ကျေးရွာအနီး တပ်စွဲထားခြင်းကြောင့် ရသေ့တောင်ဒေသခံအချို့နေရပ်မပြန်ရဲဟုဆို

ကျေးရွာအနီး တပ်စွဲထားခြင်းကြောင့် ရသေ့တောင်ဒေသခံအချို့နေရပ်မပြန်ရဲဟုဆို

နှင်းနွယ် — ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့် နေအိမ်မီးလောင်ပျက်စီးသွားသူများအတွက် အစိုးရက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးမည်ဟု ပြောဆိုထားသော်လည်း ကျေးရွာများအနီး တပ်မတော်စစ်ကြောင်းများ စခန်းချနေထိုင်မှုကြောင့် ရသေ့တောင်မြို့နယ်၊ အောင်သာစည်ကျေးရွာမှ ဒေသခံများမှာ နေရပ်ပြန်ရန် စိုးရိမ်နေကြသည်။

တိုက်ပွဲကာလအတွင်း မီးလောင်ပျက်စီးသည့်ကျေးရွာများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန်အတွက် မြို့နယ်အလိုက် စာရင်းများကောက်ယူလျှက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောသည်။

သို့သော် ရသေ့တောင်မြို့နယ်၊ အောင်သာစည်ကျေးရွာနှင့် ထီးစွဲကျေးရွာအကြားတွင် တပ်မတော်သားများမှ တပ်စွဲနေထိုင်လျက်ရှိသည့်အတွက် အစိုးရမှ နေအိမ်ပြန်ဆောက်ပေးသည့်တိုင် ပြန်လို့မရသည့် အနေအထားတွင် ရှိနေသည်ဟု အောင်သာစည်ကျေးရွာမှ နေအိမ်ပျက်စီးသွားသူ ဦးကျော်သာစိန်က DMG သို့ပြောသည်။

“ကျနော်တို့ကတော့ ကိုယ့်ရွာမှာပြန်ပြီး နေထိုင်ချင်တာပေါ့။ ဒါပေမယ့် နေလို့ရမယ့်အနေအထားမရှိဘူး ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရွာနဲ့က တပ်မတော်သားတွေ တပ်စွဲနေထိုင်နေတဲ့နေရာနဲ့ အရမ်းနီးကပ်လွန်းတယ်။ ဒါကြောင့် အစိုးရကနေပြီး နေအိမ်တွေ ပြန်ဆောက်ပေးမယ်ဆိုရင်လည်း ကျနော်တို့ အနေနဲ့မနေရဲဘူး။ ကြောက်တယ်” ဟု ၎င်းကပြောသည်။

ယင်းပြင် လတ်တလောအခြေအနေ၌ နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ကာ ဒေသတည်ငြိမ်နေသော်လည်း တပ်မတော်သားများရှိနေသည့်အတွက် နေရပ်ပြန်သွားသည့်အချိန်တွင် တိုက်ပွဲများထပ်ဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း အောင်သာစည်ကျေးရွာတာဝန်ခံ ဦးမောင်ခင်ဦးက ပြောသည်။

“အခုလောလောဆယ်တော့ ငြိမ်းချမ်းရေးယူထားတဲ့အတွက် တိုက်ပွဲတွေ ရပ်တန့်နေတယ်။ ဒါပေမယ့် တိုက်ပွဲကလုံးဝရပ်သွားသေးတာမှ မဟုတ်တာ။ ကျနော်တို့ဖက်မှာက တိုက်ပွဲတွေက မကြာခဏဖြစ်နေကျဆိုတော့ ရွာပြန်သွားပြီးမှ တိုက်ပွဲတွေ ထပ်ဖြစ်မှာကို စိုးရိမ်တယ်။ ဒါကြောင့် အခုလက်ရှိ တိမ်းရှောင်နေတဲ့ နေရာလေးမှာပဲ ဖြစ်သလိုလုပ်ကိုင်စားသောက်နေတာ’’ ဟု ၎င်းကပြောသည်။

တပ်မတော်နှင့်အေအေတို့ ငြိမ်းချမ်းရေးများရယူပြီး ထီးစွဲ၌တပ်စွဲနေသည့် တပ်မတော်သားများ ဆုတ်ခွာသွားမှသာလျှင် နေရပ်ပြန်ကာ လုပ်ကိုင်စားသောက်နိုင်မည်ဟုလည်း ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံဥပဒေတွင် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မဆို အရပ်သားပြည်သူများနေထိုင်သည့် နေရာတွင် နေထိုင်၍မရကြောင်းပါရှိသည့်အတွက် တပ်မတော်အနေဖြင့် ကျေးရွာအနီးတပ်စွဲနေသည့်တပ်များကို ပြန်လည်ရုပ်သိမ်းကာ စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးသင့်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က သုံးသပ်ပြောဆိုသည်။

“အရပ်သားက အရပ်သားနေတဲ့နေရာမှာရှိရမယ်။ ဘယ်လက်နက်ကိုင်အဖွဲ့မှဝင်နေထိုင်လို့မရဘူး။ အဲဒီဖက်မှာ ရှိတဲ့ ရွာတွေအကုန်လုံးဆိုရင် ပြန်သွားလို့ကို မသင့်တော်တာ။ တိုက်ပွဲ အချိန်မရွေး ထဖြစ်နိုင်တယ်။ တကယ်လို့ ရွာကိုရောက်ပြီးမှ တိုက်ပွဲတွေထပ်ဖြစ်လို့ ထွက်ပြေးလာရရင် အခုလက်ရှိ စစ်ဘေးရှောင်နေတဲ့နေရာမှာလည်း နေရာပြန်ရဖို့ မလွယ်တော့ဘူး။ ဒါကြောင့် သူတို့တွေ အေးအေးချမ်းချမ်းနဲ့ နေရပ်ပြန်နိုင်ဖို့အတွက် ရွာမှာရှိတဲ့ စစ်တပ်တွေကို ပြန်ရုတ်သိမ်းပြီးတော့ ဒီကိစ္စတွေကို ဖြေရှင်းပေးသင့်တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါကျေးရွာအပါအဝင် ကျောက်တန်းအုပ်စုမှ ဒေသခံများမှာ ပြီးခဲ့သည့်မေလအတွင်းက တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းကပင် ရသေ့တောင်မြို့ပေါ်နှင့် နီးစပ်ရာကျေးရွာတို့တွင် ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

ထို့နောက် အောက်တိုဘာလ (၁၃) ရက်နေ့တွင် အဆိုပါကျေးရွာအနီး၌ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ ဂျက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သလို ထီးစွဲကျေးရွာ၌ တပ်စွဲနေသည့် တပ်မတော်မှလည်း လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောဆိုသည်။

ထိုသို့ပစ်ခတ်မှုများကြောင့် အောင်သာစည်ကျေးရွာအတွင်းသို့ လက်နက်ကြီးများကျရောက်ကာ နေအိမ် (၉၆) လုံး ရှိသည့်အနက် ဘုန်းတော်ကြီးကျောင်းနှင့်စာသင်ကျောင်းအပါအဝင် နေအိမ် (၇၀) ကျော် မီးလောင်ပျက်စီး သွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစတင်၍ (၂)နှစ်တာ ကာလအတွင်း တိုက်ပွဲကြောင့် ကျေးရွာပေါင်း (၄၈) ရွာမှ နေအိမ် (၂၀၀၅) ဆောင် မီးလောင်ပျက်စီးမှုရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရ သိရှိရသည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...