အပစ်ရပ် ထိပ်သီးညီလာခံ လာမည့် နှစ်ဆန်းတွင် ကျင်းပမည်

အပစ်ရပ် ထိပ်သီးညီလာခံ လာမည့် နှစ်ဆန်းတွင် ကျင်းပမည်

လာမည့်နှစ်ဆန်းပိုင်းတွင် အပစ်ရပ်အဖွဲ့များ၏ စတုတ္ထ အကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံ (ဒုတိယ) ပိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်သွားရန် ရှိသည်။

အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က “NCA-S EAO တို့ရဲ့ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယ) ပိုင်းကို လာမယ့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျင်းပဖို့ လျာထား သတ်မှတ်နိုင်ခဲ့ပြီး စုဖွဲ့မှုကို ပြန်လည်သုံးသပ်ဖို့ ဆွေးနွေးနိုင်ခဲ့တယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၂ ရက်တာ ပြုလုပ်သည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ Video Conferencing ဖြင့် ပြုလုပ်သည့် (၁၂/၂၀၂၀) အစည်း အဝေး နိဂုံးချုပ် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ အပစ်ရပ်အဖွဲ့များ၏ စတုတ္ထ အကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံ (ပထမ) ပိုင်း အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြု လုပ်ခဲ့ကြသည်။

အဆိုပါ ညီလာခံတွင် အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST စုဖွဲ့မှုကိစ္စများ၊ PPST မှ ကရင်အမျိုးသား အစည်းအရုံး KNU နုတ်ထွက်စာတင်ထားသည့် ကိစ္စရပ်များ အစရှိသည်များကို ဆွေးနွေးရာတွင် မပြီးပြတ်ခဲ့သည့်အတွက် ညီလာခံ (ဒုတိယ) ပိုင်းကို ဆက်လက်ပြုလုပ်ရန် မေလ ၁၈ ရက် နေ့ အစည်းအဝေးတွင် သဘောတူထားခဲ့ကြခြင်း ဖြစ်သည်။

ညီလာခံကို တစ်လအတွင်း ထပ်မံကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း ကျင်းပ ပြုလုပ်နိုင်ခြင်း မရှိပဲ ကြန့်ကြာနေသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။

ညီလာခံကျင်းပမည့် အခြေအနေနှင့် ပတ်သက်၍ PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက လက် ရှိဖြစ်ပွားနေသည့် ကပ်ရောဂါ ထိန်းချုပ်နိုင်မှုအပေါ်တွင် မူတည်၍ ညီလာခံကို ခေါ်ယူသွားရန်ရှိသည်ဟု ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “Summit က ကျနော်တို့ လုပ်ချင်တာကတော့ တတ်နိုင်သလောက်စောစောပေါ့။ ပထမဆုံးဖြတ်ချက် အားလုံးကတော့ ၂၀၂၀ နှစ်ကုန်ပေါ့ အဲဒီ ဒီဇင်ဘာ မတိုင်ခင်လုပ်ဖို့ ဆုံးဖြတ်ထားတာ ၂ ခါလောက်ရှိပြီ သို့သော် ခရီးသွားလာရေး အခက်အခဲ ကျနော်တို့က လုပ်မယ်ဆိုလည်း ထိုင်းနိုင်ငံမှာ လုပ်မယ် ဆိုရင် ပြည်တွင်းက ခရီးသည်တွေ ကိုယ်စားလှယ်တွေ လာဖို့ စီစဉ်ဖို့ သွားလာရေး အခက်အခဲကို ကျော်ဖြတ် နိုင်ဖို့လိုတော့ ကပ်ရောဂါကြီးကို ဘယ်လိုကျော်မလဲပေါ့။ ကပ်ရောဂါကို ထိန်းချုပ်နိုင်တဲ့ အခြေအနေ ခရီးသွား လာမှုအတွက် ခွင့်ပြုနိုင်တဲ့ အခြေအနေမှာမှ ကျနော်တို့က လုပ်ရတော့မယ့် အခြေအနေဖြစ် သွားပြီ ဒါကြောင့် ကပ်ရောဂါ ကျယ်ပြန့်မှုကို ကြည့်ပြီးတော့ ထိန်းချုပ်နိုင်တဲ့ အခြေအနေအပေါ်မှာ မူတည် ပြီးတော့ ကျနော်တို့ က ကျနောတို့ရဲ့ Summit ကို ခေါ်ယူဖို့ အဲသလို စဉ်းစားထားပါတယ်” ဟု ပြောသည်။

