COVID-19 ကြောင့် ဆားတောင်သူများအခက်ကြုံ

COVID-19 ကြောင့် ဆားတောင်သူများအခက်ကြုံ

COVID-19 ကူးစက်ရောဂါကြောင့် မွန်ပြည်နယ်ရှိ ဆားတောင်သူများ လုပ်ငန်းဆက်လက် လည်ပတ်ရေး အခက်ကြုံ နေရသည်ဟု ပြည်နယ်အတွင်းက ဆားတောင်သူများ က ပြောသည်။

တစ်နေရာနှင့် တစ်နေရာသွားလာ၍ မရသည့်အတွက် ဆားဝယ်လိုအားကျ ဆင်းနေပြီး ဆားဈေးကွက်လည်း မရှိသည့်အတွက် လုပ်ငန်းဆက်လက်လည်ပတ်ရန် အခက်အခဲဖြစ်နေရ သည် ဟု သံဖြူဇရပ်မြို့နယ် ပငဆားကွင်းက ဆားတောင်သူ တစ်ဦးက ပြောသည်။

သံဖြူဇရပ်မြို့နယ် ပငဆားကွင်းတွင် ဆားကွင်းဧက ၂၀ ကျော်လုပ်ကိုင်နေသည့် ကိုကျော်သူ က “ဆားတွေ အရောင်းအဝယ်မရှိဘူး၊ ငပိလုပ်တဲ့လူတွေလောက်နဲ့ပဲ နည်းနည်းပါးပါး ရောင်းနေရတာ၊ အရောင်းအဝယ်လဲမရှိ ဈေးလဲမရှိဘူး။ ဆားတွေက ဂိုထောင်မှာပဲ ဒီအတိုင်း ပုံထားရတယ်၊ ကိုဗစ်ကြောင့် ကျနော်တို့ ဆားလုပ်ငန်း အများကြီး ဆုတ်ယုတ်သွားတယ်၊ အကုန်လုံးက အခက်အခဲတွေကြီးပဲ” ဟု ပြောသည်။

လက်ရှိတွင် ဆားကြမ်းဈေး တစ်ပိဿာလျှင် ၇၀ ကျပ်သာရှိကြောင်း ယမန်နှစ်က ယခုကဲ့သို့ ဆားလုပ်ရာသီ အစတွင် ဆားကြမ်းတစ်ပိဿာဈေး ၂၀၀ ကျပ် အထိ ရှိခဲ့သည်ဟု ပငဆားတောင်သူများ က ပြောသည်။

မွန်ပြည်နယ်တွင် ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလ လယ်ခန့်တွင် စတင်ပြင်ဆင်ကြပြီး နိုဝင်ဘာလဆန်းတွင် ပင်လယ်ရေတင်ပြီး နေလှမ်းခြင်းကို စတင်လုပ်ကိုင်ကြသည်ဟု ပငဆားတောင်သူများ၏ ပြောပြချက်အရ သိရသည်။

“ဆားလုပ်ငန်းက အရောင်းအဝယ်မရှိလို့ ဈေးမရှိလို့ ဆားတွေ ပုံနေလို့ မလုပ်ပဲ နားလိုက်လို့လည်း မရဘူး၊ အချိန်ရောက်ရင် လုပ်ရတယ်၊ အတော်ကို အခက်အခဲရှိပါတယ်၊ သွားလာလို့ရဖို့ပဲ မျှော်နေရတယ်။ သွားလို့ရပြီး ဆိုရင် အရောင်းအဝယ်တွေလဲရှိလာမယ်။ ဒီအတိုင်းဆိုရင် မလွယ်ဘူး ဆားအသစ်လဲ ထွက်လာတော့မယ်။ ဆားအဟောင်းကလဲ ဒီအတိုင်းပုံနေတယ်” ဟု ပငဆားကွင်းမှ ဆားတောင်သူ ဦးအောင် က ပြောသည်။

ယခုကဲ့သို့ အသွားအလာများ ကန့်သတ်ထားမှုကြောင့် ဆားလုပ်ငန်းခွင်တွင် လုပ်ကိုင်ရန် အခြားဒေသက အလုပ်သမားများ ခေါ်မရသည့်အတွက် အလုပ်သမား အခက်အခဲလည်းရှိနေသည်ဟု ဆားတောင်သူ ဦးအောင် က ဆက်ပြောသည်။

COVID-19 ကူးစက်ရောဂါကြောင့် အခက်အခဲဖြစ်နေကြသည့် ဆားတောင်သူများက အစိုးရမှ ထုတ်ချေးပေး မည့် ကိုဗစ်ကုစားချေးငွေများ ရရှိရန် မျှော်လင့်နေကြသည်။

ကိုဗစ်ကုစားချေးငွေများရရှိပါက ဆားလုပ်ငန်းဆက်လက်လုပ်ကိုင်ရန်အတွက် များစွာအထောက်အကူဖြစ် အဆင်ပြေနိုင်သည်ဟုလည်း ဆားတောင်သူများက ပြောသည်။

“ကျနော်တို့ ဆားထုတ်လုပ်သူများအသင်းကနေ ကိုဗစ်ကုစားချေးငွေတင်ပြထားတဲ့အထဲမှာ အားလုံး ၅၆ ဦးကျထားပါတယ်၊ အခုချိန် အထိတော့ ငွေထုတ်ဖို့ စာမရသေးဘူး” ဟု မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးဝင်းထိန်က ပြောသည်။

မွန်ပြည်နယ်မှ ထွက်သည့်ဆားများကို ပြည်နယ်အတွင်း အသုံးပြုသည့်အပြင် အထက်မြန်မာပြည် မန္တလေး ဈေးကွက်နှင့် တနသာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းဈေးကွက်များသို့လည်း အဓိက တင်ပို့ရောင်းချနေ သည်ဟု ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ ကျိုက်ခမီမြို့ နှင့် စက်စဲ ပေါင်မြို့နယ် ထန်းပင်ချောင်း ရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျေးရွာတို့သည် နေလှမ်းဆားအများအပြား ထုတ်လုပ်ရာဒေသများ ဖြစ်သည်။

August 19, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်၊ NUG အမှတ် (၁) စစ်ဒေသ ထိန်းချုပ်ထားသည့်...
August 19, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အာရက္ခတပ်တော် (AA) ထံ စစ်မှုထမ်းရန် လာရောက်...
August 19, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့သည်မှာ ၃ ပတ်နီးပါး...
ဓါတ်ပုံ - (ပုံဟောင်း - Crd)
August 18, 2026
မကွေးတိုင်းအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်နေသည့်အပြင်...