နှစ်နှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်နစ်နာသူ ၂၉၈ဦးရှိဟု ယူနီဆက် ထုတ်ပြန်

နှစ်နှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်နစ်နာသူ ၂၉၈ဦးရှိဟု ယူနီဆက် ထုတ်ပြန်
by -
မဇ္ဈိမ
နေပြည်တော်တွင်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ်အသိပညာပေးရေးနေ့အခမ်းအနားတွင် မိုင်းအန္တရာယ်နှင့်ပတ်သက်ပြီး သရုပ်ဖော်ထားစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
နေပြည်တော်တွင်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ်အသိပညာပေးရေးနေ့အခမ်းအနားတွင် မိုင်းအန္တရာယ်နှင့်ပတ်သက်ပြီး သရုပ်ဖော်ထားစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
လွန်ခဲ့သည့် နှစ်နှစ်အတွင်း မြေမြှုပ်မိုင်းကြောင်း ထိခိုက်နစ်နာသူဦးရေ ၂၉၈ဦး ရှိခဲ့သည်ဟု ကုလသမဂ္ဂကလေးသူငယ်ရံပုံငွေအဖွဲ့(UNICEF)က သတင်းထုတ်ပြန်သည်။

“မြေမြှုပ်မိုင်းအန္တရာယ်သင့်သူများမှာ အလွန်ပင်များပြားလျက် ရှိနေပါတယ်။ ဒီလို အန္တရာယ်ကတဆင့် ဘဝတစ်သက်တာ မသန်စွမ်းဖြစ်သွားရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ရုံသာမကဘဲ နေ့စဉ်ကြံုတွေ့ရတဲ့ အခက်အခဲတွေနဲ့အတူ ခံစားတွေ့ကြံုရမှုတွေက တကယ့်ကို ကြီးမားလှပါတယ်” ဟု UNICEF မှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် ဘတ်ထရန် ဘိန်းဗဲလ်က ပြောသည်။

မြေမြှုပ်မိုင်းကြောင့် နှစ်နှစ်အတွင်း ထိခိုက်နစ်နာသူ ၂၉၈ဦး ရှိခဲ့သည့်အတွက် သုံးရက်လျှင် တစ်ဦးနှုန်း ထိခိုက်လျက်ရှိသည်ဟု ပျှမ်းမျှတွက်ဆနိုင်ပြီး ထိခိုက်သူ ၃ဦးအနက် တစ်ဦးမှာ ကလေးငယ် ဖြစ်သည်ဟုလည်း ယူနီဆက်က ထုတ်ပြန်ထားသည်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးအတွက် အင်မတန်အရေးပါတဲ့ ကဏ္ဍတွေဖြစ်တဲ့ ခရီးသွားကဏ္ဍနဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွေအပေါ်မှာ မြေမြှုပ်မိုင်းအန္တရာယ်တွေကြောင့် သက်ရောက်မှုများစွာ ဖြစ်သွားနိုင်တဲ့အကြောင်းကိုလည်း သတိရှိရပါမယ်။ မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မိုင်းအန္တရာယ်က တားဆီးပိတ်ဆို့လျက်ရှိနေပါတယ်” ဟု မစ္စတာ ဘိန်းဗဲလ်က ဆိုသည်။

ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေသည့်အဖွဲ့များအနေဖြင့် မြေမြှုပ်မိုင်းများ ဆက်လက် မြှုပ်နှံအသုံးပြုနေခြင်းမှ ယခုချက်ချင်း ရပ်တန့်သွားရန်နှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရန်လည်း ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ်အသိပညာပေးရေးနေ့တွင် ယူနီဆက်က တိုက်တွန်းထားသည်။

မိုင်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် အဓိကထား လုပ်ဆောင်သွားမည်ဟုလည်း လူမှုဝန်ထမ်းဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ်အသိပညာပေးရေးနေ့အခမ်းအနားတွင် ပြောသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...