၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင်ဘာလေသိန်းဆုခွန်တို့မှ အခွန်ငွေ ၁၄၂၄၆ ဒသမ ၉၉၆ သန်း ကောက်ခံရန် လျာထားပြီး ဘဏ္ဍာနှစ်အကုန်တွင် အခွန်ငွေ ၁၇၄၂၀ဒသမ ၀၃၀ သန်း ကောက်ခံရရှိခဲ့ခြင်း ဖြစ်သည်။
“ရာခိုင်နှုန်းအားဖြင့် ပြောရရင် ၁၂၂ ဒသမ ၃ ရာခိုင်နှုန်းဆိုတော့ ၁၀၀ ရာခိုင်နှုန်းထက် ပိုတော့ ပိုမိုကောက်ခံရရှိတယ်လိုပြောရမယ်၊ ရရှိသင့် ရထိုက်တဲ့ အခွန်တွေကို အပြည့်အဝ ကောက်လိုက်လို့ ပိုမိုကောက်ခံရရှိတယ်၊ အရင်နှစ်ကထက်ပို ရရှိတယ်”ဟု မွန်ပြည်နယ် အခွန်ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးသန်းဝင်းက ပြောသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အခွန် ၅ မျိုးဖြစ်သည့် ကုန်သွယ်လုပ်ငန်းခွန်အတွက် ကျပ်သန်း ၅၀၀၀ ကျော်၊ အထူးကုန်စည်ခွန်အတွက် ၆၃ သန်း၊ ဝင်ငွေခွန်အတွက် ကျပ်သန်း ရ၀၀၀ ကျော်၊ တံဆိပ်ခေါင်းခွန်အတွက် ကျပ်သန်း ရ၀၀ ကျော်နှင့် အောင်ဘာလေသိန်းဆုခွန် အတွက် ကျပ်သန်း ၁၂၀၀ ကျော် ကောက်ခံရန် လျာထားခဲ့သည်။
ဘဏ္ဍာနှစ်အကုန်တွင် ကုန်သွယ်လုပ်ငန်းခွန်အတွက် ကျပ်သန်း ၆၈၀၀ ကျော်၊ အထူးကုန်စည်ခွန်အတွက် ကျပ်သန်း ၁၁၀ ကျော်၊ ဝင်ငွေခွန်အတွက် ကျပ်သန်း ၈၂၀၀ ကျော်၊ တံဆိပ်ခေါင်းခွန်အတွက် ကျပ်သန်း ၈၀၀ ကျော်နှင့် အောင်ဘာလေသိန်းဆုခွန်အတွက် ကျပ်သန်း ၁၂၇၀ ကျော်တို့ကို ကောက်ခံရရှိခဲ့သည်ဟု ပြည်နယ်အခွန်ဦးစီးဌာနရုံးရှိ စာရင်းအရ သိရသည်။
မွန်ပြည်နယ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာလအတွင်း အခွန်မပေးဆောင်နိုင်သည့် အခွန်အကြွေးကျန်များရှိကြောင်း မည်မျှရှိသည်ကို စာရင်းမတွက်ချက်ရသေးကြောင်း ဦးသန်းဝင်းက ဆက်ပြောသည်။
မွန်ပြည်နယ်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အခွန်ကောက်ခံရရှိငွေ ကျပ်သန်းပေါင်း ၁၁၇၄၇ ဒသမ ၁၃၈ ရှိသည်ဟု ပြည်နယ်အခွန်ဦးစီးဌာနရုံးမှ သိရသည်။







