လူငယ်များ ပညာသင်ကြားခွင့်ရရန် ရခိုင်မြောက်ပိုင်းတွင် အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆို

လူငယ်များ ပညာသင်ကြားခွင့်ရရန် ရခိုင်မြောက်ပိုင်းတွင် အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆို

နှင်းနွယ် - မြန်မာနိုင်ငံရှိ ကျောင်းသူကျောင်းသားအများစုမှာ ကိုဗစ်ကာလ ကျောင်းများပိတ်ပင်ထားသည့်အတွက် အွန်လိုင်းမှတဆင့် သင်တန်းများတက်ရောက်လေ့လာ သင်ကြားနေကြသော်လည်း ရခိုင်ပြည်မြောက်ပိုင်းရှိ ကျောင်းသားများမှာ အင်တာနက်မရရှိသည့်အတွက် ပညာရေးလေ့လာမှုအပိုင်းတွင် အခွင့်အလမ်းများစွာ ဆုံးရှုံးနေကြရသည်။

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်နိုင်တင်းရောဂါကြောင့် တစ်နိုင်ငံလုံးတွင် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များအားလုံး ပိတ်ပင်ထားသည့်အတွက် ကျောင်းသားအများစုမှာ အွန်လိုင်းမှတဆင့် သင်ခန်းစာ များကို လက်လှမ်းမှီသလောက် တက်ရောက်လေ့လာသင်ယူနေကြသည်။

သို့သော် ရခိုင်ပြည်နယ်အတွင်းမှ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ အမ်း၊ မြေပုံ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော စသည့်မြို့နယ်များတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့ကစတင်ကာ အင်တာနက်ဖြတ်တောက်ထားသည့်အတွက် ယင်းဒေသမှကျောင်းသားများမှာ ပညာလေ့လာသင်ယူခွင့် မရရှိကြပေ။

စစ်တွေနည်းပညာတက္ကသိုလ်တွင် တတိယနှစ်တက်ရောက်နေသည့် မြောက်ဦးမြို့နယ်မှ မောင်မြတ်မင်းကျော်က “ကျောင်းကလည်း ဘယ်အချိန်ထိ ပိတ်ထားမလဲဆိုတာ မသိနိုင်ဘူး။ တခြား သင်တန်းတွေဘာတွေ တက်နေဖို့ ကလည်း 2G နဲ့က ဘာမှလုပ်မရဘူး။ အွန်လိုင်းမှာ သင်တန်းခေါ်နေတာတွေကို တွေ့တယ်။ တက်လည်း တက်ချင်တယ်။ ဒါပေမဲ့ သင်တန်းတက်ဖို့အချက်အလက်တွေ ဖြည့်ရမယ့်အချိန်ကျတော့ လိုင်းမကောင်းတော့ ဘာမှ လုပ်မရတော့ဘူး။ အင်တာနက်ရတဲ့နေရာက လူတွေထက်တော့ အခွင့်အလမ်းတွေ တက်လမ်းတွေနည်းသွားတာပေါ့’’ဟု ပြောသည်။

ကိုဗစ်ကြောင့် ပညာရေးကို တစ်ပိုင်းတစ်စဖြင့် ရပ်နားလိုက်ရသော်လည်း အချိန်များ အလဟသမဖြစ်စေရန် တခြားသူများနှင့်တန်းတူ အွန်လိုင်းမှသင်တန်းတစ်ခုခုကို လေ့လာသင်ယူခွင့် ရချင်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

အလားတူ တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ထားသည့် ကျောင်းသူ၊ကျောင်းသားများမှာလည်း တက္ကသိုလ် တက်ခွင့်မရသေးသည့် အချိန်ကြားကာလ၌ ကွန်ပျူတာသင်တန်း သို့မဟုတ် အင်္ဂလိပ်စကားပြောသင်တန်းများ တက်ကာ လေ့လာသင်ယူချင်ကြသော်လည်း သင်တန်းများပိတ်ထားသည့်အတွက် သင်ယူရန်အခက်အခဲများ ရှိနေကြသည်။

