ရခိုင်တွင် တိုက်ပွဲများ တစ်ကျော့ပြန်မဖြစ်ပွားရန် နေရပ်ပြန်စစ်ဘေးရှောင်များ လိုလားနေ

ရခိုင်တွင် တိုက်ပွဲများ တစ်ကျော့ပြန်မဖြစ်ပွားရန် နေရပ်ပြန်စစ်ဘေးရှောင်များ လိုလားနေ

ဉာဏ်ဟိန်း - ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲများ တစ်ကျော့ပြန် မဖြစ်ပွားရေးကို လိုလားကြောင်း မိမိနေရပ်သို့ ပြန်လည်ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များက ပြောဆိုကြသည်။

နိုဝင်ဘာ (၈)ရက်နေ့ကကျင်းပသည့် အထွေထွေရွေးကောက်ပွဲနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုမရှိသဖြင့် နေရပ်ပြန် စစ်ဘေးရှောင်များ ရှိလာကြသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုမရှိသောကြောင့် ရသေ့တောင်မြို့နယ်၊ ကံပြင်ကျေးရွာမှ ကြက်ရိုးဆိပ်စစ်ဘေးရှောင် စခန်းတွင် စစ်ဘေးရှောင်နေသည့် စစ်ရှောင်(၁၅၀၀)ခန့်မှာ နိုဝင်ဘာ(၁၅) ရက်နေ့က နေရပ်ကျေးရွာသို့ ပြန်သွားကြပြီး တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရန်လိုလားကြောင်း ကံပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းစိန်က DMG သို့ ပြောသည်။

“ကျွန်တော်တို့ ဒေသခံတွေက တိုက်ပွဲဖြစ်တာ မလိုလားဘူး။ တိုက်ပွဲဖြစ်တော့ ကျွန်တော်တို့မှာ နေရပ်စွန့်ခွာ ထွက်ပြေးရတယ်။ ကျွဲ၊နွားတွေလည်း ဆုံးရှုံးတယ်၊ စီးပွားရေးလည်း ဆုံးရှုံးတယ်။ အခုလိုပဲ တိုက်ပွဲမဖြစ်တာကို လိုလားတယ်။ ကျွန်တော်တို့ကတော့ နှစ်ဖက်စလုံးကို တိုက်ပွဲရပ်စဲဖို့ တောင်းဆိုချင်တယ်” ဟု ၎င်းကဆိုသည်။

ကံပြင်ကျေးရွာဒေသခံ ဦးဦးစံတင်က “ကျွန်တော်တို့က နောက်တိုက်ပွဲဖြစ်မှာကို စိုးရိမ်တယ်။ အခုဆိုရင် စပါးရိတ်ချိန်ဖြစ်တယ်။ ကျွန်တော်တို့လယ်သမားတွေမှာ စပါးမရိတ်လိုက်ရရင် အခက်ခဲတွေ အများကြီးရှိတယ်” ဟု ရှင်းပြသည်။

တိုက်ပွဲများကို အပြီးရပ်စဲပြီး ငြိမ်ချမ်းရေးခိုင်မာလာစေရန် နိုင်ငံရေးစားပွဲဝိုင်းတွင် နှစ်ဖက်ဆွေးသင့်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက သုံးသပ်ပြောဆိုသည်။

“အခုဆိုရင် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ်(၉)မြို့နယ် ရွေးကောက်ပွဲကျင်းပဖို့ ကြေညာချက်ထုတ်တယ်။ တပ်မတော်ကလည်း ကြိုဆိုတယ်ဆိုတော့ အဲဒီနေ့ကစပြီး တိုက်ပွဲဖြစ်တာမရှိဘူး။ အခုလိုမျိုး နှစ်ဖက်စလုံးက ထုတ်ပြန်ချက်တွေဟာ ငြိမ်းချမ်းရေးအတွက် ရှေ့ကိုအလားအလာကောင်းတယ်လို့ မြင်တယ်” ဟု ၎င်းကဆိုသည်။

ကျောက်ဖြူမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ဇိုင်ချောင်း၊ သိုင်းချောင်း၊ လင်းကွေ့၊ ကျောက်ပြောက်၊ စိုင်ခြုံ စသည့်ကျေးရွာများမှ စစ်ဘေးရှောင် ၂၀၀၀ ကျော်မှာလည်း နိုဝင်ဘာ (၁၉)ရက်နေ့က မိမိနေရပ်ကို ပြန်သွားကြကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။

နေရပ်ပြန် စစ်ဘေးရှောင်များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အစိုးရမှ ငွေးကြေးထောက်ပံ့မှုများ လုပ်ဆောင်ပေးသင့်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ထောက်ပြသည်။

“နေရပ်ပြန်သူတွေ မူလအတိုင်း ဖြစ်လာဖို့ဆိုရင် အဓိက သူတို့အတွက် ငွေကြေးအထောက်အပံ့တွေလိုတယ်။ လမ်းခရီးမှာ လုံခြုံဖို့လိုတယ်။ နောက်ပြီးတော့ အခုလိုမျိုး တိုက်ပွဲတွေမရှိဖို့လိုတယ်။ အဲဒီ နေရပ်ပြန်ရွာတွေမှာ မိုင်းတွေရှိရင် ရှင်းဖို့လိုတယ်။ မိုင်းတွေကိုမရှင်းဘဲ ပြန်ရင်တော့ သူတို့အတွက် အသက်အန္တရာယ်စိုးရိမ်းရတဲ့ အခြေအနေမှာရှိတယ်” ဟု မှတ်ချက်ပြုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်တာကာလအတွင်း အိုးအိမ် စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေမှာ ၂ သိန်း ၃ သောင်း ၆ ထောင်ကျော်အထိ ရှိလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ထုတ်ပြန်ထားသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...