တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဖေဖော်ဝါရီ ၉ ရက်နေ့ စတင်ကျင်းပရန်ခေါ်ယူ

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဖေဖော်ဝါရီ ၉ ရက်နေ့ စတင်ကျင်းပရန်ခေါ်ယူ

စိုင်းထွန်းစံ - တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး လာမည့်ဖေဖော်ဝါရီ ၉ ရက်နေ့ကို စတင်ကျင်းပရန်ခေါ်ယူကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးက ယနေ့တွင် ထုတ်ပြန်လိုက်သည်။

“လွှတ်တော်အသစ်မှာ ဥက္ကဌ၊ ဒုဥက္ကဌ ကိုသူတို့ဘယ်လိုပြင်ဆင်ထားလဲ ဘယ်လိုလူမျိုးကို လျာထားသလဲဆိုတာ သူတို့ဘက်က အသစ်ဖြစ်မှုပေါ် ကြည့်ရသေးတယ်။ အဲ့တာကြောင့်မလို့ အခုလွှတ်တော် ဥက္ကဌကြီးက ညှိနှိုင်းဆွေးနွေးချက်များအရ လာမည့် ဖေဖော်ဝါရီ ၉ ရက်နေ့ကို နောက်သက်တမ်း တတိယအကြီမ် သက်တမ်းအတွက် ပထမဦးဆုံးအကြိမ် ကျင်းပဖို့ပေါ့” လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဥက္ကဌအနေဖြင့် လာမည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးကို တာဝန်ယူ ခေါ်ယူကျင်းပပေးရမည် ဖြစ်ပြီး ထိုအစည်းအဝေးတွင် လွှတ်တော်ဥက္ကဌ၊ ဒုတိယ ဥက္ကဌ ရွေးချယ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။

“လွှတ်တော်ဘက်ကကျတော့ အလွှဲအပြောင်း အကူးအပြောင်းက တော်တော်လေး စီစဉ်ဆောင်ရွက်ရတယ်။ ဒီအကူးအပြောင်းမှာဆိုရင် ရှိနေတဲ့ လွှတ်တော်ရုံး ဝန်ထမ်းတွေ၊ ပစ္စည်းကရိယာတွေရော စာရင်းဇယားတွေ အကုန်လုံးကို နောင်တက်လာမည့် လွှတ်တော်အကြီးအကဲဖြစ်တဲ့ လွှတ်တော်ဥက္ကဌ၊ ဒု ဥက္ကဌ တို့ကို တစ်ခါထဲ လွှဲပြောင်းဖို့ အစီစဉ်တွေ လုပ်ထားတယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ၁၇ ဦး၊ မွန်ညီညွတ်ရေးပါတီ(MUP) ပါတီမှ ၆ ဦးနှင့် တပ်မတော်သား ကိုယ်စာလှယ် ၈ ဦး စုစုပေါင်း ၃၁ ဦး ပါဝင်ကြောင်း သိရသည်။

လာမည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် မိတ်ဆက်ပွဲကို ဇန်နဝါရီ ၂၂ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ရာ ယခင်လွှတ်တော်ကိုယ်စားလှယ်များ လုပ်ဆောင်ခဲ့သည့် ဆောင်ရွက်ချက်များ၊ ဥပဒေများ၊ ကော်မတီများ၏ လုပ်ငန်းစဉ် ဆောင်ရွက်ချက်များကို မျှဝေပေးသွားမည်ဟု ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်၏သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီဖြစ်၍ ပြည်သူ့လွှတ်တော်စတင်ခေါ်ယူပြီး ၁၅ ရက်အတွင်း တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အစည်းအဝေးကို စတင်ခေါ်ယူရမည်ဖြစ်သည်။

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
မွန်အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အနာဂတ်အကြံပြုချက်များနှင့်...
September 18, 2026
မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့်...
ဓာတ်ပုံ - မော်လမြိုင်မြို့အဝင်ဆိုင်းဘုတ်။ / Crd
September 17, 2026
မွန်ပြည်၊ မော်လမြိုင်မြို့တွင် အသက်မပြည့်သေးသည့် ကလေး ၂ ဦး အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲနေသည့်...
ရေဖြူမြို့နယ်အတွင်းက လမ်းပိုင်းတစ်နေရာ။ / CJ
September 16, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူး-အလယ်စခန်း လမ်းပိုင်းတွင် စစ်အုပ်စုတပ် စစ်ကြောင်းများ...