၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲမှာမဲအများဆုံးအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD နှင့် ယခုလတ်တလောတွင် နိုင်ငံတကာမှစောင့်ကြည့်အရေးယူမှုပြုလုပ်နေသော ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများ အတူတူဖြစ်ကြောင်း၊ ကျားဖြန့်ကိုNLDကစတင်လက်ခံခဲ့ကြောင်း လူမှုကွန်ရက်မီဒီယာပေါ်တွင် သတင်းပျံ့နှံ့နေသည်။
ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း နန်းခင်ထွေးမြင့်တို့နှင့် အွန်လိုင်းငွေလိမ်လည်လုပ်ငန်း(ကျားဖြန့်)ခေါင်းဆောင်အဖြစ် လူအများသိထားသည့် ရှီကျင်ကျန်းတို့ တွဲရိုက်ထားသော ပုံဟောင်းများဖြင့် ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၂၁ရက်နေ့တွင် ဖြန့်ဝေလာခြင်းဖြစ်သည်။
Han Nyein Oo- https://archive.ph/HAdPZ
Kyaw Swar (https://archive.ph/7PbSP ) နှင့် သားကောင်းဇာနည်ဘွားများ( https://archive.ph/gKaDZ ) အစရှိသော Subscribes ပြုလုပ်သူ သောင်းချီရှိ စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကလည်း အထက်ပါအတိုင်း ထပ်ဆင့်ဖြန့်ဝေထားသည်ကိုတွေ့ရသည်။
၎င်းကို လတ်တလောအခြေအနေအရ အချိန်ကိုက်ဝါဒဖြန့်ဝေမှုအဖြစ် သံသယရှိသဖြင့် Myanmar Fact-Checking Network အဖွဲ့ဝင် ကေအိုင်စီက စိစစ်ကြည့်ခဲ့သည်။
သတင်းစိစစ်ချက်
ပုံဟောင်းများအသုံးပြုနေ
အရပ်သားအစိုးရလက်ထက် ၂၀၁၆ ခုနှစ်က ရန်ကုန်မြို့တော်ဝန်အဖြစ် ခန့်အပ်ခံခဲ့ရပြီး အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်က အဂတိလိုက်စားမှုဖြင့် စစ်အုပ်စု၏အရေးယူခံခဲ့ရသူ ဦးမောင်မောင်စိုးနှင့် ၂၀၁၅၊၂၀၂၀ ရွေးကောက်ပွဲ၌ ကရင်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှ ယှဥ်ပြိုင်အနိုင်ရပြီး ဝန်ကြီးချုပ်ဖြစ်လာသူ နန်းခင်ထွေးမြင့် တို့ ရှီကျင်ကျန်းနှင့်အတူတွဲရိုက်ထားသည့် ပုံ(၄)ပုံကို ဝါဒဖြန့်ချန်နယ်များက အသုံးပြုထားသည်။
၎င်းတို့ကို ပုံအချက်အလက်စစ်ဆေးပေးသည့် Reverse Image Search Tool ဖြင့် ရှာဖွေစစ်ဆေးရာ ၂၀၁၉ ခုနှစ် ဩဂုတ်လ(၂၀)ရက်နေ့က ကရင်နယ်ခြားစောင့်တပ်-BGF၏ ရွှေကုက္ကိုလ်တွင်ကျင်းပသော အဖွဲ့တည်ထောင်ခြင်း(၉)နှစ်ပြည့် နှစ်ပတ်လည်သို့ နန်းခင်ထွေးမြင့် တက်ရောက်လာသည့်ပုံဖြစ်သည်။ ပွဲတွင် ရှီကျင်ကျန်းနှင့် BGFခေါင်းဆောင်စောချစ်သူတို့ထံမှ ကရင်ပြည်နယ်အတွက် လှူဒါန်းငွေ ကျပ်သိန်းလေးရာကို လက်ခံယူနေသည့်ပုံဖြစ်ကြောင်း DVB နှင့် ဧရာဝတီသတင်းဌာနတို့က ဖော်ပြခဲ့သည်။
DVB- https://tinyurl.com/zn9k9f3v
Irrawaddy- https://tinyurl.com/4b6wb2bt
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးပါဝင်သည့် ပုံ (၃) ပုံအနက် (၂) ပုံမှာလည်း ဧရာဝတီသတင်းဌာနမှ ပြီးခဲ့သည့်နိုဝင်ဘာ၁၂ရက်နေ့တွင် “ရွှေကုက္ကိုလ်ကျားဖြန့်ခေါင်းဆောင် ရှီကျင်ကျန်းကိုတရုတ်ပို့ဖို့ပြင်” ရုပ်သံသတင်းတွင် အသုံးပြုခဲ့သည့် ရုပ်ကဒ်များဖြစ်ကြောင်း သတင်းဌာန၏တံဆိပ်နှင့်အတူတွေ့ရသည်။
Irrawaddy- https://tinyurl.com/m766pxep
ပုံအတွင်းစာသားပါအကြောင်းအရာကို စစ်ဆေးချက်အရ ဦးမောင်မောင်စိုးအပါအဝင် မြန်မာအစိုးရတာဝန်ရှိသူများ၊ တရုတ်သံရုံးအရာရှိများ၊ တရုတ်နှင့်မြန်မာစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့လုံးဆိုင်ရာ တရုတ်စွန့်ဦးတီထွင်သူများညီလာခံဖြစ်သည်။
