းရှင်းလင်းလင်း မရှိသေးတဲ့ အတွက်ကြောင့် အရင်တုန်းက ကျနော်တို့ ပို့ထားတဲ့ ဥပမာ စာတမ်းတွေ ထွက်ထားတဲ့ စာတမ်းတွေရော နောက်ပြီးတော့ ငြိမ်းချမ်းရေးကာလမှာ ၂၁ ပင်လုံမှာ ရှိနေတဲ့ မြေနဲ့သက်ဆိုင်တဲ့ စာတမ်းတွေ နောက် ရိုးရာ ဓလေ့ထုံး တမ်းက အကြံပြုချက်တွေပေါ့နော အဲဒါတွေကိုလည်းသူက လျစ်လျူရှုထားတာကြောင့်မို့လို့ ကျနော်တို့ အဲဒီလုပ်ငန်းစဉ်ကို ကျနော်တို့ ဆက်မလုပ်ဖို့ပေါ့နော အဲဒါ ရပ်ဆိုင်းပေါ့။" ဟု ပြောသည်။

"တကယ်လို့ လုပ်မယ်ဆိုလို့ရှိရင် တော့ အားလုံး ပါဝင်တဲ့ နောက်ပြီးတော့ ဖက်ဒရယ်ကို ဦးတည်တဲ့ ပေါ်လစီဖြစ်ဖို့ ပိုပြီးတော့ ဦးတည်သွား မယ်ဆိုလို့ရှိရင်တော့ ကောင်းတယ်ပေါ့နော။ ဒါကြောင့် အဲလိုမျိုး ရည်ရွယ်ပြီးတော့ ကျနော်တို့ ဆက်လုပ် မယ့် လုပ်ငန်းစဉ်က အစိုးရ အဓိက ရပ်ဆိုင်းထားဖို့ ကျနော်တို့ တောင်းဆိုခြင်း ဖြစ်တယ်ခင်ဗျာ” ဟု စိုင်းခေးဆိုင်က ဆက်ပြောသည်။

အစိုးရမှ ပြင်ဆင်ရေးဆွဲရန် လုပ်ဆောင်နေသည့် အမျိုးသား မြေဥပဒေသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေးထားချက်များနှင့် ၂၀၁၆ အမျိုးသား မြေအသုံးချမှု မူဝါဒကို အခြေခံထားသည့်အတွက် ဆိုင်းငံ့ထား ရန် တောင်းဆိုခြင်းဖြစ်သည် ဟု မွန်ဒေသ မြေမူဝါဒရေးရာ ကော်မတီ ညှိနှိုင်းရေးမှူး နိုင်စဝေါမွန် က ဆက် ပြောသည်။

၎င်းက “အဓိကက တောင်းဆိုချင်တာက လက်ရှိက အစိုးရ အမျိုးသားမြေ ဥပဒေဆိုတဲ့ဟာကို ရေးဆွဲဖို့ ကြိုးစားနေ ကြတာ ပြင်ဆင်နေကြတာရှိတယ်။ အဲဒါကို ဒီအမျိုးသား မြေဥပဒေ ရေးဆွဲတဲ့အခါကျတော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေးထားချက်ထဲက ဟာကိုပဲ အဓိကထားပြီးတော့ လုပ်သွားမယ် ဆိုတဲ့ပုံစံမျိုးကို ကျနော်တို့ တွေ့ရတယ်။ နောက်ပြီးရင် ၂၀၁၆ အမျိုးသား မြေ အသုံးချမှု မူဝါဒ ဆိုတဲ့ဟာ အပိုင်းမှာပဲ ဆိုလိုရင်းက ဗဟိုချုပ်ကိုင်မှုများသော မြေဥပဒေပုံစံမျိုးကို ဆက်လက်ရေးဆွဲသွားဖို့ပဲ ကြိုးစား နေတဲ့ဟာကို ကျနော်တို့ တွေ့ရတဲ့အခါကျတော့ ဒီဟာဟာ မဖြစ်သင့်သေးဘူး။ ဖက်ဒရယ် မြေယာစနစ် ကျင့်သုံးနိုင်ဖို့ အတွက် ကျနော်တို့က တိုက်တွန်းချင်လို့ ဒီအမျိုးသား မြေဥပဒေ ဗဟိုချုပ်ကိုင်မှု မြင့်မားသော အမျိုးသား မြေဥပဒေပုံစံမျိုးတွေ မရေးဆွဲသင့်ဘူးလို့ ကျနော်တို့ ဆိုလိုချင်တာ ခင်ဗျာ” ဟု ပြောသည်။

