တပ်မတော်နှင့် အေအေတို့ တပ်နေရာချထားရေးကိစ္စ သဘောတူညီမှုရလျှင် မိုင်းလင်းရှင်းရေးကို လုပ်ဆောင်သွားမည်ဟု ရခိုင်နယ်လုံဝန်ကြီးပြော

တပ်မတော်နှင့် အေအေတို့ တပ်နေရာချထားရေးကိစ္စ သဘောတူညီမှုရလျှင် မိုင်းလင်းရှင်းရေးကို လုပ်ဆောင်သွားမည်ဟု ရခိုင်နယ်လုံဝန်ကြီးပြော

မင်းထွန်း - ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တပ်နေရာချထားရေးကိစ္စကို စာချုပ်စာတန်းဖြင့် သဘောတူညီလက်မှတ်ထိုးပြီးသွားလျှင် မိုင်းလင်းရှင်းရေးကို တပ်မတော်မှ တာဝန်ယူပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

ထို့သို့သဘောတူ လက်မှတ်ထိုးပြီးသွားလျှင် တပ်မတော်အနေဖြင့် ၎င်းတို့၏မိုင်းများကို အချိန်မရွေး ဖော်နိုင် သော်လည်း တောထဲတွင် တခြားအဖွဲ့မှထောင်ထားသည့် မိုင်းများကိုရှင်းလင်းရန် ခက်ခဲသည့်အနေအထားတွင်ရှိကြောင်း ၎င်းက ပြောသည်။

“တစ်ဖက်နဲ့တစ်ဖက် ဆုတ်သွားမှ တပ်တွေနေရာချထားရေး အစီအစဉ်ပေ့ါ၊ ပြောရရင်တော့ NCA ပေါ့။ NCA မှာပါတဲ့ တစိတ်တပိုင်းပြောချင်တာပါ၊ တပ်နေရာချထားမှုအပိုင်းတွေပေါ့။ အဲဒီဟာမျိုးတွေဖြစ်မြောက်ရင် သဘောတူညီမှုဖြစ်ပြီဆိုရင် တပ်ဖက်ကတော့သေချာတယ်၊ တပ်ပိုင်းနယ်မြေ မှတ်ပုံတင်စနစ်နဲ့ထောင်တယ်။ သူရဲ့စခန်းလုံခြုံရေးအတွက်ကာကွယ်ဖို့ထောင်ခဲ့ရင် မှတ်ပုံတင်စနစ်တွေရှိတယ်။ ကျနော်တို့ မိုင်းတွေ အချိန်မရွေး ပြန်ဖော်နိုင်ပါတယ်။ တောထဲမှာတချို့တွေ တစ်ဖက်အဖွဲ့က ထောင်ထားတဲ့မိုင်းတွေဆိုရင် ရှင်းရ ခက်တဲ့အနေအထားပေ့ါ” ဟု ဗိုလ်မှူးကြီးမင်းသန်းက ဆိုသည်။

ရခိုင်တွင် ၂၀၂၀ ရွေးကောက်ပွဲအလွန်မှစ၍ တပ်မတော်နှင့် AA တို့ တိုက်ပွဲရပ်တန့်နေသည်မှာ ၂ လကျော် အထိရှိလာပြီး လက်နက်ကိုင်နှစ်ဖက်ခေါင်းဆောင်များ၏ ဆွေးနွေးမှုသည်လည်း သုံးကြိမ်တိုင်တိုင် ရှိလာနေပြီ ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် မြို့နယ်အသီးသီးမှ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးဒုက္ခသည်များ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာသို့ လုံခြုံအေးချမ်းစွာဖြင့် ပြန်လည်သွားရောက် နေထိုင်နိုင်ရေးအတွက် ပိုမိုထိရောက် သောအကူအညီများ ပေးသင့်ကြောင်း ပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုနှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မိုင်းရှင်းလင်းရေးအတွက် ဗိုလ်မှူးကြီးမင်းသန်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ယင်းအဆိုကို ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ဇန်နဝါရီလ ၁၂ ရက်နေ့ ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုနှင့်ပတ်သက်ပြီး လွှတ်တော်တွင် ကိုယ်စားလှယ် ၆ ဦးမှ ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုကို ကန့်ကွက်သူမရှိသည့်အတွက် လွှတ်တော်မှအတည်ပြုခဲ့သည်။

ရခိုင်တွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များ မိမိနေရပ်သို့ပြန်ပြီး လုံခြုံ အေးချမ်းစွာဘဝရပ်တည်နိုင်ရေးအတွက် မြေမြုပ်မိုင်းရှင်းလင်းရေးကို အထူးဂရုစိုက် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အဆိုရှင် ဦးဦးသန်းနိုင်က ပြောဆိုထားသည်။

အဆိုကို ထောက်ခံဆွေးနွေးခဲ့သည့် ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “စစ်ဘေးရှောင်တွေရဲ့ဒေသတွေဟာ မိုင်းအန္တရာယ်က တော်တော်လေးကြီးနေတယ်။ အခု နေရာတိုင်း၊ မြို့နယ်တိုင်းမှာ မိုင်းအန္တရာယ်ကြောင့် ဒုက္ခဖြစ်ရတဲ့သူတွေများနေတယ်။ ဆိုတော့ သူတို့ဒေသမှာလည်း အဲဒီမိုင်းအန္တရာယ်ကရှိမှာပဲ။ အဲတာတွေကို တက်ကျွမ်းတဲ့ပညာရှင်တွေနဲ့ သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေက ရှင်းလင်းမှ စစ်ဘေးရှောင်တွေနေရပ်ပြန်နိုင်မှာဖြစ်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် မြေမြုမိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၄၁ ဦး၊ ဒဏ်ရာရရှိသူ ၇၇ ဦး စုစုပေါင်း ၁၁၈ ဦးရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

“တိုက်ပွဲကာလအတွင်း တချို့ကျေးရွာတွေမှာ အိမ်ခြံအတွင်း လူသေအလောင်းများမြုပ်ထားတာတွေရှိတယ်လို့ သိရတဲ့အတွက်ကြောင့် ဒါတွေကိုလည်း မြေမြုပ်မိုင်းနဲ့အတူ ရှင်းလင်းပြီးတော့လုပ်ပေးသင့်တယ်။ အဲဒီမှ သာလျှင် ကျေးရွာတွေကို စစ်ဘေးဒုက္ခသည်တွေ ချောမောစွာပြန်နိုင်မှာဖြစ်ပါတယ်” ဟု ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

လက်ရှိတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများရပ်တန့်နေသည်မှာ နှစ်လကျော်ရှိလာသည့် ဖြစ်သည်။ ထို့ကြောင့် မိမိနေရပ်သို့ပြန်သွားသည့် စစ်ဘေးဒုက္ခသည် ၈ သောင်းကျော်ရှိလာကြောင်းနှင့် နေရပ်ပြန်ရန်ကျန်ရှိနေသည့် စစ်ဘေးဒုက္ခသည် တစ်သိန်းရှစ်သောင်းကျော် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ထိုသို့ နေရပ်ပြန်ရန်ကျန်ရှိနေသည့် စစ်ဘေးဒုက္ခသည်များ လာမည့်မိုးရာသီတွင် သူတို့၏နေရပ်ဒေသများတွင် ထွန်ယက်စိုက်ပျိုးရေးအတွက် အဆင်သင့်ရှိနေရန် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများအနေဖြင့် စီစဉ်ပေးရန်လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြကြသည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...