ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်စတင်ရန် မျှော်လင့်ကြောင်း AA ထုတ်ပြန်

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်စတင်ရန် မျှော်လင့်ကြောင်း AA ထုတ်ပြန်

မြန်မာ့တပ်မတော်နှင့် အွန်လိုင်းမှ ဆွေးနွေးအပြီးတွင် မြောက်ပိုင်းမဟာမိတ်များနှင့် ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်မည်ဟု ယုံကြည်ကြောင်း ရက္ခိုင့် တပ်တော် AA ၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

“အကောင်းဖက်မှကြည့်သော် တစ်နှစ်နီးပါးကြာရပ်တန့်နေခဲ့သော မိမိတို့ မြောက်ပိုင်းမဟာ မိတ်များနှင့် တွေ့ ဆုံဆွေးနွေးနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများလည်း ပြန်လည်စတင်နိုင်လိမ့် မည်ဟု ၎င်းတို့အဖွဲ့ အစည်းများမှ ယုံကြည်မျှော်လင့် နေကြပါသည်” ဟု AA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် နှစ်ဖက် လူချင်း တွေ့ဆုံဆွေးနွေးနိုင်မည့် အခြေအနေတစ်ရပ်ကို ဆက်လက်ဆွေးနွေးညှိနှိုင်း နေကြဆဲဖြစ်ကြသည်ဟု ULA/AA ၏ ထုတ်ပြန်ချက်အရသိရသည်။

တပ်မတော်နှင့် AA နှစ်ဖက်ခေါင်းဆောင်များက နိုဝင်ဘာလ ၂၅ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် မိနစ် ၃၀ ကြာ အကြမ်းဖျင်း ဆွေးနွေးခဲ့ကြကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့ (ယနေ့) တွင် ULA/AA က ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၈) ရက် ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့်နောက်တွင် မြန်မာ့တပ်မတော် ဖက်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အပြုသဘော ဆောင်သည့်ထုတ်ပြန် ကြေညာ ချက်တစ်ရပ်ကို နိုဝင်ဘာလ (၁၂) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာ့တပ်မတော်၏ အဆိုပါထုတ်ပြန် ချက်၌ ULA/AA ၏ နိုဝင်ဘာလ (၁၂) ရက်နေ့ထုတ်ပြန်ကြေညာချက်ကိုလည်း အပြုသဘောဖြင့်ကြို ဆို ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

အဆိုပါထုတ်ပြန်ချက်များအပြီးတွင် မြန်မာ့တပ်မတော်မှ ရခိုင်၊ပလက်ဝဒေသများအတွင်း စစ်ရေးလှုပ်ရှားမှု၊ ရိက္ခာ၊ လက်နက်ခဲယမ်း သယ်ယူပို့ဆောင်နေမှုများရှိသော်လည်း မြေပြင်၌ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခြင်း "လုံးဝ" မရှိတော့ဘဲ တိုက်ပွဲများသည်လည်း သိသာစွာ လျော့ကျခဲ့ပြီး နှစ်ဖက်တိုက်ပွဲ မဖြစ်ပွားခဲ့သည် မှာ ရက်ပေါင်း (၂၀) ကျော်ခဲ့ပြီဖြစ်သည်ဟု ULA/AA က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဆက်စပ်ရွေးကောက်ပွဲများ ပြန်လည်ကျင်းပရန်နှင့် ရိက္ခာပြတ်လပ်နေသော ကျေးရွာများသို့ ဆေးဝါးနှင့် ရိက္ခာ သယ်ယူပို့ဆောင်ရန် ရရှိထားသည့် နှစ်ဘက်ယုံကြည်မှုကို ဆက်ထိန်းရန် တပ်မတော်နှင့် ဆွေးနွေးခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

