အစိုးရသစ် နှင့် ရှမ်းနီတိုင်းရင်းသားတို့၏ အခွင့်အရေး

အစိုးရသစ် နှင့် ရှမ်းနီတိုင်းရင်းသားတို့၏ အခွင့်အရေး

ဒီမိုကရေစီလျှောက်လှမ်းလာခဲ့သည်မှာ အစိုးရနှစ်ဆက်တိုင်ခဲ့ပြီ။ လာမယ့်လဆိုရင် တတိယမြောက် ဒီမိုကရေစီ အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းတော့ပါမယ်။ အစိုးရတစ်ဆက်ချင်းဆီမှာလည်း တိုင်းရင်းသားအခွင့်အရေးကို ရရှိအောင်ဖော်ဆောင်ပေးခဲ့ကြသည်ဟုဆိုသော်လည်း အပေါ်ယံနှမ်းဖြူးအဆင့် ထက်မပိုခဲ့သည်မှာ ငြင်းစရာမရှိပါ။ တလောက တိုင်းရင်းသားဒေသမှ အနိုင်ရလွှတ်တော်အမတ်တစ်ဦးက လမ်းဖောက် တံတားဆောက်ပေးခြင်းတွေကြောင့် တိုင်းရင်းသားဒေသနဲ့ ပြည်မ တန်းတူညီတူဖြစ်လာနိုင်မယ်လို့ ဆိုထားပါတယ်။ သို့ပေမယ့်လည်း တိုင်းရင်းသားတိုင်း လိုချင်သည်က လမ်းဖောက် တံတားဆောက်သည်ထက်ပိုပါတယ်။ တိုင်းရင်းသားလူမျိုးစု တစ်ခုချင်းစီအလိုက် ရသင့် ရထိုက်သည့် သာတူညီမျှသည့် အခွင့်အရေး ဖြစ်ပါတယ်။  တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် စသည့် အဓိက ကျသည့် အရာများက မှိန်ပြပြလေးသာရှိပါတယ်။ လာမယ့် အနိုင်ရပါတီ၏ အစိုးရသစ်လက်ထပ်မှာတော့ ၂ဝ၁၅ ခုနှစ်က ၂ဝ၂ဝ ကာလအတွင်း မဖော်ဆောင်လာနိုင်တဲ့ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်လာမယ်လို့မျှော်လင့်မိပါတယ်။

 နှစ်ပေါင်းများစွာကြာ အဖိနှိပ်ခံထားရသည့် ရှမ်းနီတိုင်းရင်းသားများအဖို့ တိုင်းရင်းသားအခွင့်အရေးဆိုသည်မှာ ပွဲလမ်းသဘင်ကျင်းပခွင့် နှင့် စာပေသင်ကြားခွင့် စသည်တို့သာ လုပ်ခွင့်ရလာခဲ့ပါတယ်။ တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေ နှင့် နည်းဥပဒေ များပြဌာန်းထားသည့်တိုင် ထိုဥပဒေက ပေးသည့် အခွ္ငင့်အရေးအကာအကွယ်တို့ကို ရရှိမှုအလွန်အင်မတန်နည်းပါတယ်။ အကြီးစား သယံဇာတတူးဖော်ခွင့်များ ၊ သဘာဝပတ်ဝန်းကျင်ပျက်ဆီးနိုင်သည့် စီမံကိန်းကြီးများ စသည်တို့က ရှမ်းနီဒေသမှာဒေသခံ များ မလိုလားသော်လည်း ကုမ္ပဏီများက ခွင့်ပြုချက်အသီးသီးရရှိထားကြပြီဖြစ်ပါတယ်။ အစိုးရသစ်ဟုဆိုသော် လည်း နဂိုပါတီက ၊ နဂို လွှတ်တော်အမတ်ဟောင်းများသာ အနိုင်ရရှိထားသောကြောင့် တိုင်းရင်းသားအခွင့်အရေးဖော်ဆောင်ရေးလုပ်ငန်းများကို မျက်ခြေမပျက်စောင့်ကြည့်ရမည်သာဖြစ်ပါတယ်။

 အနိုင်ရNLD ပါတီက ရွေးကောက်ပွဲအပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အနိုင်ရသော၊ အနိုင်မရသော ပါတီအသီးသီးကို ပူးပေါင်းဆောင်ရွက်ရေးအတွက် ဖိတ်ခေါ်ထားသော်လည်း အကောင် အထည်ဖော်ဆောင်ရာမှာ အနိုင်ရပါတီများကိုသာ ဦးစားပေးပြီးတွေ့ဆုံမှုများပြုလုပ်ထားပြီး အနိုင်မရသည့် တိုင်းရင်းသားပါတီများကို တွေ့ဆုံမှု မပြုလုပ်သေးပေ။ အနိုင်ရပါတီတွေ့ဆုံမှုတွင်လည်း အနိုင်ရ ကိုယ်စားလှယ်များကိုသာ ဦးစားပေးထားပါတယ်။

 ရှမ်းနီတိုင်းရင်းသားတချို့လည်း အနိုင်ရပါတီထဲမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ကြီးတွေအဖြစ် ပါဝင်ပါတယ်။ ၎င်းတို့က ပါတီ၏ မူဝါဒအတိုင်းလျှောက်လှမ်းရသောကြောင့် ရှမ်းနီတိုင်းရင်းသားတို့၏ အနိမ့်ဆုံး သောမျှော်လင့်ချက် အခွင့်အရေးများကို လွန်ခဲ့သော ငါးနှစ်က ဖော်ဆောင်ပေးခဲ့နိုင်ခြင်းမတွေ့ရပါဘူး။ လာမယ့်(၅)နှစ်တာ အတွင်းတော့ ၎င်းတို့က ရှမ်းနီတိုင်းရင်းသား ပြည်သူများ၏ မျှော်လင့်ချက်အိပ်မက် ဘယ်ခရီး သို့ဆိုက်ရောက်မည်ဆိုသည်က စောင့်ကြည့်နေရမည်သာဖြစ်ပါတယ်။

Most read this week

May 15, 2024
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မေလ ၁၄ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း...
May 7, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီနှင့်...
May 2, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင်...
တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်လာကြသူများ
April 6, 2024
မြစ်ကြီးနားမြို့နယ် နဲ့  ဝိုင်းမော်မြို့အတွင်းမှာ စစ်ဘေးတိမ်းရှောင်နေရသူများကို...