ထိုညီလာခံကို ရန်ကုန်မြို့၊ ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလကကျင်းပခဲ့ခြင်းဖြစ်သည်ဟု တရုတ်မီဒီယာ ရှင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့သည်။
ရှင်ဟွာ- https://tinyurl.com/428nv7bp
၂၀၁၇ ခုနှစ်က စတင်၍ မြဝတီမြို့မြောက်ဘက်တွင် အကောင်အထည်ဖော်ခဲ့သည့် ရွှေကုက္ကိုလ်စီမံကိန်းကို လက်ရှိ ကရင်နယ်ခြားစောင့်တပ်-BGFနှင့် ရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစုတို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။
စီမံကိန်းစတင်ချိန်က NLD အစိုးရလက်ထက်ဖြစ်သောကြောင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး ကနဦးဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ISP Myanmar ၏ ရွှေကုက္ကိုလ်စီမံကိန်းအကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့သော် စီမံကိန်းနှင့်ပတ်သက်ပြီး သံသယဖြစ်ဖွယ်အချက်များစွာကြောင့် စစ်အုပ်စုအရာရှိအချို့ကို စုံစမ်းစစ်ဆေးမှုနှင့် စီမံကိန်းရပ်ဆိုင်းရန် လုပ်ဆောင်ခဲ့သော်လည်း ၂၀၂၁ အာဏာသိမ်းပြီးသည့်နောက် ထိုစီမံကိန်းများလည်ပတ်မှုမြန်ဆန်လာသည်ဟု ISP အစီရင်ခံစာတွင် တွေ့ရသည်။
ISP -https://tinyurl.com/ms6h9f7d
ရွှေကုက္ကိုလ်ကိစ္စနှင့်ပတ်သက်ပြီး BGFကို တပ်ပိုင်းဆိုင်ရာအရကိုင်တွယ်ရန် စစ်တပ်အား ညွှန်ကြားခဲ့ဖူးကြောင်း NLD အစိုးရလက်ထက်က သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့ဖူးသည်။ ထို့အပြင် ၂၀၁၉ ခုနှစ်မှစတင်ပြီး ရွှေကုက္ကိုလ်စီမံကိန်းနေရာကို NLD အစိုးရတာဝန်ရှိသူများက ကွင်း ဆင်းစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းလည်း Mizzima သတင်းဌာနက ဖော်ပြသည်။
Mizzima- https://tinyurl.com/bsrvuvny
ထို့အပြင် စစ်အုပ်စု၏အမိန့်ပေးကွပ်ကဲမှုနှင့် အကျိုးစီးပွါးခြင်း ပတ်သက်ဆက်နွယ်နေသည့် BGF ၏ ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်နေမှုနှင့်ပတ်သက်ပြီး Justice for Myanmar က ၂၀၂၄ ခုနှစ်မှစ၍ အစီရင်ခံစာနှင့်တိုက်တွန်းနှိုးဆော်ချက်များ ထုတ်ပြန်ခဲ့ရာ ယုံကြည်စိတ်ချရသည့် သတင်းဌာနများကလည်း ကိုးကားဖော်ပြကြသည်။
RFA -https://tinyurl.com/3wrh24t7
VOA – https://tinyurl.com/4xyn4rxm
KIC – https://tinyurl.com/2s3mu7hd
The Tanintharyi Times- https://tinyurl.com/d7875the
Myanmar Now- https://tinyurl.com/yvr887w6
အဆိုပါဆက်နွယ်မှုများနှင့်ပတ်သက်ပြီး BGF သည် အမေရိကန် ဘဏ္ဍာရေးဌာန နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး-OFAC၏ အရေးယူပိတ်ဆို့မှုကို စက်တင်ဘာ ၈ ရက်နေ့က ခံခဲ့ရခြင်းဖြစ်သည်။
KIC -https://tinyurl.com/44bjazb8
သုံးသပ်ချက်
လက်ရှိဖြစ်ပေါ်နေသော ထိုင်း-မြန်မာနယ်စပ်ရှိ နိုင်ငံတကာ၏ကျားဖြန့်ကိစ္စနှိမ်နင်းရေးကြိုးပမ်းချက်နှင့် ဖိအားများကြောင့် စစ်အုပ်စုကိုထောက်ခံသော မီဒီယာများက ပုံဟောင်းများအသုံးပြုပြီး NLD သည် ကျားဖြန့်ကိုစတင်တည်ထောင်ခဲ့သယောင်၊ NLD နှင့်ကျားဖြန့်ပတ်သက်မှုရှိသယောင် ဖြန့်ဝေနေခြင်းသည် အချိန်ကိုက်ဖြစ်လာသည့် ဝါဒဖြန့်မှုအဖြစ် ဖော်ပြပါ သုံးသပ်ချက်များအရ စိစစ်ရသည်။
စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။
Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
KIC/ The Red Flag/ MFCN






