သတိပြုဆင်ခြင် ဂိမာန်တစ်ခွင်

သတိပြုဆင်ခြင် ဂိမာန်တစ်ခွင်
by -
ရင်ငြိမ်းချမ်း/ဟင်္သာမီဒီယာ
ကမ္ဘာကြီး ပူနွေးလာသည်နှင့်အမျှ တစ်နှစ်ထက် တစ်နှစ်ပို၍ အပူချိန်များ မြင့်တက် လာသည်။ အပူချိန်များ မြင့်တက်လာသည်နှင့်အမျှ နေထိုင်မှု ပုံစံများ၊ ကျန်းမာရေးစသော သတိပြု ဆင်ခြင်စရာများလည်း ရှိလာသည်။

မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကမ္ဘာကြီးပူနွေးလာမှုကြောင့် သဘာဝဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပေါ်တက်ပြီး နောက်ဆက်တွဲဖြစ်သော ပြည်သူများ၏ ကျန်းမာရေး ပြဿနာများလည်း ဖြစ်ပေါ်လျက်ရှိသည်။

ထို့အပြင် တစ်ကမ္ဘာလုံးအနေဖြင့် ၂ဝ၃ဝ မှ ၂ဝ၅ဝ အတွင်း ရာသီဥတုပြောင်းလဲပြီး အပူလွန်ကဲခြင်းကြောင့် ဖြစ်တတ်သော ရောဂါများဖြင့် ပုံမှန်သေဆုံးသူဦးရေထက် လူဦးရေ နှစ်သိန်းခွဲနီးပါး ပိုမိုသေဆုံးနိုင်သည်ဟု (WHO) ၏ ခန်းမှန်းချက်ကို မော်ကွန်းမဂ္ဂဇင်းတွင် ဖော်ပြထားသည်။

ယခုအခါ ဆောင်းအကုန် နွေအကူးသို့ ရောက်ရှိလာပြီးဖြစ်ကာ အပူချိန်များလည်း တစ်စထက် တစ်စ မြင့်တက်လာသည်။ ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အပူချိန်မှာ စံချိန်တင်သည်အထိ ရှိခဲ့ပြီး အယ်နီညို ရာသီဥတုကိုလည်း ရောက်ရှိခဲ့သည်။

ပူပြင်းလာသော နွေရာသီသို့ တစ်စတစ် ဝင်ရောက်လာသည်နှင့် အမျှ သက်ကြီးရွယ်အိုများနှင့် နုနယ်သော ကလေးငယ်များ၏ ကျန်းမာရေးမှာလည်း အထူးဂရုပြုရန်လိုအပ်ကြောင်းကို မော်လမြိုင်မြို့ရှိ ဆရာဝန်များက တစ်ညီတစ်ညွှတ်တည်း ပြောဆိုကြသည်။

အပူချိန်မြင့်သထက် မြင့်လာသော်

ဖေဖော်ဝါရီ လကုန်ပိုင်းမှ စတင်၍ အပူချိန်များသည် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ အပူချိန် မြင့်တက်လာသည့် အတွက်ကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရမည်ဖြစ်သည်။

ယခုနှစ်တွင် စံချိန်တင် အပူချိန်ကဲ့သို့ မရောက်ရှိနိုင်သော်လည်း လက်ရှိအပူချိန်ထက် ထက်မံ မြင့်တက်နိုင်ကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ (ခန့်မှန်း) ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် နွေရာသီနှင့် ပူးပြင်းသော ရာသီတွင် အပူဒဏ်ကြောင့် ချွေးထွက်လွန်ကာ ရေနှင့် ဆားဓာတ်များ ဆုံးရှုံးခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နုံးချည့်ခြင်း၊ ကြွက်တက်ခြင်း၊ ကိုယ်အပူချိန်များ၍ သတိလစ်မေ့မျှောခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ပါရှိသည်။

အပူချိန်မြင့်တက်ခြင်းကြောင့် ရေရှားပါးမှုများဖြစ်ပေါ်ကာ နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျော့ ရောဂါများ၊ သွေးလွန်တုတ်ကွေး ရောဂါများလည်း ဖြစ်ပေါ်နိုင်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းက ပြောဆိုသည်။