ဇန္နဝါရီလ ၂၇ ရက်နေ့ (ယမန်နေ့) က အရပ်ဖက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင် လက်ရှိ ပြင်ဆင် ရေးဆွဲနေသော မြေဥပဒေသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ယူနစ်အတွင်းဖြစ်နေသည့်အပြင် ဗဟိုချုပ် ကိုင်မှုကိုအစပြုနေသောကြောင့် မြန်မာနိုင်ငံ တိုင်းရင်းသားများအားလုံးအတွက် သဟဇာတ မဖြစ် သကဲ့ သို့ ဖက်ဒရယ်စနစ်တည်ဆောက်ရေး နှင့် ရိုးရာဓလေ့မြေယာစီမံခန့်ခွဲခြင်းကိုလည်း လစ်လျူ ရှုထားသဖြင့် တိုင်းရင်းသားလယ်သမားများကွန်ရက် နှင့် တိုင်းရင်းသားလူထုဖွံ့ဖြိုးရေးအဖွဲ့များ မဟာမိတ် နှစ်ခုမှ လက်ရှိ ရွေးကောက်ထားသော အစိုးရအသစ်အား ဤအမျိုးသား မြေယာဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ် ဆိုင်းငံံ့ထား ရန် တိုက်တွန်းပါသည်ဟု ပါရှိသည်။

စိုင်းခေးဆိုင်က “လာမယ် အစိုးရသစ်မှာတော့ ဒီ မူဝါဒပဲ ချချပေါ့နော ဥပဒေပဲ ချချ သူက ဒီ ယခင်က အ ဟောင်းကို ကျနော်တို့ ပြန်အခြေပြုလို့တော့ မရတော့ဘူးပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ယခင်အဟောင်း ဥပဒေတွေရော သူက အသုံးပြုနေတဲ့ ဥပဒေတွေကရော အကုန်လုံးက အရင်အတိုင်းပဲ သူက ဒီပြဿနာက မပြီးဘူးပေါ့နော။ ဒီမြေပြဿနာရော မြေပဋိပက္ခရော စီမံကိန်း ပဋိပက္ခ စီးပွားရေး ပဋိပက္ခတွေကလည်း များ တယ်။ဒါကြောင့် လက်နက်ကိုင်ကလည်း ဒီတိုက်ပွဲတွေက မရပ်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့က အတူ တကွ ကျနော်တို့ ဘယ်လိုနေထိုင်မလဲ ဆိုတဲ့ဟာ ကြည့်တဲ့အချိန်ကျတော့ ဖက်ဒရယ် စနစ်ကပဲ ပိုပြီးတော့ ကျနော် တို့ တည်ဆောက်ရမှာဖြစ်တယ်ပေါ့နော ဒါကြောင့် အဟောင်းကို အခြေခံမယ့်အစား ကျနော်တို့ ဖက်ဒရယ် စနစ်ကိုသွားတဲ့ လမ်းကိုလျှောက်ပြီးတော့ ဦးတည် သွားစေချင်ပါတယ်ခင်ဗျာ။ အဲဒါ တိုက်တွန်း ချင်ပါတယ် ခင်ဗျာ” ဟု ပြောသည်။

အမျိုးသား မြေဥပဒေကို ၂၀၁၅ - ၂၀၂၀ အစိုးရက အမျိုးသားမြေဥပဒေအသစ် ရေးဆွဲရေးလုပ်ငန်းအစီ အစဉ် စာတမ်းအား ရွေးကောက်ပွဲ မတိုင်ခင်တွင် ထုတ်ပြန်ကြေငြာခဲ့သည်ဟု အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။

ထို့အပြင် ရေးဆွဲမည့် မြေဥပဒေသစ်သည် အမျိုးသားမြေ အသုံးချရေးမူဝါဒကို အခြေခံပြီးရေးဆွဲမည်ဟု ယ ခင်အစိုးရ၏ လုပ်ငန်းစဉ် ကြေငြာချက်တွင်ပါဝင်နေပြီး ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းတွင် အပြီးရေးဆွဲသွား ရန် ရည်ရွယ်ကြောင်းနှင့် ထိုရေးဆွဲရေး လုပ်ငန်းစဉ်တွင် အခြေပြုမှုနှင့်ရပ်တည်ချက်များကို ရှင်းလင်းစွာဖေါ်ပြ ထား ချက်မပါရှိဟု အရပ်ဖက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်က ဆိုသည်။

