ရခိုင်က စစ်ဘေးရှောင်စခန်းများတွင် ဆောင်းတွင်းကာလအတွက် အနွေးထည်နှင့်စောင်များ လိုအပ်နေ

ရခိုင်က စစ်ဘေးရှောင်စခန်းများတွင် ဆောင်းတွင်းကာလအတွက် အနွေးထည်နှင့်စောင်များ လိုအပ်နေ

မျိုးသီရိကျော် - တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်များမှာ ယခုဆောင်းတွင်းကာလအတွက် အနွေးထည်နှင့်စောင်များ လိုအပ်လျက်ရှိနေသည်။

လူဦးရေ ၁၃၀၀ ကျော်ရှိသည့် မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းမှ လူဦးရေ ထက်ဝက်ကျော်တွင် လက်ရှိအချိန်ထိ အနွေးထည်နှင့်စောင်များ မရှိသေးကြောင်း စခန်းတာဝန်ခံ ဦးဝင်းလှအောင်က ဆိုသည်။

“ကိုယ်ဝန်သည်၊ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေပေ့ါနော်။ သူတို့မှာ အနွေးထည်တွေ မရှိကြသေးဘူး။ အရင် နှစ်ကတည်းက နေကြတဲ့လူတွေမှာပဲရှိတာ။ တစ်မိသားစုမှာ စောင်တထည်တောင်မရှိကြဘူး။ ဆောင်းဝင်ခါစ ဖြစ်တာကြောင့် နေမကောင်းလည်းဖြစ်ကြတယ်။ နှာစေး၊ ချောင်းဆိုး၊ ဖျားနေတဲ့လူတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

အလားတူ မင်းပြားမြို့နယ်မှ လူဦးရေ တစ်ထောင်ကျော်ရှိသည့် အမ်းသားရွာစစ်ဘေးရှောင်စခန်းတွင်လည်း ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက အဖွဲ့အစည်းတစ်ခုမှ စောင်များလာရောက်ထောက်ပံ့ခဲ့သော်လည်း လူဦးရေများပြားသဖြင့် လုံလောက်မှုမရှိဘဲဖြစ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူ ကိုအမ်းသားကြီးက ပြောသည်။

“ကျနော်တို့ စစ်ဘေးရှောင်စခန်းကို ဒီကာလမှာ လာရောက်ထောက်ပံ့သူတွေလည်း နည်းတယ်ဆိုတော့ ပိုအခက်အခဲဖြစ်နေပါတယ်။ အနွေးထည်တွေအပြင် စားဝတ်နေရေးတွေလည်း အခက်အခဲရှိနေတယ်။ ကျနော်တို့ အဖွဲ့အစည်းတခုတည်းနဲ့ စားဝတ်နေရေးအဆင်ပြေအောင် လုပ်ဆောင်ပေးနေရတာလည်း လုံလောက်မှု မရှိနိုင်ပါဘူး” ဟု ၎င်းကဆိုသည်။

ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်လည်း ယခုနှစ်အတွင်း ထွက်ပြေးတိမ်းရှောင်လာ ကြသည့် စစ်ဘေးရှောင်များတွင် အနွေးထည်နှင့်စောင်မရှိသည့်အတွက် ကျန်းမာရေးချို့တဲ့သူ အများအပြား ရှိလာနေသည်ဟု စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ဆိုသည်။

“ကျနော်တို့ စစ်ဘေးရှောင်စခန်းမှာ တစ်ပတ်မှာ လူ ၃၀ နဲ့၅၀ အကြား နေမကောင်းသူတွေရှိပါတယ်။ စောင်တွေကို အခုချိန်ကတည်းက ပေးထားမှပဲ အရမ်းအေးလာတဲ့အချိန်မှာ အဆင်ပြေမှာ”ဟု ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စစ်ဘေးရှောင်စခန်းသည် အစိုးရမှဆောက်လုပ်ပေးထားသည့် စစ်ဘေးရှောင် စခန်းဖြစ်သော်လည်း ဆန်မှအပ အခြားလူသုံးကုန်ပစ္စည်းများ မရရှိကြသဖြင့် ဆောင်းရာသီအတွက် အခက်အခဲ ရှိနေကြောင်း စခန်းတာဝန်ခံ ဦးမောင်အေးချေက ဆိုသည်။

“အစိုးရစစ်ဘေးရှောင်စခန်းဆိုပေမဲ့ ကျနော်တို့ကို ထောက်ပံ့ပေးတာဟာ ဆန်တခုတည်းရှိပါတယ်။ အခြား လူသုံးကုန်ပစ္စည်းတွေတော့ မရပါဘူး။ အခုလည်း ဆောင်းရာသီရောက်နေပြီ၊ သူတို့(အစိုးရ)ဆီက ဘာမှ ထောက်ပံ့ပေးလာတာ မရှိသေးဘူး။ သူတို့ဆီကမပေးရင် ကျနော်တို့ဆင်းရဲသားတွေမှာ ဝတ်စရာမရှိဘူး” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ၂ နှစ်တာကာလအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့်စစ်ဘေးရှောင်ဦးရေမှာ ၂ သိန်း ၃ သောင်း ၆ ထောင်ကျော်အထိ ရှိလာ နေပြီး အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။

Most read this week

စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...