ULA/AA ၏ ထုတ်ပြန်ချက်ထဲတွင် “ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့သည့် မြို့နယ်များအားလုံး၌ ပြည်သူများ ၏မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် လွတ်လပ်မျှတ သောရွေးကောက်ပွဲ ၏စံချိန်စံညွှန်းနှင့်ပြည့်စုံရန်အတွက် ဆက်စပ်ရွေးကောက်ပွဲများကို အချိန်မီ ပြန်လည်ကျင်းပနိုင်ရန်၊ အခြေခံ စားသောက်ကုန်၊ ရိက္ခာ၊ ဆေးဝါးများပြတ်လပ်နေပြီး သယ်ယူပို့ဆောင်ရန်အခက်အခဲဖြစ်နေသော ကျေးရွာ များအားလုံးသို့ ဆေးဝါး၊ ရိက္ခာများ အမြန်ဆုံးရောက်ရှိနိုင်ရေး နှင့် အန္တရာယ်ကင်းစွာသယ်ယူပို့ ဆောင်နိုင် ရေးကို နှစ်ဖက်စလုံးမှ အလေးထားဆောင်ရွက်ကြရန်၊ရရှိထားပြီးသော အပြန်အလှန် နားလည်မှု၊ ယုံကြည် မှုများကို ဆက်လက်ထိန်းသိမ်းသွားကြရန်၊ စသည့်အချက်များကို အကြမ်းအားဖြင့် ပြောဆိုဆွေး နွေးခဲ့ကြ ပါသည်” ဟု ဖော်ပြထားသည်။

ထိုဆွေးနွေးပွဲတွင် ULA/AA ဖက်မှ ထို ဆွေးနွေးချက်ချက်များနှင့် ဆက်စပ်သည့် အကြံပြုချက် များကို လည်း ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု ULA/AA က ဆိုသည်။

“တိုက်ပွဲကာလများအတွင်း ပိတ်ဆို့နေသောကုန်းလမ်း၊ ရေလမ်းများတွင် ဒေသခံပြည်သူလူထုများ စိုးရိမ် ကြောင့်ကြ ကင်းမဲ့စွာဖြင့်ခရီးသွားလာနိုင်ရန် နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို အန္တရာယ် ကင်း စွာသယ်ယူ ပို့ဆောင် နိုင်ရန်၊တိုက်ပွဲဖြစ်ပွားရာ ဒေသများအားလုံးမှ ပြည်သူလူထု များ၏ဘဝလုံခြုံမှု၊ ငြိမ်း ချမ်းမှု အတွက် နည်းလမ်းများရှာဖွေပြီး ဆောင်ရွက်သွားရန်၊ စသည့်အချက် (၂) ချက်ကိုလည်း အလေး ထား စဉ်းစားဆောင်ရွက်ပေးရန် ပြောဆိုခဲ့ကြသည်” ဟု ULA/AA ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

ထို့အပြင် ULA/AA ၏ ယနေ့ ထုတ်ပြန်ချက်ထဲတွင်  မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည် တည်ငြိမ်အေး ချမ်းရေးအတွက် နည်းလမ်းများရှာဖွေကာ ဆောင်ရွက်နေကြောင်း ထပ်မံကြားသိရသောကြောင့် ရခိုင်၊ ပလက်ဝဒေသအတွင်း၌ နှစ်နှစ်ကျော်နီးပါး ဆက်တိုက်ဖြစ်ပွားနေခဲ့သော စစ်မက်များရပ်တန့်ကာ ငြိမ်းချမ်း ရေးလမ်းစများ ပွင့်လာမည်လားဟု နိုင်ငံတကာနှင့် မြန်မာတစ်နိုင်ငံလုံးမှ မျှော်လင့်နေကြပါသည် ဟုလည်း ဖော်ပြထားသည်။

အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေကြသည့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ရက္ခိုင့်တပ်တော် ULA/AA၊ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNTJP/MNDAA တို့ ဖြစ်သည်။

ထိုအဖွဲ့များ အနေဖြင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးပါက တစ်ဖွဲ့ချင်းစီ လက် မှတ် ရေးထိုးမည်ဖြစ်သော်လည်း ကြိုတင်ကန့်သတ်ချက်များ မရှိပဲ အတူတကွ တစ်နေရာတည်း တစ်ကြိမ် တည်း တစ်ချိန်တည်း လက်မှတ်ရေးထိုးမည်ဟု ဆိုထားသည်။

ထို့အပြင် ထိုအဖွဲ့များသည် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြင့် ဖွဲ့စည်း ထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များ လည်းဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...