ရေရှားပါးသည့်အတွက် ရေများကို အသုံးပြုရန် ချွေတာရာမှ သန့်ရှင်းမှုများ နည်းပါးလာခြင်းကြောင့် ဝမ်းပျက် ဝမ်းလျှောရောဂါများ ဖြစ်လာသည်။ ထို့ပြင် ရေများကို သိုလှောင်ရာတွင် အချိန်ကာလ ကြာမြင့်လာခြင်းကြောင့် ခြင်များပေါက်ဖွားလာပြီး သွေးလွန်တုတ်ကွေးကွေးရောဂါများ ဖြစ်နိုင်ကြောင်း၄င်းက ဆိုသည်။

“အဲ့ရေသိုလှောင်တဲ့ နေရာကနေပြီးတော့ သွေးလွန်တုတ်ကွေးရောဂါဖြစ်တဲ့ သာဓကတွေ ဆရာတို့ မွန်ပြည်နယ်မှာ ရှိခဲ့ဖူးတယ်”ဟု ၄င်းက ရှင်းပြသည်။

ထို့ပြင် ရေရှားပါးမှုနှင့် အတူ အရေပြား ယားယံခြင်း စသော နောက်ဆက်တွဲ ရောဂါများလည်း ဖြစ်ပွားနိုင်ပြီး အပူဒဏ်ကြောင့် ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်များက သတိပေး ပြောဆိုထားသည်

နေပူထဲမှာ သွားလာရသောအခါ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မတ်လ ၂၇ ရက်နေ့က အပူချိန်စံချိန်သစ် တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် နေ့စဉ်လှုပ်ရှားနေရသော ကာယလုပ်သားများအတွက် အပူဒဏ်ကို ကာကွယ်ရန် လိုအပ်ပေသည်။ အပူဒဏ်ကို ကာကွယ်နိုင်ရန် မိမိ ခန္ဓာကို်ယ်ကို အပူဒဏ်နှင့် တိုက်ရိုက် မထိတွေ့အောင် ကာကွယ်သင့်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုပြင် ပူပြင်းသော ရာသီဥတုတွင် သက်ကြီးရွယ်အိုများအနေဖြင့် ကျန်းမာရေးအတွက် စိုးရိမ်စရာများ ဖြစ်လာနိုင်သောကြောင့် နေပူထဲတွင် မကြာခဏ သွားရောက်ရန် မသင့်ကြောင်း ဒေါက်တာ ဇော်မင်းထွန်းက အကြံပြုပြောဆိုသည်။

“အသက်ကြီးတဲ့ လူတွေက ပိုကြောက်ရတာပေါ့” ဟု ဒေါက်တာဇော်မင်းထွန်းက ပြောသည်။

ကလေးငယ်များ အနေဖြင့်လည်း နေလည်နေ့ခင်းများတွင် ချောင်းများ၊ ရေကူးကန်များတွင် သွားရောက် မကစားသင့်ဘဲ နေပူထဲမှ ပြန်လာပါကလည်း ရေချိုးခြင်းများကို မပြုလုပ်ရန် ဒဂုံမြို့သစ် အရှေ့ပိုင်းဆေးရုံမှ တာဝန်ရှိသူ ဒေါက်တာတစ်ဦးက ပြောဆိုသည်။

အရက်သေစာ သောက်သုံးသူများအနေဖြင့်လည်း အပူချိန် မြင့်တက်ခြင်းကြာင့် အသက်အန္တရာယ် စိုးရိမ်ဖွယ် အခြေအနေရှိသောကြောင့် နေ့လည်ပိုင်း အချိန်များတွင် အရက်သေစာ သောက်သုံးခြင်းမှ ရှောင်ကြည်ရန်၄င်းက တိုက်တွန်း ပြောဆိုသည်။

မဖြစ်မနေ နေပူထဲတွင် သွားရောက်ရမည်ဆိုပါက အရောင်ဖျော့ဖျော့ ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပြီးမှ နေပူထဲ သွားရောက်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ နှိုးဆော်ထားသည်။

