မယ်စဲ့နယ်စပ်ကုန်သွယ်ရေး ထင်သလောက်ခရီးမပေါက်

မယ်စဲ့နယ်စပ်ကုန်သွယ်ရေး ထင်သလောက်ခရီးမပေါက်
by -
ကန္တရဝတီ
မယ်စဲ့နယ်စပ်ကုန်သွယ်ရေး ထင်သလောက်ခရီးမပေါက်
မယ်စဲ့နယ်စပ်ကုန်သွယ်ရေး ထင်သလောက်ခရီးမပေါက်
ကယား(ကရင်နီ) ပြည်နယ်မယ်စဲ့မြို့နယ်ဘက်မှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်လိုက်တာဟာ ငါးလဝန်းကျင်ရှိပါပြီ။ ဒါပေမဲ့ ကြီးမားတဲ့ကုန်သွယ်မှုတွေ လုံလောက်တဲ့အခြေအနေမရှိသေးတာကို တွေ့ရသည်။

ဒါဟာနှစ်ဘက်နားလည်မှုစာချွန်လွှာထိုးလိုက်ရုံနဲ့တော့ ရှင်းလင်းတိကျတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေရှိမနေသေးဘဲ နားလည်မှုအခြေခံ သို့မဟုတ် မြေစမ်းခရမ်းပျိုးအဆင့်နဲ့ သွားမလားဆိုတာမျိုး စဉ်းစားကြကောင်း စဉ်းစားလိမ့်မည်။ အဆင်သင့်ဖြစ်မှုအဆင့်ကတော့ ခုနေအခါမှာ မတွေ့ရသေးဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တာဝန်ရှိသူတဦးက သုံးသပ်ပြောပြခဲ့သည်။

ဥပမာဆိုရင် ကုန်သွယ်မှုလမ်းကြောင်းလွယ်ကူအဆင်ပြေမှု၊ ကုန်ကျမှု၊ နှစ်ဘက်လုပ်ငန်းရှင်များရဲ့ အရေအတွက်နဲ့ ကုန်စည်ပစ္စည်းတောင်းဆိုမှု၊ လိုအပ်မှုပမာဏ၊ အမျိုးအစား၊ ဆိုလိုုတာက ၀ယ်လိုအား၊ ရောင်းအားအပြင် ဖြည့်ဆည်းပေးမဲ့ စျေးကွက်အနေအထား၊ နှစ်ဘက်နဲ့အသားကျမဲ့ ကုန်စည်များရဲ့ နှုန်းထားများနဲ့ အခွန်အကောက်နှုန်းထားတွေနဲ့ အခြားသော လိုအပ်မှုတွေလည်း ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် ကြီးမားတဲ့ ကုန်သွယ်မှုအဆင့်မဖြစ်နိုင်သေးဘူးလို့ KNPP ဒုတိယ ဥက္ကဋ္ဌ ခူးဦးရယ်က ထင်မြင် ပြောဆိုလိုက်ပါသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်ပြီးတော့ လုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ နယ်စပ်ဘက်မှာဆိုရင်လည်း လမ်းတွေ ပြုပြင်ဖို့ရှိနေသေးတာရယ် နယ်စပ်ဘက်ကကြည့်ရင် တရားဝင်မဟုတ်သေးတာရယ်ကြောင့် အခက်အခဲ စိန်ခေါ်မှုတွေ အများကြီးရှိတယ်လို့ ကယားပြည်နယ်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌဦးဆော်လမွန်ကပြောပြပါသည်။

“ကျနော်တို့ သကြားကို ပြည်ပတင်ပို့ချင်တယ်ဆိုပြီးတော့ တင်ပြတာကို နယ်စပ်ပေါက်ကနေ ဝင်လို့မရသေးဘူးဆိုပြီး ပြန်ပြီးတော့ ပြောလာတဲ့ဟာတွေရှိတယ်။ ကျနော်တို့က ကြီးကြီးမားမား လုပ်ချင်တယ်ဆိုရင်တော်မှ အခက်အခဲရှိတယ်” လို့ သူက ပြောသည်။

နယ်စပ်ကုန်သွယ်ရေးအတွက် နှစ်နို်င်ငံကြား နည်းစနစ်ပိုင်းနဲ့ အခြားအခက်အခဲများ ရှိနေသေးသလို မျက်မှောက်ဆောင်ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်းမှုနဲ့လည်း ပတ်သက်မှုရှိနေတယ်လို့ သုံးသပ်မှုတချို့လည်း ရှိသည်။

NCA ထိုးပြီးရင်တော့ ကျနော်တို့က ပထမပြည်နယ်အစိုးရနဲ့ နှစ်ဘက်သဘောတူခွင့်ပြုမှုအရ ညှိနှိုင်းသွားရဦးမယ့်အခြေအနေပဲ ရှိဦးမယ်၊ ဒါကြောင့် ကြီးမားတဲ့ ကုန်သွယ်မှုအဆင့်မဖြစ်နိုင်သေးဘူးဆိုတာပါပဲ။ ဒီလို လိုအပ်မှုတွေ အဆင်သင့်မဖြစ်တာကြောင့် နှစ်ဘက်ကြား ကုန်သွယ်ရေးကြိုးပမ်းမှုတွေ ခုနေခါထိ မအောင်မြင်သေးတာဘဲ ဖြစ်တယ်လို့ ခူးဦးရယ်က ပြောခဲ့သည်။