စိုင်းခေးဆိုင်က “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း သူတို့ရဲ့ မြေမူဝါဒတွေရှိတယ်ပေါ့နော။ နောက် KNU ရဲ့ မြေမူဝါဒတွေရှိတယ်။ နောက်ပြီးတော့ CSO တွေရော NGO တွေရော အကြံပြု ထောက်ခံ ချက်တွေ ထုတ်ထားတဲ့ မြေမူဝါဒတွေရှိတယ် အဲလိုမျိုး ရှိတဲ့အချိန်မှာ သူက အဖက်ဖက်က မြေနဲ့ ပတ်သက် ပြီးတော့ သုတေသနလုပ်နေတဲ့အဖွဲ့ တွေရော အားလုံးကနေပြီးတော့ ဒီ ဖက်ဒရယ်ကို ပုံဖော်စေတယ်လေ ဘာဖြစ်လဲ ဆိုတော့ အစိုးရ တစ်ခုတည်းဆွဲဖို့ထက်က ကျနော်တို့အဖက်ဖက်ကနေပြီးတော့ မြန်မာပြည် မှာ မတူကွဲပြားတဲ့ မြေအသုံးချမှုတွေကို ပြဿနာ ဖြေရှင်းချင်တယ်ဆိုလို့ရှိရင်တော့ သူ့ရဲ့ ပြည်နယ်ကလည်း ပြည်နယ်အလိုက်ပေါ့နော နောက်ပြီးတော့ အဖွဲ့အသီးသီးက ထုတ်ပြန်ထားတဲ့ မူဝါဒကို သူက အခြေခံရမှာ ဖြစ်တယ်ပေါ့နော။ နောက်ပြီးတော့ ဖက်ဒရယ် အခြေခံမူပေါ့ federal principles ပါတဲ့ အဲဒါကို ဖော်ဆောင် တဲ့ မူကို သူက အခြေခံရမယ် ဆိုတဲ့ဟာကို တိတိလင်းလင်းပေါ့နော်။ အာမခံချက် ရှိတဲ့အချိန် ကျတော့ အားလုံး ပါဝင်ပြီးတော့ ပူးပေါင်းရေးဆွဲတာက ပိုပြီးတော့ ကောင်းမယ်လို့ ကျနော်တို့ ယူဆပါတယ်ခင်ဗျာ” ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံနေရာ တော်တော် များများတွင် မြေလွတ်မြေလပ် မြေရိုင်း စီမံ ခန့်ခွဲရေးဥပဒေ နှင့် လယ်ယာမြေဥပဒေကြောင့် လယ်လုပ် သူလယ်သမားများ၊ ပြည်သူလူထု နှင့် ရပ်ရွာ လူထုအစုအဖွဲ့များ ယနေ့ထက်တိုင် မြေပြဿနာ ကြုံနေရကြောင်း၊ လက်ရှိ အခြေအနေတွင်လည်း ရပ်ရွာ လူထုများ နေရပ်ပြောင်းရွေ့နေရဆဲဖြစ်သကဲ့သို့ မြေယာသိမ်းဆည်းခြင်း များလည်းခံနေရဆဲဖြစ် ပါသည် ဟု အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင်တွေ့ရသည်။

ထို့အပြင် ဤမြေလွတ် မြေလပ် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ နှင့် လယ်ယာမြေဥပဒေကြောင့် လယ်လုပ်သူ လယ်သမားများ ထောင်ဒဏ်၊ ငွေဒဏ် စသည့် ပြစ်ဒဏ်အမျိုးမျိုးလည်း ခံနေရသည်သာမက မြေလွတ်မြေ လပ်မြေရိုင်းဥပဒေ သက်ရောက်သည့် မြေအကျယ်အဝန်းမှာ ခန့်မှန်းခြေ ဧကသန်းပေါင်း (၅၀) သန်းဧက ဖြစ်ပြီး မြန်မာနိုင်ငံမြေဧကသုံးပုံတစ်ပုံခန့် ရှိနေပါသည်ဟု မွန်ဒေသ မြေဝါဒရေးရာ ကော်မတီ ညှိနှိုင်းရေးမှူး နိုင်စဝေါမွန်က ပြောသည်။