လက်ရှိ ကပ်ရောဂါ အနေအထားများကြောင့် ညီလာခံ ကျင်းပမည့် ရက်ကို တိတိကျကျ သတ်မှတ် နိုင်ခြင်း မရှိသေးပဲ ကပ်ရောဂါ ထိန်းချုပ်မှု အပေါ်မူတည်ပြီး လုပ်ဆောင်သွားရန် ရှိသည်ဟု ဆိုသည်။

ညီလာခံ ကျင်းပမည့် ရက်ကို အတိအကျ သတ်မှတ်၍ မရသေးသော်လည်း ညီလာခံကို ထိုင်း နိုင်ငံ ချင်း မိုင်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ညီလာခံ (ပထမ) ပိုင်းက မပြီး ပြတ်သေးသည့် အကြောင်းအရာများ ကို ဆက်လက် ဆွေးနွေးကြ မည်ဟု သိရသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “လုပ်မယ်ဆိုရင် ထုံစံအတိုင်း ကျနော်တို့ ချင်းမိုင်မြို့မှာပဲ လုပ်မှာပါ။ ဒီဖက်မှာ ရှိတဲ့ ခေါင်းဆောင်တွေလည်း ဒီဖက်မှာ တစ်ခြမ်းရှိတယ်။ ဟိုဖက်မှာလည်း ခေါင်းဆောင်တစ်ချို့ ကျန်တော့ အဲဒါ ခရီးသွားလာရေးကို လွယ်အောင် ကျနော်တို့ စီစဉ်ဖို့လိုတာ” ဟု ပြောသည်။

အပစ်ရပ် အဖွဲ့များ၏ စတုတ္ထ အကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံ (ပထမ) ပိုင်းတွင် တစ် ဆို့နေသည့် နိုင်ငံရေး ဆွေးနွေးမှုများကို ကျော်လွှားနိုင်ရန် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည့် ဆွေးနွေး ညှိ နှိုင်းရေးအဖွဲ့နှင့် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်နိုင်သည့် စုဖွဲ့မှုတစ်ခုကို ဖွဲ့စည်းနိုင်ရန် အ လုပ်အဖွဲ့ဆိုသည့် အဖွဲ့ ၂ ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။

သို့သော် အဆိုပါ အလုပ်အဖွဲ့ ၂ ခုကို နိုဝင်ဘာလအတွင်း ၂ ရက်တာ ပြုလုပ်ခဲ့သည့် NCA အပစ်ရပ်အဖွဲ့များ ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ အစည်းအဝေးတွင် ဖျက်သိမ်း ခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် NLD အစိုးရသစ် မဖွဲ့နိုင်မီ အချိန်တွင် အလွတ်သဘော တွေ့ ဆုံဆွေးနွေးနိုင်ရန် ယာယီ တွေ့ဆုံညှိနှိုင်းရေး အဖွဲ့ကို တစ်ခုကို ဖွဲ့စည်းခဲ့သည်။

ထို့ကြောင့် အစိုးရသစ်၊ တပ်မတော်တို့နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် အပစ်ရပ် အဖွဲ့များ၏ စတုတ္ထအကြိမ် မြောက် ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယ) ပိုင်းတွင် အလုပ်အဖွဲ့အသစ်ကို တရား ဝင် ဖွဲ့စည်း သွားရန်ရှိသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆိုသည်။

၂ ရက်တာ ကျင်းပပြုလုပ်သည့် PPST ၏ အစည်းအဝေးသို့ PPST ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ အအကြံပေးပုဂ္ဂိုလ်များ၊ WLPP (Women Leadership in Peace Process) မှ လေ့လာသူများနှင့် NCA-S EAO ရုံးဝန်ထမ်းများ စုစုပေါင်း လူဦးရေ ၅၀ တက်ရောက်ခဲ့သည်ဟု သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...