အောင်ထိန် — ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ရေရှည်ငြိမ်းချမ်းရေးအတွက် အစိုးရပါဝင်ဆောင်ရွက်မှုသည် အရေးကြီးကြောင်း ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများက သုံးသပ်နေကြသည်။
မြန်မာနိုင်ငံ၌ တည်ငြိမ်အေးချမ်းသည့် ပြည်ထောင်စုကို တည်ဆောင်မည်ဆိုလျင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တို့ ဆွေးနွေးရုံဖြင့်သာမက အစိုးရနှင့်တွေ့ဆုံမှုလည်းလိုအပ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ALD မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ထောက်ပြသည်။
“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ဟာက တပ်မတော်တစ်ခုတည်းနဲ့ တွေ့ရုံလောက်နဲ့မပြီးဘူး။ အစိုးရနဲ့ တွေ့ဆုံမှုကလည်း အရေးကြီးတယ်။ တကယ့်ငြိမ်းချမ်းရေးလိုတယ်။ ရှေ့ကိုသွားပြီးတော့ အေးချမ်းသာယာတဲ့ ပြည်ထောင်စုကို သွားမယ်ဆိုရင် အစိုးရနဲ့လည်းတွေ့တာ ပိုကောင်းမယ်လို့ထင်တယ်။ အဲဒါမှလည်း ပိုမိုပြီးငြိမ်းချမ်းရေးဖက်ကို သွားနိုင်မယ်လို့ ကျွန်တော်တို့က ယုံကြည်တယ်”ဟု ဦးလှမြင့်က ဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း ရေရှည်ငြိမ်းချမ်းရေး ဖြစ်ပေါ်လာရန် အစိုးရ၊ တပ်မတော်နှင့် AA တို့အကြား ညှိနှိုင်းမှုများက အဓိကကျကြောင်း ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဦးသာထွန်းလှက ဒီဇင်ဘာ ၁၆ ရက်နေ့က ပြုလုပ်သည့် Trends in Myanmar ၏ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
“လက်နက်ကိုင်ထားတဲ့ အဖွဲ့နှစ်ဖွဲ့ဆွေးနွေးတာလည်း အရေးအကြီးသလို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လက်ရှိ ဥပဒေအရ အုပ်ချုပ်နေတဲ့ အစိုးရလည်းအရေးကြီးတယ်လို့ အဓိကပြောလိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။
အစိုးရ၊ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား ယုံကြည်မှုတည်ဆောက်ရန်လိုအပ်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်ကာ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ပြဿနာကို ဖြေရှင်းရန် ငြိမ်းချမ်းမှုလမ်းကြောင်းကို ခိုင်မာစွာတည်ဆောက်နိုင်ရေး ဖန်းတီးရန်လိုအပ်ကြောင်း ဦးသာထွန်းလှက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် မြို့နယ်များ၌ ဒီဇင်ဘာလမကုန်မီ ရွေးကောက်ပွဲပြန်လည်ကျင်းပရန် အေအေက အစိုးနှင့်တပ်မတော်ကို တိုက်တွန်းကြောင်းထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းလည်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။
ယင်းသို့ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် အေအေတို့ နှစ်ဖက်အပြန်အလှန် အပြုသဘောဆောင် ထုတ်ပြန်ပြီးနောက် ရခိုင်ပြည်နယ်အတွင်း သေနတ်သံများ တိတ်ဆိတ်နေသည်မှာ လက်ရှိတွင် တစ်လခန့်အထိရှိ ရှိနေပြီဖြစ်သည်။
နိုင်ဝင်ဘာ ၂၅ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) မှ ထိပ်ပိုင်းခေါင်းများနှင့် Online မှ တစ်ဆင့် နာရီဝက်ကြာ ဆွေးနွေးမှုများရှိခဲ့ပြီးနောက် ယခုလ ဒီဇင်ဘာ ၉ ရက်နေ့တွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ရာ ပန်ဆန်းမြို့တွင် နှစ်ဖက်ကိုယ်စားလှယ်များ လူချင်းတွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့သည်။
လက်ရှိ တပ်နှင့် AA ကြား နားလည်မှုတည်ဆောက်နေချိန်ဖြစ်ပြီး နှစ်ဖက်ဆွေးနွေးမှုများအတွင်း တပ်နေရာချထားရေး ကိစ္စရပ်များနှင့်ပတ်သက်ပြီး အခက်အခဲရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သုံးသပ်သည်။
“ရခိုင်မြောက်ပိုင်းနေရာများမှာတော့ တပ်နဲ့အေအေ တပ်နေရာချထားရေးက ရှုပ်ထွေးတယ်။ ရှုပ်ထွေးတော့ တပ်နေရာချထားရေးမှာ နှစ်ဖက်နားလည်မှု တည်ဆောက်နိုင်ဖို့လိုတယ်။ အဲဒီ အခြေအခံပေါ်မှာမှ တပ်နေရာချထားမှုနဲ့ ပတ်သက်ပြီး သဘောတူညီမှု ရလိမ့်မယ်လို့ထင်ပါတယ်” ဟု ဦးမောင်မောင်စိုးက ဆိုသည်။
ယင်းအပြင် နောက်တစ်ဆင့်အနေဖြင့် တပ်နှင့် AA တွေ့ဆုံရုံနှင့်မပြီးနိုင်ဘဲ အစိုးရက ဦးဆောင်ဖွဲ့စည်းထားသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်ရေး ဗဟိုဌာန (NRPC) နှင့် AA အပါအဝင် မြောက်ပိုင်းလေးဖွဲ့များနှင့် Bilateral ထိုးနိုင်ရန် ကြိုးစားဖို့လိုအပ်ပြီး ယင်းသို့ လက်မှတ်ထိုးနိုင်ပါက ရခိုင်တွင်အပစ်အခက်ရပ်စဲမှု ခိုင်မာလာနိုင်ကြောင်း ၎င်းကဆက်လက်၍ ပြောသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲ၂ နှစ်တာကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးရှောင် ဦးရေ တစ်သိန်းကိုးသောင်း ခြောက်ထောင်ကျော်အထိရှိပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။
လက်ရှိတွင် နယ်မြေဒေသတည်ငြိမ်နေသောကြောင့် မိမိလယ်ယာလုပ်ငန်းများကို လုပ်ကိုင်ရန်အတွက် စစ်ဘေးရှောင်အချို့မှာ နေရပ်သို့ပြန်သွားကြသော်လည်း စစ်ဘေးရှောင်များစုမှာ အခက်အခဲမျိုးမျိုးကြောင့် နေရပ်မပြန်ဘဲရှိနေကြသည်။







