တပ်မတော်အကြီးအကဲများအား ဂုဏ်သိက္ခာ ကျဆင်းစေအောင် ပြုလုပ်သည်ဟု စွပ်စွဲပြီး ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (၅၀၀) အသရေဖျက်မှု ဖြင့် တပ်မတော်က တရားစွဲဆိုထားသည်။
တပ်မတော်က စွဲဆိုထားသည့် အဆိုပါအမှုကို ဖားကန့်မြို့နယ်တရားရုံးက လက်ခံခဲ့ပြီး ဇန္နဝါရီလ (၈) ရက်နေ့က ပထမရုံးချိန်းအနေဖြင့် စတင်စစ်ဆေးခဲ့သည်။
တရားစွဲ ခံရသူ ဦးခင်မောင်မြင့်(ခ)ဦးချို ၏ အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်း က “ဒုတိယဗိုလ်မှူးကြီးသန်းထိုက်က ဖားကန့်မြို့နယ် တရားရုံးကို ဦးတိုက်လျှောက် တရားစွဲဆိုတယ်။ ရာဇဝတ် ကြီး အမှတ် ၅၈၁၊ ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုတာဖြစ်တယ်။ စွဲဆိုရတဲ့ အကြောင်းအရင်းက တပ်မတော်၏ ဂုဏ် သိက္ခာကျဆင်းအောင် ရေးသားပြောဆိုတဲ့အတွက် စွဲတင်ခြင်း ဖြစ်တယ်ပေါ့” ဟု ပြောသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၉) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့် (ခ) ဦးချိုအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) မှ ဒုတိယဗိုလ်မှူးကြီး သန်းထိုက် က အမှုဖွင့်ခဲ့ခြင်းဖြစ် သည်။
ဇန္နဝါရီလ ၁၈ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးချိန်း ဖြစ်ပြီး တရားလိုပြသက်သေများ စစ်နိုင်ရေး စတင်လုပ် ဆောင် သွားမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းက ဆက်ပြီး ရှင်းပြသည်။
“၁၈ ရက်နေ့ပေါ့၊ အဲ့နေ့ လာမယ့်ရုံးချိန်းမှာကတော့ တရားလိုပြသက်သေတွေ စစ်ဖို့အတွက် အချိန်ဇယားစွဲမှာ ပေါ့။ လာမယ့်ရုံးချိန်းမှာတော့ တရားလိုပြသက်သေတွေကို စစ်ဖို့အတွက် အချိန်ဇယားတွေကို ဆွဲမှာပေါ့၊ အဲ့နေ့ က အမှုကို စစ်မှာတော့ မဟုတ်ဘူး။ တရားစွဲဆိုခံရသူက ဦးခင်မောင်မြင့်ပေါ့။”
ဇန္နဝါရီလ ၈ ရက်နေ့ က ပထမရုံးချိန်းပြုလုပ်ခဲ့ပြီး အဆိုပါ ရုံးချိန်းတွင် တရားသူကြီးထံမှ အာမခံယူခဲ့သည်။
ဦခင်မောင်မြင့်(ခ) ဦးချို တရားစွဲဆိုခံရသည့်ကိစ္စမှာ ဖားကန့်မြို့နယ် ၊ ဟောင်းပါးကျေးရွာအုပ်စုတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ဖမ်းဆီးရမိခဲ့သည့် ဘက်ဖိုးယာဉ်၊ မြေသယ်ယာဉ်၊ စက်ယန္တရားကြီးများ ဖမ်းဆီးခဲ့ရ သည့် ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော် သမ္မတထံ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က တင်ပြခဲ့သည်။
ထိုသို့ နိုင်ငံတော်သမ္မတရုံး ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ပေးပို့တင်ပြခဲ့သည့် ဦးခင်မောင်မြင့်(ခ) ဦးချို၏ တင်ပြစာတွင် တပ်မတော်အကြီးအကဲများ၏ ဂုဏ်သိက္ခာ ညိုးနွမ်းစေသည့် အသုံးအနှုန်းဝေါဟာရများ ပါရှိနေ ခြင်းကြောင်း၊ အဆိုပါ တင်ပြစာသည် တမင်ကြံလုပ်တင်ပြခဲ့မှုများ ရှိခဲ့သည်ဟု ဆိုကာ ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်အရာရှိတစ်ဦးက ဖားကန့်မြို့နယ်တရားရုံးကို တိုင် ကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုင်ကြားမှုအား ဖားကန့်မြို့နယ်တရားရုံးမှ ရာဇဝတ်ကြီးအမှုအမှတ် ၅၈၁/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (၅၀၀) ဖြင့် လက်ခံခဲ့သည်။
ဦးခင်မောင်မြင့်(ခ) ဦးချိုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီ၏ အမတ်တစ်ဦးဖြစ်ပြီး၊ လက်ရှိ တွင်လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တာဝန် ထမ်းဆောင်နေ ဆဲဖြစ်ကာ ၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲတွင်လည်း ဖားကန့်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နေရာကနေ ထပ်မံ အနိုင်ရရှိထား သည့် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။







