နေရပ်ပြန် စစ်ဘေးရှောင်များ ဒေသအတွင်း ကျန်ရှိခဲ့သော မိုင်းနှင့် စစ်လက်နက်အန္တရာယ်များကို စိုးရိမ်နေကြ

နေရပ်ပြန် စစ်ဘေးရှောင်များ ဒေသအတွင်း ကျန်ရှိခဲ့သော မိုင်းနှင့် စစ်လက်နက်အန္တရာယ်များကို စိုးရိမ်နေကြ

နှင်းနွယ် — ရခိုင်ပြည်နယ်အတွင်းက နေရပ်ပြန်စစ်ဘေးရှောင်များမှာ မိမိတို့ဒေသ၌ တိုက်ပွဲဖြစ်ပွားကြသည့် ကာလအတွင်း ကျန်ရှိခဲ့သည့် မိုင်းနှင့် စက်လက်နက်တို့၏ အန္တရာယ်များကို စိုးရိမ်နေကြသည်။

မိမိနေရပ်သို့ ပြန်သွားကြသူအများစုမှာ လယ်ယာလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းတို့ကို လုပ်ကိုင်နေသူမျာဖြစ်ကြပြီး လယ်သမားတို့မှာ စပါးရိတ်သိမ်းမည့်အချိန်လည်း ဖြစ်သည့်အတွက် ကျေးရွာ၌ကျန်နေခဲ့သည့် မိုးစပါးများကို ဒေသတည်ငြိမ်နေချိန် ရိတ်သိမ်းရန်ရည်ရွယ်ချက်ဖြင့် ပြန်လာကြခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။

ရသေ့တောင်မြို့နယ်၊ ကြက်ရိုးဆစ်စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေခဲ့ပြီးနောက် နေရပ်ပြန်လာသည့် ကန်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းစိန်က “လယ်ကွင်းတွေထဲမှာ လက်နက်ကြီးတွေကျန်ခဲ့မှာကို ကြောက်ပြီး အလုပ်သမားတွေတောင် ငှားမရတော့ဘူး။ စပါးရိတ်သိမ်းစက်တွေနဲ့ ဆင်းရိတ်ရင်လည်း စက်နဲ့နင်းမိပြီး ထပေါက်မှာကို စိုးရိမ်တဲ့အတွက် စက်တွေနဲ့လည်း ဆင်းမရိတ်ရဲကြဘူးဖြစ်နေတယ်” ဟု DMG သို့ပြောသည်။

အလားတူ ရသေ့တောင်မြို့နယ်၊ ရွှေလောင်းတင်ကျေးရွာသားများမှာလည်း လက်နက်ကြီးများ၊ မိုင်းများကို စိုးရိမ်မိသော်လည်း စပါးများကို အခက်အခဲများကြားက ရင်းနှီးမြှုပ်နှံကာ စိုက်ပျိုးထားခြင်းဖြစ်သည့်အတွက် လာရောက်ရိတ်သိမ်းနေကြခြင်းဖြစ်‌ကြောင်း ရွှေလောင်းတင်ကျေးရွာသား ကိုစောမြင့်ထွန်း ထံမှသိရသည်။

“ကျနော်တို့အနေနဲ့လည်း မိုင်းတွေထပေါက်မှာကို စိုးရိမ်တာပေါ့။ ဒါပေမယ့် မရိတ်သိမ်းလို့လည်း မရဘူးလေ။ ကိုယ့်ခါးကိုယ်ထောက်ပြီး မရှိတဲ့ကြားက အရင်းအနှီးထုတ်ပြီး စိုက်ပျိုးထားရတာဆိုတော့ မဆုံးရှုံးစေချင်ဘူး။ ဒါကြောင့် အရဲစွန့်ပြီး လာသိမ်းရတာ” ဟု ၎င်းကဆက်၍ရှင်းပြသည်။

လက်ရှိအချိန်၌ တိုက်ပွဲဖြစ်ပွားမှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် တပ်မတော်စစ်ကြောင်းများက ကျေးရွာအတွင်းသို့ ဝင်ရောက်ဖမ်းဆီးမှုများ လျော့ကျသွားသည့်အတွက် ရသေ့တောင်မြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့အတွင်းမှ ဒေသခံ လေးထောင်ကျော်ခန့်မှာ မိမိဒေသသို့ပြန်ကြပြီ ဖြစ်သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ရခိုင်ပြည်နယ်တွင် ယခုလ (နိုဝင်ဘာလ)တွင်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးသူ (၃)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၉)ဦးထိ ရှိနေပြီဖြစ်သည်။

ထို့ကြောင့် အစိုးရအနေဖြင့် မိုင်းအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးမှုများနှင့် မိုင်းရှင်းလင်းရေးအဖွဲ့များ ခေါ်ကာ ရှင်းလင်းရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးသင့်ကြောင့် ရသေ့တောင်မြို့ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

“မိုင်းဆိုတာကလည်း ကြောက်စရာကောင်းတဲ့ လက်နက်တစ်ခုဖြစ်တဲ့အတွက် မိုင်းအသိပညာပေးမှုကို အစိုးရက လုပ်ပေးသင့်တယ်။ ပြည်သူတွေက ဘယ်နေရာမှာ မိုင်းရှိတယ်ဆိုတာလည်း သိတာမဟုတ်ဘူး။ တိုက်ပွဲဖြစ်တဲ့နေရာမှာ မိုင်းရှိမယ်ဆိုတာတော့ ထင်မြင်လို့ရတယ်။ ဒါတွေကို မိုင်းရှင်းလင်းရေး အဖွဲ့အစည်းတွေနဲ့ လုပ်ပေးသင့်တယ်” ဟု ၎င်းကဆက်၍ဆိုသည်။

ရခိုင်ပြည်အတွင်း ပြုလုပ်နေသော ထိုးစစ်ဆင်တိုက်ခိုက်နေမှုမျာကိုရပ်တန့်ပြီး တစ်နိုင်ငံလုံးအတိုင်းတာ လွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေးကို ကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် NLD အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း AA ၏နိုင်ဝင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ချက်ကို တပ်မတော်က ကြိုဆိုကြောင်း ထုတ်ပြန်ပြီးနောက် ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှု လျော့နည်းလာသည်ကို တွေ့ရသည်။

ထိုသို့ တိုက်ပွဲများလျော့ကျကာ ဒေသတည်ငြိမ်လာသည့်အတွက် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့မှ စစ်ဘေး ရှောင်များမှာလည်း နေရပ်သို့ ပြန်နိုင်ရန် မျှော်လင့်နေကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားမှု (၂)နှစ်တာကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်ဦးရေ ၂သိန်း၃သောင်း ၆ထောင်ကျော်ထိရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ စာရင်းအရ သိရသည်။

Most read this week

စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...