မယ်စဲ့နယ်စပ်ကုန်သွယ်ရေးစခန်း ပီပီပြင်ပြင်လည်ပတ်နိုင်မယ်ဆိုရင် ဒေသခံတွေရဲ့ထွက်ကုန်တွေကို တဖက်ကိုရောင်းချနိုင်သလို စီးပွားရေးအခွင့်အလမ်းနဲ့ ဒေသဖွံ့ဖြိုးရေးကိုပါ အထောက်အကူဖြစ်နို်င်ပါတယ်။ ဒီအတွက် ဒေသအစိုးရနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း အားပေးထောက်ခံကြဖို့ လိုအပ်ပါသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေနဲ့ ပြောရမယ်ဆိုရင် လူထုတွေ လွတ်လပ်စွာ ကုန်စည်ရောင်းဝယ်နိုင်တဲ့ အခွင့်အလမ်းတွေ ရရှိဖို့ စျေးကွက်တွေ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ တခြားဆက်သွယ်ရေးတွေ လွယ်ကူအောင် ဒေသနဲ့လိုက်လျောညီထွေဖြစ်မဲ့ ပြဋ္ဌာန်းချက်တွေနဲ့အညီ စျေးကွက်တွေ ဖန်တီးပေးဖို့ လိုပါတယ်လို့ ခူးဦးရယ်က ပြောခဲ့သည်။

နယ်စပ်ကုန်သည်ရေးစခန်း ဖွင့်လိုက်တဲ့အပေါ်မှာ မျှော်လင့်ချက်တွေအများကြီးရှိပေမဲ့ ယခုအချိန်ထိတော့ ဆက်စပ်ပြီးဆောင်ရွက်တာ ဘာမှမရှိသေးပဲ အချိန်ယူနေစဲဖြစ်တယ်လို့ ကယားပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတင်မြင့်က ပြောသည်။

“မျှော်လင့်တာပေါ့ သူတို့နဲ့ပေါင်းပြီးတော့မှ နှစ်နိုင်ငံအရောင်းအဝယ်ဌာနတွေ အများကြီးတိုးတက်လာအောင်တော့ မျှော်လင့်တယ်။ ဒါပေမဲ့ အခုကတော့အစဆိုတော့ နည်းနည်းဖြေးဖြေးပဲရှိသေးတယ်လေ။ အောင်မြင်ဖို့တော့ ကြိုးစားရဦးမှာပါ ”လို့ သူကပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရအသစ်လက်ထက်မှာဆိုရင် နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်နိုင်ခဲ့တယ်။ ပြီးတော့ ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံမယ်ဟောင်ဆောင်မြို့တို့ကို ညီအမမြို့တော်အဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

ဒါပေမဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီသာ ဆောင်ရွက်နေကြပြီး လွတ်လွတ်လပ်လပ် သွားလာလို့မရသေးဘူး။ နောက်ပိုင်းကျရင်တော့ အားကစားကဏ္ဍဖြစ်စေ၊ စီးပွားကဏ္ဍဖြစ်စေ၊ ကူးသန်းရောင်းဝယ်ရေးကဏ္ဍဖြစ်စေ၊ ပညာရေးကဏ္ဍဖြစ်စေ၊ မြို့တော်နှစ်ဘက်ကြားထိုးထားတဲ့ နားလည်မှုစာချွန် အရဆိုရင် အများကြီး ပူးပေါင်းလုပ်ဆောင်လို့ ရသွားပြီလို့ ဦးဆော်လမွန်ကတော့ ပြောခဲ့သည်။

နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်ပြီး ကယားပြည်နယ်ကို လောလောဆယ်ဝင်လာတဲ့ ကုန်သွယ်တွေမှာဆိုရင် စားကုန်သောက်ကုန်တွေ၊ ရာသီဥတုပူလာတာနဲ့အမျှှ အချိုရည်တွေခပ်များများဝင်လာတာရှိပေမဲ့ အကြီးစားကုန်သွယ်မှုတွှေကတော့ ဝင်လာတာမရှိသေးဘူးလို့ သိရပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ မူဝါဒအပိုင်းတွေနဲ့လည်း ဆိုင်တယ်လို့ နယ်စပ်ကုန်သွယ်ရေးဥက္ကဋ္ဌလည်းဖြစ်သူက ပြောသည်။

လက်ရှိအခြေအနေအထိ တရားဝင်နယ်စပ်ကူးသန်းရောင်းဝယ်မှုတွေ မရှိသေးလို့ ဘယ်လိုကုန်သည်ကြီးတွေက ကယားပြည်နယ်ကို စိတ်ဝင်စားတယ်ဆိုတာ တိတိကျကျမပြောနိုင်ပါဘူး။ သွင်းကုန်ထုတ်ကုန်အရ ကြည့်မယ်ဆိုရင် ပြည်နယ်ဘက်က ထွက်ကုန်တွေထက် ထိုင်းဘက်က သွင်းတဲ့ ကုန်ပစ္စည်းပမာဏက များနေသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...