ကလေးမြို့မော်လိုက်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသူ ၅ ဦးသာ ပြန်လွတ်လာ

ကလေးမြို့မော်လိုက်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသူ ၅ ဦးသာ ပြန်လွတ်လာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်ကနေ ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်မနက်မှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသူ ၅ ဦးသာ ပြန်လွတ်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေးကိစ္စနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ဒေသခံတစ်ဦးက “အတိအကျ သိရတာက အမျိုးသား မပါဘူး။ နိုင်ငံရေးအကျဉ်းသူ မိန်းကလေး ၅ ယောက်လောက်ဘဲ လွတ်လာတယ်လို့ ပြောတယ်။ ၅၀၅ ပုဒ်မနဲ့ ၅ ယောက်ဘဲ လွတ်တာပေါ့။ မော်လိုက် ကလေးထောင်မှာ နိုင်ကျဉ်းက ၅၀၀ ကျော်မှာပေါ့။ အမျိုးသားက ၄၀၀ကျော် အမျိုးသမီးက ၁ ရာကျော်လောက် ရှိတာပေါ့။ အခုနောက်ပိုင်းမှာ ၅၀၅ ပုဒ်မနဲ့ သီးသန့် အမိန့်ချဖမ်းတာ ရှားသွားပြီ။ အနည်းဆုံးတော့ ၅၂ (က)၊ ၅၀ (ည)တို့နဲ့ တွဲချထားတော့ နှစ်အများကြီးတွေကျတာ အဲဒါဆိုတော့ ရာနဲ့ချီ ကျန်သေးတာပေါ့။ ၅ ယောက်လေးပဲ လွတ်တာဆိုတော့ ၅၀၀ ကျော်တော့ ကျန်အုံးမှာပေါ့” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ကျနေသူတွေ ထွက်ပြေးတိမ်းရှောင်နေရသူတွေနဲ့ အမှု ရင်ဆိုင်နေရသူ စုစုပေါင်း ၈ ထောင်ကျော်ကို လွတ်ငြိမ်းခွင့််ပေး၊ အမှုပိတ်သိမ်းကြောင်း အာဏာသိမ်းစစ်ကော်မရှင်က နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ဆိုကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၇၂၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း၊ ၅၀၅ ( က) ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၂၃၆၁ ဦးကို ကျခံရန် ကျန်ရှိနေတဲ့ ပြစ်ဒဏ်ကနေ လျော့ပေါ့ပြီး လွတ်ငြိမ်းသက်သာခွင့် ပြုကြောင်းနဲ့ ၅၀၅ - က ဖြင့် ထွက်ပြေးတိမ်းရှောင်နေပြီး ရာဇဝတ်ကျင့်ထုံး ၅၁၂ ဖြင့် တရားစွဲဆိုခံရသူ ၅၅၈၀ ဦးကိုလည်း အမှုပိတ်သိမ်းလိုက်တဲ့ကြောင်း စစ်ကော်မရှင်က နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်အနေနဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂ သောင်းကျော်ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သလို အတုအယောင်ရွေးကောက်ပွဲပေါ် ဝေဖန်အကြံပြုသူ ပြည်သူတွေကိုလည်း အကြောက်တရားပေးရန် ရည်ရွယ်ပြီး ဆိုရှယ်မီဒီယာတွေကနေ သဘောထားမှတ်ချက်ပေးရုံနဲ့ မတရားအကြမ်းဖက်ဖမ်းဆီးနေတဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ( PPNM) က နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...