ရခိုင်လွှတ်တော်တွင် အစိုးရကိုထိန်းကျောင်းမှု ပိုမိုလျော့နည်းလာနိုင်ဟုဆို

ရခိုင်လွှတ်တော်တွင် အစိုးရကိုထိန်းကျောင်းမှု ပိုမိုလျော့နည်းလာနိုင်ဟုဆို

ခင်သရဖီဦး — လွှတ်တော်ကိုယ်စားလှယ်အရေအတွက် လျော့နည်းခဲ့ရသော ရွေးကောက်ပွဲကြောင့် လာမည့် ရခိုင်ပြည်နယ် လွှတ်တော်အခင်းအကျင်းအရ အစိုးရအားထိန်းကျောင်းမှုတွင် ယခင်လွှတ်တော်ထက် ပို၍အားနည်းလာ နိုင်ကြောင်း ရခိုင်ပြည်နယ်တွင် မဲဆန္ဒနယ်များတွင် အများဆုံးအနိုင်ရရှိထားသည့် ရခိုင်အမျိုးသားပါတီ(ANP)က သုံးသပ်ပြောဆိုသည်။

၂၀၁၅ အခင်းအကျင်းတွင် ပြည်နယ်လွှတ်တော်၌ ကိုယ်စားလှယ်အစုံအလင်ရှိသည့်အချိန်မှာပင် အစိုးရအား ထိန်းကျောင်းမှုတွင် အခက်အခဲရှိသည့်အတွက် ယခုဆိုလျှင် ပို၍ခက်ခဲလာနိုင်သည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှက ပြောသည်။

“အရင်တုန်းက ၂၀၁၅ တုန်းကတောင် လွှတ်တော်ကိုယ်စားလှယ် ၂၃ ယောက်ရှိတာတောင်မှ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို သမ္မတက တာဝန်ခံရတာကြောင့် လွှတ်တော်အနေနဲ့ ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရကိုထိန်းကျောင်းမှုမှာ အားနည်းမှုတွေရှိတယ်။ အရင်ကဆိုရင် ရွေးကောက်ခံ ၃၅ ယောက်ရှိတယ်။ အခုက ၁၅ ယောက်ရှိတယ်။ အဲဒီလို အခင်းအကျင်းမျိုး ဖြစ်သွားတာကြောင့် အစိုးရကိုထိန်းကျောင်းမှုအပိုင်းရော၊ နောက်ဖြစ်ပေါ်လာတဲ့ လွှတ်တော်အခင်းအကျင်းပါ ပိုပြီးအခက်အခဲရှိလာမယ်လို့ မြင်တယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ အခင်းအကျင်းတွင် ရခိုင်ပြည်နယ်လွှတ်တော်၌ စုစုပေါင်း ၄၇ နေရာတွင် ရခိုင်အမျိုးသားပါတီ (ANP)မှ ၂၂ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ (ချင်းတိုင်းရင်းသားဝန်ကြီးပါ) ၉ ဦး ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ၃ ဦး၊ တစ်သီးပုဂ္ဂလတစ်ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၁၂ ဦး ရှိခဲ့ခြင်းဖြစ်သည်။

ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ရခိုင်ပြည်နယ်၌ မြို့နယ်အများစုတွင် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိ သောကြောင့် ရခိုင်ပြည်နယ်လွှတ်တော်တွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအပါအဝင် ကိုယ်စားလှယ် ၁၅ ဦး ခန့်သာ ရှိနေမည်ဖြစ်သည်။

၎င်းကိုယ်စားလှယ်များမှာ ရခိုင်အမျိုးသားပါတီ ANP မှ ၇ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ၁ ဦး ၊ ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ၂ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ၅ ဦး ရှိသည်။

ယခုကဲ့သို့ ပြည်သူလူထုကို ကိုယ်စားပြုသည့် ကိုယ်စားလှယ် နည်းသွားသည့်အတွက်ကြောင့်လည်း လွှတ်တော်အခင်းအကျင်းမှာ ပုံပျက်ပန်းပျက်ဖြစ်သွားနိုင်သည်ဟုလည်း ဦးသာထွန်းလှက ဆက်ပြောသည်။

“လူထုကိုယ်စားလှယ်ကအရေအတွက် နည်းသွားတဲ့အတွက်ကြောင့် အခက်အခဲပိုရှိလာနိုင်တယ်။ လူထု ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်က ၅၀ ရာခိုင်နှုန်းတောင်မပြည့်တဲ့ လွှတ်တော်အခင်းအကျင်း ဖြစ်နေတာကို၊ ၉ မြို့နယ်လုံးက ရွေးကောက်ပွဲမပြုလုပ်၊ ၆ မြို့နယ်နဲ့ နှစ်ခြမ်း ရွေးကောက်ပွဲလုပ်ခဲ့တဲ့ လွှတ်တော်သာ ဖြစ်တာကြောင့် ပုံပျက်ပန်းပျက် လွှတ်တော်အခင်းအကျင်းတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ မြင်တယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်ရှိ ပြည်နယ်လွှတ်တော် ၁၄ နေရာအတွက် ပါတီ ၇ ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း အပါအဝင် စုစုပေါင်းကိုယ်စားလှယ်လောင်း ၇၉ ဦးက မြို့နယ် ၈ မြို့နယ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

Most read this week

စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...