လူ့အခွင့်အရေးကို ခြိမ်းခြောက်နေသည့် ဥပဒေပြဋ္ဌာန်းချက်များကို ပြုပြင်ပြောင်းလဲရန် အရပ်ဘက်အဖွဲ့အစည်း ၅၀ ကျော် တောင်းဆို

လူ့အခွင့်အရေးကို ခြိမ်းခြောက်နေသည့် ဥပဒေပြဋ္ဌာန်းချက်များကို ပြုပြင်ပြောင်းလဲရန် အရပ်ဘက်အဖွဲ့အစည်း ၅၀ ကျော် တောင်းဆို

သက်ပိုင် — လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အပါအဝင် လူ့အခွင့်အရေးကို ခြိမ်းခြောက်နေသည့် ဥပဒေပြဋ္ဌာန်းချက်များကို ပြုပြင်ပြောင်းလဲရန်အတွက် အရပ်ဘက်အဖွဲ့အစည်း ၅၀ ကျော်က ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် အစိုးရကို တင်ပြတောင်းဆိုလိုက်ကြောင်း သိရသည်။

ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် အဆိုပြုလွှာအတွင်း တောင်းဆိုထားသည့် ပုဒ်မခြောက်ခုမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၀၊ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၄(ဃ)၊ သတင်းမီဒီယာ ဥပဒေပုဒ်မ(၂၅)၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကို အကာအကွယ် ပေးရေး ဥပဒေပုဒ်မ ၈(စ)၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၉) တို့ဖြစ်ကြောင်း တောင်းဆို ရာတွင်ပါဝင်သည့် အသံအဖွဲ့မှ သုတေသနမန်နေဂျာ ကိုရဲဝေကဆိုသည်။

“ဒီပုဒ်မတွေ အကုန်လုံးက တရားမမှုဥပဒေမဟုတ်ဘဲ ရာဇသတ်ကြီးဥပဒေအနေနဲ့ပဲ ရှိနေကြတယ်။ ဒါကိုပြောင်းလဲဖို့ လိုတယ်။ ဒီမိုကရေစီနိုင်ငံတွေ၊ လူ့အခွင့်အရေး အပြည့်ဝရှိတဲ့နိုင်ငံတွေမှာဆိုရင် ဒီလို အသရေဖျက်တဲ့ ဥပဒေမျိုးတွေဟာ ရာဇဝတ်မှုဥပဒေမျိုးမဖြစ်ရဘူး။ ဒီလိုဖြစ်လာရင် ဒီဥပဒေတွေကို ကိုင်တွယ်ပြီးတော့ နိုင်ငံရေးအရ ဖိနှိပ်မှုတွေ လုပ်လို့ရတယ်။ ဒါကြောင့် တရားမမှုအနေနဲ့ ပြောင်းလဲဖို့လိုတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ကာလတစ်လျှောက်တွင် အစိုးရ၊ တပ်မတော် အစရှိသည့် အာဏာရှိသူများက အဆိုပါပုဒ်မများကိုအသုံးပြုကာ ပြည်သူများကို တရားစွဲဆိုခဲ့သည့် အမှုပေါင်းများစွာရှိခဲ့ကြောင်း ကိုရဲဝေက ဆိုသည်။

“ဒီဥပဒေတွေကို တစ်ခုတည်းဖြစ်အောင် ပြင်ဆင်ဖို့လိုတယ်ဆိုတဲ့အကြောင်းကို အဓိကတင်ပြတောင်းဆိုခဲ့တယ်။ လက်ရှိ ရှိနေတဲ့ အသရေဖျက်မှုဥပဒေတွေရဲ့ အဓိပ္ပာယ်တွေက အတူတူပဲဖြစ်တော့ အခုလိုဖောင်းပွနေရင် ဥပဒေတစ်ခုနဲ့တစ်ခုမှာ ဟာကွက်တွေရှိနိုင်တယ်။ ဥပဒေသဘောတရားအရ အချင်းချင်း ပဋိပက္ခတွေဖြစ်နိုင်တယ်။ ဒါကို အစိုးရအသစ်နဲ့ လွှတ်တော်အသစ်တွေက ပြုပြင်ပြောင်းလဲမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိ အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်၌ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များကို ပိုမိုပိတ်ပင်လာသည်ကို တွေ့ရကြောင်းနှင့် လူများစွာ၏ လွတ်လပ်ခွင့်များကို ချုပ်ကိုင်ထားသည်ကို တွေ့လာရကြောင်း တောင်းဆိုရာတွင်ပါဝင်သည့် ရခိုင်ပြည်နယ်အခြေစိုက် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဒါရိုက်တာ ဦးခိုင်ကောင်းစံက ဆိုသည်။

“လက်ရှိ ရခိုင်ပြည်နယ်မှာဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အတင်းအဓမ္မ ဖမ်းဆီးမှုတွေ၊ ခေါ်ယူစစ်ဆေး မေးမြန်းပြီး သေဆုံးသွားသူတွေရဲ့ အမှုကိစ္စတွေကိုကျတော့ တရားစွဲဆိုတာတွေမရှိဘဲနဲ့ တက်ကြွလှုပ်ရှားတဲ့ အရပ်ဘက်အဖွဲ့အစည်းက လူတွေကိုကျတော့ လိုရာဥပဒေတွေနဲ့ တရားစွဲဆိုတာတွေ လုပ်နေတာရှိတယ်။ ဒါတွေက ဒီပြည်နယ်ရဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ အစိုးရနဲ့ပြည်သူကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေး စတာတွေမှာ အဟန့်အတားတွေ ဖြစ်စေနိုင်ပါတယ်” ဟု သူကပြောသည်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ တာဝန်ထမ်းဆောင်သည့် ၂၀၁၅ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့အထိ ၄ နှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင် လွပ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်နှင့်ပတ်သက်၍ အမှုဖွင့်တရားစွဲဆိုခဲ့သည့်အမှုပေါင်း ၅၃၉ မှုအထိ ရှိခဲ့ကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုမှုမှာ အများဆုံးဖြစ်ကြောင်း အသံအဖွဲ့၏ စစ်တမ်းများအရ သိရသည်။

အဆိုပါ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အပါအဝင် အသရေဖျက်မှုပုဒ်မခြောက်ခုကို ပြုပြင်ပြောင်းလဲပေးရန် တောင်းဆိုသည့်အဆိုပြုလွှာကို လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း (မြန်မာ) (FEM)မှ သုတေသနပြုလုပ်ခဲ့ခြင်းဖြစ်ကာ မြန်မာပြည်ရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာများ၊ ရှေ့နေများ၊ တရားသူကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၂ နှစ်ကြာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

Most read this week

September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...
စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...