ကရင်ပြည်နယ် BGF အတွက် DDR ခေါင်းလောင်းသံလား

ကရင်ပြည်နယ် BGF အတွက် DDR ခေါင်းလောင်းသံလား

အယ်ဒီတာအာဘော် — တပ်မတော်လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် တပ်မှူးများ၊ အရာရှိအရာခံများနှင့် တပ်ဖွဲ့ဝင်အားလုံး အရှေ့တောင်တိုင်း စစ်ဌာနချုပ်-ရတခသို့ ဇန်နဝါရီ ၁၄ ရက်က နုတ်ထွက်စာတင်လိုက်ကြသည်။

လိုင်စင်မဲ့မော်တော်ယာဉ်၊ အထောက်အထားမဲ့တရုပ်နိုင်ငံသားများ၊ ကာစီနိုလောင်းကစားရုံ စသည့်ဒေသတွင်း တရားမဝင် စီးပွားရေးလုပ်ငန်းများအပါအဝင် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ BGF ခေါင်းဆောင် ၃ ဦးအပေါ် နုတ်ထွက်စာတင်ရန် တပ်မတော်မှ သတိပေးခဲ့ရသည်။

တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန် နှုတ်ထွက်စာတင်ပြီးနောက် ဗိုလ်မှူးကြီးစောချစ်သူနှင့် ဗိုလ်မှူးစောတင်ဝင်းတို့ကိုလည်း ဆက်လက်ဖိအားပေးနေသည်ဟုဆိုကာ BGF တပ်ဖွဲ့ဝင်အားလုံး ယင်းသို့ အစုလိုက်အပြုံလိုက် နှုတ်ထွက်စာတင်ခဲ့သည့်အပေါ် ပြန်လည်စဉ်းစားရန် တပ်မတော်က ပြန်လည်ညှိနှိုင်းခဲ့ပါသည်။

သို့ရာတွင် ဒေသဖွံ့ဖြိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများကို တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများအပေါ် တပ်မတော်က အသိအမှတ်ပြုထားကြောင်းနှင့် လက်ရှိအခြေအနေတွင် လမ်းလွှဲမရောက်စေရေးအတွက် လုပ်နည်းကိုင်နည်းမှားယွင်းနေသည့် ခေါင်းဆောင်အချို့အား သတိပေးခြင်းသာဖြစ်ကြောင်း တပ်မတော်က ပြောကြားသည်။

ထို့အတူ ခွင့်ပြုချက်ထက် ကျော်လွန်လုပ်ဆောင်မှုများရှိသဖြင့် လက်ရှိရပ်ထားသည့် ရွှေကုက္ကိုလ်စီမံကိန်းကို အစိုးရအုပ်ချုပ်ရေး ယန္တရားအောက် ထည့်သွင်းနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးက ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၀ မတ်လအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်မတော်လက်အောက်ခံ ကောင်းခါးပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်များကို မူးယစ်ဆေးဝါးထုတ်လုပ်သည့် သက်သေအထောက်များနှင့်အတူဖမ်းဆီး၍ ကောင်းခါးပြည်သူ့စစ်တစ်ဖွဲ့လုံးဖျက်သိမ်းခဲ့ရသည့် DDR ဖြစ်စဉ်အပြီး ကရင်ပြည်နယ် BGF ခေါင်းဆောင်များအပေါ် ဖိအားပေးလာသည်ကို တွေ့ရှိလာရသည်။  

သို့ပါ်၍ လက်ရှိကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF အရေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ လက်နက်ဖြုတ်သိမ်းရေး (Disarmament)၊ တပ်ဖျက်သိမ်းရေး (Demobilization) နှင့် ပြန်လည်ပေါင်းစည်းရေး (Reintegration) စသည့် DDR အချက်ပေးခေါင်းလောင်းသံလားဆိုသည်ကို ဆက်လက်စောင့်ကြည့်နေရဦးမည် ဖြစ်ပါကြောင်း။ 

July 8, 2026
မွန်ပြည်အတွင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခွင့်ရရှိထားသည့် ရာဇာမင်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ...
July 7, 2026
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် စစ်အုပ်စုဘက်က တရားဝင် ပို့ကုန်...
July 7, 2026
မွန်ပြည်နှင့် ကရင်ပြည်ကို ဆက်သွယ်ထားသည့် သံဖြူဇရပ်-အနန်းကွင်း လမ်းပိုင်းတစ်လျှောက်တွင် စစ်တပ်က...
July 6, 2026
ရခိုင်-မကွေးရိုးမလမ်းပေါ်ရှိ နတ်ရေကန်ရှေ့တန်းစစ်မျက်နှာသို့ စစ်တပ်က စစ်အင်အားဖြည့်တင်းပြီးနောက်...