တပ်မတော်ကို ဆက်သွယ်မေးမြန်းရန် ရခိုင်သတင်းဌာနများ အခက်အခဲကြုံတွေ့နေရ

တပ်မတော်ကို ဆက်သွယ်မေးမြန်းရန် ရခိုင်သတင်းဌာနများ အခက်အခဲကြုံတွေ့နေရ

လက်နက်ကိုင်ပဋိပက္ခနှင့် သက်ဆိုင်သောသတင်းများအား မီဒီယာကျင့်ဝတ်နှင့်အညီ ရေးသားဖော်ပြနိုင်ရန်အတွက် တပ်မတော်အား ဆက်သွယ်မေးမြန်းရာတွင် အခက်အခဲများကြုံတွေ့နေရကြောင်း ရခိုင်အခြေစိုက် သတင်းမီဒီယာများတွင် လုပ်ကိုင်နေကြသည့် သတင်းထောက်များက ဆိုကြသည်။

ရခိုင်အခြေစိုက်သတင်းဌာနများဖြစ်သည့်Western News၊ Narinjara၊ Development Media Group(DMG)တို့မှ သတင်းထောက်များက တပ်မတော်ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်ရာတွင်ဖုန်းလက်ခံဖြေကြားခြင်း မရှိသည်ကို အများဆုံးကြုံတွေ့နေရကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်တိုက်ပွဲသတင်းများ၊ အရပ်သားများ ဖမ်းဆီးခံရမှုသတင်းများကို ရေးသား တင်ဆက်ရန် တပ်မတော်ဘက်မှ ဖြေကြားချက်များမရရှိသည့်အတွက် သတင်းရေးသားရာတွင် အခက်အခဲများ ရှိကြောင်း Western news သတင်းဌာနမှသတင်းထောက် ကိုအောင်စိုးက ပြောသည်။

“တပ်ဖက်ကို ဆက်သွယ်တဲ့အချိန်တိုင်း ဖုန်းကိုင်ဖြေကြားတာ တစ်ကြိမ်မှမရှိခဲ့ဘူး” ဟု ၎င်းကပြောသည်။

တပ်မတော်အား စွပ်စွဲပြောဆိုချက်များပါဝင်နေသည့် သတင်းများတွင် တပ်မတော်အသံပါဝင်ရန်လိုကြောင်း Narinjara သတင်းဌာနမှ သတင်းထောက် မအိမ်စိုးဖြူက ဆိုသည်။

“သတင်းရေးသားတဲ့အခါ စွပ်စွဲချက်တွေပါနေရင် တပ်မတော်အသံပါရမယ့်ဟာရှိတယ်၊ အဲဒီအချိန် ဆက်သွယ် မရတော့ မရဘူးပဲ ထည့်ရေးရတာပေါ့” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာများမှ ဆက်သွယ်မေးမြန်းချက်များကို တပ်မတော်အနေဖြင့် ဖြေကြားမှုမရှိဆိုသည့်အပေါ် တပ်မတော်၏သဘောထားကို သိရှိနိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့အား DMG မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းမှစတင်ကာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တရားဝင် Facebook Page မှတစ်ဆင့် ရခိုင်ကိစ္စအပါအဝင် တပ်နှင့်သက်ဆိုင်သည့် သတင်းများကို ဖော်ပြ ပေးလျက်ရှိသည်။

တပ်မတော်သည် ယခင်က သတင်းမီဒီယာများနှင့် ဆက်ဆံရေးမကောင်းခဲ့သော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းစာရှင်းလင်းပွဲများ ကိုလည်း ပုံမှန်ပြုလုပ်လာသည်ကို တွေ့ရသည်။

ယင်းသို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းဖော်ပြချက်များမှာ ရခိုင်ပြည်နယ်ကဲ့သို့ လက်နက်ကိုင်ပဋိပက္ခများရှိသည့် ဒေသများမှသတင်းမီဒီယာများအတွက် ပြည့်စုံလုံလောက်မှုမရှိကြောင်း ရခိုင် အခြေစိုက်သတင်းမီဒီယာများမှ ဆိုကြသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ Facebookအကောင့်အပါအဝင် တပ်မတော်နှင့်ပတ်သက်သည့် အကောင့်များ ပိတ်ပင်ခံခဲ့ရပြီးနောက်ပိုင်းတွင် လူမှုကွန်ရက်ကို ဆက်လက်အသုံးမပြုရန် တပ်မတော်ကဆုံးဖြတ်ခဲ့သော်လည်းယခုကာလတွင် သတင်းမှားများ၊ လုပ်ကြံသတင်းများ များပြားနေသဖြင့် တပ်မတော်မှ Facebookကို ပြန်လည်အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ပြောခွင့်ရသူက ပြောဆိုထားသည်။

တပ်မတော်အနေဖြင့် ရခိုင်သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားမှုမရှိဆိုသည့်အပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးမြင့်ကျော်က “ရခိုင်မှာဖြစ်ပျက်နေတဲ့ သတင်းဖော်ပြမှုတွေကြောင့်လို့ ကောက်ချက်ချရင်တော့ ဖြစ်မယ်ထင်တယ်” ဟု ဆိုသည်။

ထို့အပြင် သတင်းမီဒီယာနှင့် တပ်မတော်ဆက်ဆံရေးအတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းမှာ မဖြစ်သင့်ကြောင်း ဦးမြင့်ကျော်က ဆက်ပြောသည်။

“ဘာလို့လဲဆိုတော့ ဒါက ကန့်သတ်လိုက်သလို၊ ကြိမ်းမောင်းလိုက်သလိုသူတို့က အချက်အလက်ကို မပေး တော့ဘူးဆိုတော့ ဒီအချက်အလက်က ပရိတ်သတ်တွေ၊ အများပြည်သူတွေဆီကို ပြန်ရောက်တာပဲလေ၊ ဆိုတော့ အဲဒီဟာမျိုးတွေ မလုပ်သင့်ဘူးလို့ ထင်တာပေါ့နော်”ဟု ၎င်းကဆိုသည်။

သတင်းရေးသားရာတွင် သတင်းဖြစ်စဉ်နှင့်သက်ဆိုင်သော နှစ်ဦးနှစ်ဖက်ကို ဆက်သွယ်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ထုတ်ပြန်ထားသည့် သတင်းမီဒီယာကျင့်ဝတ်တွင် ဖော်ပြပါရှိသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...