အထူးသဖြင့် တိုင်းရင်းသားပြည်နယ်တွင်းရှိ မြေဧကများ အများဆုံးဖြစ်ကြောင်းနှင့် ဤဥပဒေသည် ဒေသခံ ဌာနေတိုင်းရင်းသားများ၏ မြေယာကို တရားဝင် သိမ်းယူပြီး ကုမ္ပဏီလုပ်ငန်းရှင်များ၏ လုပ်ပိုင်ခွင့်ကို အား ပေးနေပါသည် ဆိုသည်။

နိုင်စဝေါမွန်က “လက်ရှိ ၂၀၁၂ မြေလွတ်မြေလတ် မြေရိုင်း ဥပဒေ သော်လည်းကောင်း၊ ၂၀၀၇ လယ်ယာ မြေ ဥပဒေ သော်လည်းကောင်း သူတို့ပြင်ဆင်ပြီး အားလုံးသော အရာတွေဟာ လူထုဖက်ကို မျက်နှာမူ ပြီး တော့ ရှေ့ရှုးထားတဲ့ ဥပဒေမဖြစ်ပဲနဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ စီမံကိန်းအကောင်အထည်ဖော်ဖို့ မြေအသုံးချမယ် ဆိုရင်တော့ ဒီသူဌေးတွေ လုပ်ပိုင်ခွင့်ရှိတဲ့ လူတွေက ဒီကို အလွယ်တကူ ရယူလျှောက်ထားအောင် လုပ် ထားတဲ့ ပုံစံမျိုးကို ကျနော်တို့တွေ့ရတယ်” ဟု ပြောသည်။

လယ်သမားများ၏ အခွင့်အရေးများ၊ ရွေးချယ်ပိုင်ခွင့်ဖြင့် တသီးပုဂ္ဂလမြေပိုင်သည့် တရားဝင်လက်မှတ် နှင့် ရိုးရာလူထုမြေပိုင်သည့် တရားဝင်လက်မှတ်စသည့် အသီးသီးရွေးချယ်ပိုင်မှုရှိသော အခြေခံအုတ်မြစ်မှ အထက်သို့ တည်ဆောက်မှု အုပ်ချုပ်ရေးပုံသံသဏ္ဍာန်ဖြင့် ချဉ်းကပ်လုပ်ဆောင်ခြင်းသည် ပြည်နယ်နှင့် ဒေသန္တရ လူထုမြေယာပိုင်ဆိုင်မှု စီမံခန့်ခွဲအုပ်ချုပ်ရေးကို ပိုမိုအကျိုးဖြစ်စေပါသည် ဟု အရပ်ဖက်အဖွဲ့ အစည်းများက ဆိုသည်။

လူထုလယ်သမားများကို ဒုက္ခဖြစ်စေသည့် မြေဥပဒေ အဟောင်းများမှာ ပုံစံမကျသေးသလို နောက်ထပ် အခြားသော ပုံစံအသစ်တစ်မျိုး နှင့် ဗဟိုမှဆင်းသက်သည့် မြေယာဥပဒေအသစ် ထပ်မံရေး ဆွဲရန် ပူးပေါင်း ကြံစည်နေမှုသည် တိုင်းရင်းသားများ တောင်းဆိုနေသည့် ဖက်ဒရယ်စနစ်ကို မထီမဲ့မြင်ပြုနေသည့် အပြင် ပဋိပက္ခများကို လောင်စာ ထပ်ဖြည့်နေသကဲ့သို့ ဖြစ်နေသည်ဟု  ဖက်ဒရယ်တိုင်းရင်းသားလယ်သမား ကွန် ရက်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်လတ်က ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်း CDM ဆရာမ တစ်ဦးနှင့် သူ၏  ခင်ပွန်းတို့ ဓါးဖြင့်...
December 18, 2025
စစ်ကော်မရှင်က ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက် လက်...
December 17, 2025
လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာပြည်သူ ၁၂ သန်းကျော်သည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ပြင်းထန်စွာ...
December 16, 2025
စစ်ကော်မရှင်က ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဘဲ စစ်အာဏာ...