ထိုသို့အခြေအနေအမျိုးမျိုးကြောင့် သင်တန်းတက်ရောက်ခွင့်မရသော်လည်း မိမိဝါသနာပါသည့်အရာများကို အိမ်၌နေ၍ လေ့လာသင်ယူနိုင်ရန် အင်တာနက်ပြန်ဖွင့်ပေးစေချင်သည်ဟု ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူ မကြည်ကြည်လှက တောင်းဆိုသည်။

“အင်တာနက်ရတဲ့လူတွေကျတော့ ကျောင်းတွေမဖွင့်သေးလည်း ပြဿနာမရှိဘူး။ အွန်လိုင်းကနေ ကိုယ်တက် ချင်တဲ့ သင်တန်းတက်ပြီး ကိုယ်လေ့လာချင်တဲ့အရာကို လေ့လာနေကြတယ်။ သူတို့ကျတော့ ပိုထူးထူးချွန်ချွန် ဖြစ်သွားပြီး ကျမတို့ကျတော့ ဘာမှမသိ၊မတတ်နဲ့။ ဘယ်နေရာမှာ ဘာဖြစ်နေတယ်ဆိုတာတောင် သိပိုင်ခွင့် မရှိဘူး။ အားလုံး မျက်စိပိတ်၊နားပိတ်ဖြစ်နေပြီ။ ဒါက ကျမတို့လို ရည်မှန်းချက်တွေရှိတဲ့ လူငယ်တွေအတွက် အရမ်းကိုနစ်နာစေတယ်” ဟု ၎င်းကပြောသည်။

ထို့ကြောင့် လူငယ်များအနေဖြင့် အသက်မွေးဝမ်းကျောင်းအတွက်အထောက်အကူပြုမည့် သင်တန်းများကို လေ့လာသင်ယူခွင့်ရရန်နှင့် သတင်းအချက်အလက်များကိုလည်း အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန်အတွက် အင်တာနက်ပြန်ဖွင့်ပေးရန် လိုလားနေကြသည်။

အင်တာနက်ဖြတ်တောက်ထားမှုကြောင့် သတင်းအချက်အလက်ရယူသိရှိမှုအပိုင်းတွင် အားနည်းကာ လူတိုင်း ပညာသင်ကြားခွင့်ရရှိရေးဆိုသည့် အပိုင်းကဏ္ဍတွင် လူငယ်များအနေဖြင့် အခွင့်အလမ်းများစွာ ဆုံးရှုံးနေရ သည်ဟု Akyab Institute(လူမှုသိပ္ပံကျောင်း)မှ ပညာရေးအရာရှိ ကိုမင်းသန်းစိုးက ပြောသည်။

“တချို့လူငယ်တွေဆိုရင် ကျနော်တို့ကျောင်းကလူခေါ်တာကိုစောင့်နေကြတယ်။ ဒါပေမယ့် ကျောင်းသားတွေ ခေါ်တဲ့အချိန်ကျတော့ အင်တာနက်မရတော့ သူတို့မသိလိုက်ကြဘူး။ တစ်ချို့ကျောင်းသားတွေဆိုရင်လည်း အွန်လိုင်းကသင်တန်းက တက်ချင်လွန်းလို့ မြို့ပြင်ကိုသွားသုံးကြတယ်။ ညဉ့်တစ်နာရီ၊ နှစ်နာရီမှာ ထပြီးလိုင်းသုံး ကြတယ်။ ဒီလိုမျိုးပညာကို ခက်ခက်ခဲခဲ လေ့လာနေကြရတာ’’ ဟု ၎င်းကဆိုသည်။

ထို့ကြောင့် နောက်တက်လာမည့် အစိုးရသစ်အနေဖြင့် လူငယ်များ၏ပညာရေးကို အမှန်တကယ် အလေး ထားသည်ဆိုလျှင် အင်တာနက်ဖြတ်တောက်ထားသည့်ဒေသမှ ကျောင်းသားများအတွက် အလေးထား တွေးကာ အင်တာနက်ကိုအမြန်ဆုံးပြန်ဖွင့်ပေးစေချင်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

COVID-19 ရောဂါကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် မတ်လအတွင်းကပင် တက္ကသိုလ်ကျောင်းများကို ပိတ်ထား ခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်းများကိုလည်း သြဂုတ်လအတွင်းမှ စတင်ကာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...