၅ ကြိမ်မြောက် ကိုဗစ် ထောက်ပံ့ကြေး စနစ်တကျ ပေးဝေနိုင်ရေး တင်ပြရန် ညွှန်ကြားထားဟုဆို

၅ ကြိမ်မြောက် ကိုဗစ် ထောက်ပံ့ကြေး စနစ်တကျ ပေးဝေနိုင်ရေး တင်ပြရန် ညွှန်ကြားထားဟုဆို

ဖူးအိအိနွယ်  — ကိုဗစ်ကပ်ရောဂါ ကာလ အခြေခံလူတန်းစားများကို အစိုးရက ထောက်ပံ့ကြေး လေးကြိမ်ပေးခဲ့ရာ စနစ်တကျ မရှိခဲ့သောကြောင့် ထောက်ပံ့ကြေး မရရှိ၍ အငြင်းပွားမှုများ၊ တိုင်ကြားမှုများ ဖြစ်ပေါ်ခဲ့ပြီး ယခု နောက်တစ်ကြိမ် ထပ်မံထောက်ပံ့ကြေးပေးရာတွင် စနစ်တကျ ပေးဝေနိုင်ရေး အစီအစဉ်များကို တင်ပြရန် မြို့နယ်၊ ကျေးရွာ အထွေထွေ အုပ်ချုပ်ရေးမှူးများကို အစိုးရက ညွှန်ကြားထားကြောင်း သိရသည်။

ပြည်သူများကို ကိုဗစ်ထောက်ပံ့ကြေး စတင်ပေးဝေသည့်အခါ စနစ်တကျ ပေးဝေနိုင်ရေး အစီအစဉ်များကို တင်ပြရန် မြို့နယ်၊ ကျေးရွာ အထွေထွေ အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က မဇ္ဈိမကို ပြောသည်။

“တကယ်လို့ နိုင်ငံတော်က ထောက်ပံ့ကြေးငွေ ခွင့်ပြုပြီးပါက မည်သည့်ပုံစံဖြင့် စနစ်တကျ ထောက်ပံ့ပေးမယ်ဆိုတာ ဇန်နဝါရီလ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် တင်ပြရန်ဆိုပြီးတော့ သူတို့ ညွှန်ကြားထားတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ဝေမယ်ဆိုတာ သက်ဆိုင်ရာ အဆင့်ဆင့်ကို ရောက်ရှိသွားပုံရတယ်။ စနစ်တကျ ဖြန့်ဝေမယ့် အစီအစဉ်တွေ ရောက်ပြီဆိုရင်တော့ ကျွန်တော်ထင်တယ်၊ ဖြန့်ဝေမယ့် အစီအစဉ်တွေ ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပါတယ်နော်” ဟု ၎င်းက ပြောသည်။

စတုတ္ထအကြိမ် ကိုဗစ်ထောက်ပံ့ငွေ ပေးဝေရာ၌ ထောက်ပံ့ငွေ မရရှိသူများ၊ တိုင်ကြားစာဌာနသို့ တိုင်ကြားထားမှုများကို စိစစ်ပြီး ယခု ထပ်မံထောက်ပံ့မည့် အစီအစဉ်အတွက် စာရင်းကောက်ခံ တင်ပြထားကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပြောသည်။

“ထပ်ပြီး ထောက်ပံ့ဖို့အတွက် ကြိုတင်ပြင်ဆင်ပါဆိုလို့ ပြီးခဲ့တဲ့ နှစ်လ၊ သုံးလတည်းက လိုအပ်မယ့် စာရင်းတွေကို ပြင်ဆင်တာပေါ့။ ပေးမယ်လို့လည်း ကြားတယ်။ လောလောဆယ်တော့ တရားဝင် စာမထွက်သေးဘူး။ ကျွန်တော်တို့ကတော့ အရင်က ကောက်ထားတဲ့ စာရင်းက တစ်ပိုင်း၊ နောက်ထပ် တိုင်ကြားလို့ လက်ခံစစ်ပြီး ပြုစုထားတာ တစ်ပိုင်း၊ နှစ်ပိုင်းပြုစုထားတယ်။ အဲ့ဒီအပေါ်မှာ အရင်လူတွေရော နောက်လူတွေရော ပေးပါဆိုရင်လည်း ပေးနိုင်အောင်၊ ဒါမှမဟုတ် နောက်လူတွေကိုပဲ သီးသန့်ပေးပါဆိုရင်လည်း ပေးနိုင်အောင် စာရင်းကို နှစ်ပိုင်းပြုစုထားတာပါ” ဟု ပြောသည်။

အစိုးရက ပြီးခဲ့သည့် နိုဝင်ဘာလက စတုတ္ထအကြိမ် ကိုဗစ်ထောက်ပံ့ငွေကို နေအိမ်မှာသာ နေကြရန် ကြေညာထားသည့် Stay at Home ပြင်ပမြို့နယ်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုတစ်ခုလျှင် ကျပ် ၂၀,၀၀၀ နှုန်း၊ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင် အိမ်ထောင်စုတစ်စုလျှင် ကျပ် ၄၀,၀၀၀ နှုန်း ထောက်ပံ့ခဲ့ပြီး ထောက်ပံ့ငွေမရဘဲ ကျန်ရှိသူ အများအပြားရှိခဲ့သကဲ့သို့ ထောက်ပံ့ငွေပေးဝေမှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများလည်း ယခင်ကထက် ပိုမိုထွက်ပေါ်ခဲ့သည်။

ထို့ကြောင့် အစိုးရ၏ ထောက်ပံ့ငွေနှင့်ပတ်သက်ပြီး တိုင်ကြားစာ ဌာနကိုလည်း ဖွင့်လှစ်ခဲ့ပြီး တိုင်ကြားမှုများကို ပြန်လည် စိစစ်ကာ ထပ်မံ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အစိုးရက ယမန်နှစ် ဧပြီလမှစပြီး ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို ထောက်ပံ့ခဲ့ရာ လေးကြိမ် ထောက်ပံ့ခဲ့ပြီးဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာငွေမှ စုစုပေါင်း ထောက်ပံ့မှု ကျပ် ၅၆၈ ဒသမ ၆၄ ဘီလီယံအထိ ရှိခဲ့ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...