အပူချိန်မြင့်တက်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်ဆုံးရံးမှုမှု ကာကွယ်နိုင်ရန် ရေများများ သောက်သုံးခြင်း၊ ကာယလုပ်သားများအနေဖြင့် နေ့လည်ပိုင်း အချိန်များတွင် အေးမြသော အရိပ်အောက်တွင် နားနေခြင်း၊ ဓာတ်ဆားရေများ သောက်သုံးခြင်းဖြင့် အပူဒဏ်ကာကွယ်သင့်ကြောင်းကို ဆရာဝန်များက အကြံပြုပြောဆိုသည်။

သတိပြုပါ အပူလေဖြတ်ရောဂါ (Heat stroke)

အပူချိန်များ မြင့်တက်ခြင်းကြောင့် ပြင်ပအပူချိန်နှင့် ခန္ဓာကိုယ် အပူချိန် မျှတမှု မရှိသည့်အခါ အပူလေဖြတ် ရောဂါ (Heat Stroke) များ ဖြစ်လာနိုင်ကြောင်း ဒဂုံမြို့သစ် အရှေ့ပိုင်းဆေးရုံမှ တာဝန်ရှိ ဆရာဝန် တစ်ဦးက ဆိုသည်။

အဆိုပါ ရောဂါမှာ သက်ကြီးရွယ်အိုများ သာမက ကလေးငယ်များတွင်လည်း ဖြစ်နိုင်ပြီး နောက်ဆက်တွဲ ကြောက်ကပ် ရောဂါများလည်း ဖြစ်လာနိုင်ကြောင်း၄င်းက ရှင်းပြသည်။“ကြောက်ကပ်တွေပါ ထိခိုက်လာမယ်”ဟု၄င်းက ပြောဆိုသည်။

ကလေးငယ်များ၏ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု စနစ်မှာ ပုံမှန်မဟုတ်သေးသည့်အတွက် ကလေးငယ်များကို အထူး ဂရုစိုက်ရန် လိုအပ်ကြောင်းကိုလည်း ဒေါက်တာဇော်မင်းထွန်းက တိုက်တွန်းပြောဆိုသည်။

“ကလေးငယ်တွေမှာ အပူချိန်များတဲ့ ခါကျရင် အပူကြောင့် ရှော့ဖြစ်တတ်တယ်၊ (Heat Stroke) ဖြစ်တက်တယ်”ဟု ဆိုသည်။

ထို့ပြင် အရက်သေစာများသည် အပူချိန်ကို အလွယ်တကူ ဖြစ်ပေါ်နိုင်သောကြောင့် အရက်သေစာ သောက်သုံး သူများတွင် အပူလေဖြတ်ရောဂါ (Heat Stroke) ဖြစ်နိုင်ပြီး ဖြစ်လာပါက အပြင်းထန် ခံစားရနိုင်ကြောင်း ၄င်းက ဆိုသည်။

၄င်းရောဂါများ မဖြစ်စေရန်အတွက် အပူအအေး မျှတစွာ နေထိုင်ရန် လိုအပ်ပြီး ဖြစ်ပွားပါကလည်း ခန္ဓာကိုယ် အပူချိန်များ အမြန်ကျဆင်းစေရန် ရေခဲအုံခြင်း၊ အေးသောနေရာတွင် နေထိုင်စေခြင်း၊ ဓာတ်ဆားရေများများ သောက်သုံးခြင်းများကို ပြုလုပ်ပေးပြီး နီးစပ်ရာ ဆေးရုံဆေးခန်းများတွင် အမြန်ဆုံးသွားရောက်သင့်ပြီး အချိန်မှီ မရောက်ရှိပါက အသက်အန္တရာယ်ဆုံးရှုံးသည် အထိဖြစ်နိုင်ကြောင်း ဆရာဝန်များက သတိပေး ပြောဆို ကြသည်။

အပူဒဏ်ကြောင့် ဖြစ်တက်သောရောဂါများကို အချိန်မှီ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ နှစ်စဉ် မတ်လ ဒုတိယ အပတ်မှစ၍ အပူဒဏ် ကာကွယ်ရေး နှိုးဆော်ချက်များကို ထုတ်ပြန် ကြေညာလျက်ရှိပြီး ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို သိရှိလိုက်နာရန် လိုအပ်ပေသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...