လိင်အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် တရားမျှတမှုရရှိရေး အလေးထားဖြေရှင်းပေးရန် အစိုးရကို တိုက်တွန်း

လိင်အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် တရားမျှတမှုရရှိရေး အလေးထားဖြေရှင်းပေးရန် အစိုးရကို တိုက်တွန်း

မြတ်ဆွေ — ရခိုင်ပြည်နယ်အတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပပျောက်ရေးနှင့် အကြမ်းဖက် ခံရသူများ တရားမျှတမှုရရှိရေးအတွက် အစိုးရမှ အလေးထားဖြေရှင်းရန်လိုအပ်နေကြောင်း အမျိုးသမီး အခွင့် အရေးလှုပ်ရှားသူများက တိုက်တွန်းပြောဆိုကြသည်။

ယနေ့(ဒီဇင်ဘာလ ၁၀ ရက်)တွင် ကျရောက်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုနောက်ဆုံးနေ့အဖြစ် စစ်တွေမြို့တွင် လူထုလှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြကြောင်း အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် စစ်တွေမြို့ BXT ဆိပ်ကမ်းမှ ရှခင်းသာလမ်းတစ်လျှောက် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများပပျောက်ရေးအတွက် လူငယ်များဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်တွေဟိုတယ်အနီး အနားထိ သွားရောက်ပြီး Campaign ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများရှိရာ စစ်ဘေးရှောင်စခန်းများတွင် နေထိုင် ရသည့်အမျိုးသမီးများသည် အကြမ်းဖက်မှုများ များပြားစွာခံရလျှက်ရှိပြီး ထိုအကြမ်းဖက်မှုများကို ပပျောက် စေချင်သည်ဟု ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် တာဝန်ခံ မဦးခင်သိန်းကပြောသည်။   

“ရခိုင်ပြည်နယ်ရဲ့ စစ်ဘေးကြားထဲမှာ အမျိုးသမီးတွေအနေနဲ့ အကြမ်းဖက်ခံရမှုတွေ အများကြီးခံနေရတယ်။ အဲဒါကို ကျမတို့အနေနဲ့ အဓိက ပပျောက်စေချင်တယ်။ အဲဒါကို အစိုးရအနေနဲ့ အထူးသဖြင့် ကိုယ်တိုင်ဖြေရှင်း ပေးဖို့လိုတယ်။ လက်ရှိအနေနဲ့ကျရင်တော့ အစိုးရက အဲဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းတဲ့ ပုံစံမျိုးတွေမရှိသေးဘူး” ဟု ၎င်းက ပြောသည်။

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေးအတွက် အစိုးရအပါအဝင် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက အမျိုးသမီးများ၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာများကို တာဝန်ယူ ဆောင်ရွက်ပေးရမည်ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူက ပြောသည်။

“အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာတွေကို တာဝန်ယူနေတဲ့ အစိုးရတွေ၊ ထွေ/အုပ်ကဏ္ဍတွေ၊ တရားရေးမဏ္ဍိုင်တွေရှိမယ်။ ဒီတာဝန်ရှိသူတွေက အကြမ်းဖက်မှု မဖြစ်ပေါ်ရေးအတွက် အသိပညာပေးမှုတွေ ပြုလုပ်ဖို့လိုအပ်တယ်။ တစ်ဖက်မှာလည်း အကြမ်းဖက်မှုဖြစ်ပေါ်ခဲ့မယ်ဆိုရင် ကျူးလွန်ခံရတဲ့အမျိုးသမီးတွေ အတွက် ဥပဒေကြောင်းနဲ့ အရေးယူဆောင်ရွက်နိုင်မယ့်အကြောင်းကို တာဝန်ယူဆောင်ရွက်ပေးတာတွေ ရှိစေချင်တယ်” ဟု ၎င်းကပြောသည်။

စစ်ဘေးရှောင်စခန်းများသို့ မရောက်ရှိမီ မိမိနေအိမ်တွင်နေကတည်းပင် လုံခြုံမှုမရှိခြင်း၊ တပ်မတော်မှ အတင်းအဓမ္မခေါ်ဆောင်သွားခြင်း၊ တိုက်ပွဲကြောင့် လမ်းခုလမ်းတွင်ပြေးချိန်၌လည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်းနှင့် စစ်ဘေးရှောင်စခန်းသို့ရောက်ရှိသွားလျှင်လည်း အမျိုးသားမှ အမျိုးသမီးအပေါ်တွင် လိင်ပိုင်းဆိုင်ရာထိပါး နှောက်ယှက်ခြင်းများရှိနေကြောင်း ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ထံမှ သိရသည်။

ထိုသို့ စစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့လျှင် ဆေးကုသမှုခံယူ နိုင်ရန်အတွက် ဆေးရုံဆေးခန်းများမရှိသဖြင့် ကုသရေးမှာလည်းအခက်အခဲတွေရှိသည်ဟု ရခိုင်ရှေ့ဆောင် အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူက ပြောသည်။

“တကယ်လို့များ စစ်ရှောင်စခန်းက အမျိုးသမီးတွေ အကြမ်းဖက်ခံရတယ်ဆိုရင် အဲဒီနေရာမှာ ဆေးရုံဆေးခန်း တွေကမရှိဘူး။ လက်လှမ်းမီသလောက် ကုသခံယူမယ်ဆိုရင်လည်း အခက်အခဲတွေရှိတယ်။ အဲဒီအတွက် ဆိုရင်လည်း စစ်ရှောင်စခန်းတွေမှာ ဆေးရုံဆေးခန်းတွေရှိလာဖို့အရေးကြီးတယ်။ ကျန်းမာရေးစောင့်ရှောက်မှု အတွက်ဆိုရင်လည်း ဆေးရုံဆေးခန်းတွေရှိဖို့လိုတယ်။ ခုနကပြောတဲ့ လိုအပ်ချက်တွေကို ဖြည်းဆည်းပေးနိုင်မှ အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေလည်း လျော့ပါးလာမှာဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း ပေါက်တောမြို့နယ်၊ ငှက်ချောင်းမွတ်ဆလင်ဒုက္ခသည်စခန်းတွင် အသက်(၁၂)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခဲ့မှုဖြင့် မိသားစုဝင်များက အမျိုးသား ၃ ဦးအား အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် သံသယရှိသူများကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက် ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့တွင် မြန်မာ့တပ်မတော်စစ်ကြောင်းတစ်ခုသည် ရသေ့တောင်မြို့နယ်၊  ဦးဂါကျေးရွာသို့ ဝင်ရောက်လာပြီးနောက် တပ်မတော်သား ၃ ဦးက အသက် ၃၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်ခဲ့သဖြင့် ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကာယကံရှင်အမျိုးသမီးက စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

အဆိုပါ တပ်မတော်သား ၃ ဦးကလည်း အဓမ္မပြုကျင့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားပြီး ၎င်းတို့ကို ဒီဇင်ဘာ ၁၁ ရက်နေ့တွင် စစ်ခုံရုံးက အပြီးသတ်စီရင်ချက်ချမှတ်မည်ဖြစ်ကြောင်း ယင်းအမှုတွင် လိုက်ပါကူညီပေးနေသူများ ထံမှ သိရသည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...