ဗဟိုချုပ်ကိုင်မှုကို လျှော့ချရန် အပါအဝင် တိုင်းရင်းသားများအတွက် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးကို ရရှိအောင် လုပ်ဆောင်ပေးရန် မျှော်မှန်းထားသည့် တိုင်းရင်းသားပါတီများကို မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲပေးရန် တိုင်းရင်းသားပါတီ အချို့က တိုက်တွန်း ပြောဆိုလိုက်သည်။
ဗဟိုချုပ်ကိုင်မှုကို လျှော့ချနိုင်ပါက တိုင်းရင်းသားများ လိုချင်နေသည့် တန်းတူရေး၊ လွတ်လပ်ခွင့်၊ ကိုယ် ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေကို ရရှိနိုင်မည်ဟု တိုင်းရင်းသားပါတီများက ပြောသည်။
ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “ကျနော်တို့ရဲ့ ဆောင်ပုဒ်ထဲမှာ လည်း တန်းတူညီမျှဖွံ့ဖြိုးဖို့ KNDP ကို မဲပေးစို့ ကိုယ့်ကြမ္မာ ကိုယ်ဖန်ဖို့ရယ် KNDP ကို မဲပေးမယ်ဆိုပြီးတော့ ကျနော်တို့ ကြွေးကြော်ထားတယ်။ စည်းရုံးဆော်သြထားတဲ့အပိုင်းမျိုးပါ။ အထူးသဖြင့်ကတော့ တန်းတူညီမျှ ဖြစ်ဖို့အတွက် ကျနော်တို့ကို မဲပေးသင့်တယ် ကျနော်တို့ ဒါကို အကောင်အထည်ဖော်ဖို့ ကြိုးစားမယ် လွှတ် တော်ထဲမှာ တတ်နိုင်သလောက်ပေါ့လေ။ ကျနော်တို့ ပြည်နယ်မှာ ဆိုလို့ရှိရင်လည်း အဲဒီအတိုင်းပဲပေါ့။ အဲ့ လိုဖြစ်ဖို့အတွက် ကျနော်တို့ ဆောင်ရွက်ဖို့လိုတဲ့အတွက် မဲဆန္ဒရှင်တွေက ကျနော်တို့ကို မဲပေးဖို့လို အပ် တယ်” ဟု ပြောသည်။
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ပါတီကလည်း ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ဗဟို ချုပ် ကိုင်မှုကိုလျှော့ချရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ရန် ဦးတည်ချက်ထားသော ပါတီဖြစ်သည့် အတွက် မဲဆန္ဒရှင်များအနေဖြင့် ဒေသခံတိုင်းရင်းသားများ၏ အကျိုးကို သယ်ပိုးမည့် ၎င်းတို့၏ ပါတီကို မဲပေးကြ ရန်လိုသည် ဟု KySDP အတွင်းရေးမှူး ခူးသဲရယ် က ပြောသည်။
“ကျနော်တို့ တိုင်းရင်းသား ပါတီတွေ ဘာကြောင့် ပိုပြီးတော့မှ နေရာ ရလာဖို့လိုသလဲဆိုတော့ ဗဟိုချုပ်ကိုင် မှုကို ကျနော်တို့ လျှော့ချချင်တယ်။ နောက်ပြီးတော့မှလည်း ကျနော်တို့ ဖက်ဒရယ်စနစ်ကို လည်းကျနော်တို့ ဖော်ဆောင်ချင်တာပေါ့နော်။ အဓိက အချက် ၃ ချက်က အရေးကြီးပါတယ်။ နောက်တစ်ခုကတော့ ကိုယ့်ရဲ့ တိုင်းရင်းသား ပါတီထဲမှာတော့ ပါလာတဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း ဒီဒေသမှာ လူထုတွေနဲ့ ရင်း နှီးပြီးသား ပုဂ္ဂိုလ်တွေ လူထုအကျိုးကို ဆောင်ရွက်ဖူးခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် လူထုတွေရဲ့ လိုအပ် ချက် လူထုတွေရဲ့ အခက်အခဲကိုတော့ သူတို့ ပိုပြီးမှ နားလည်ပြီး လူထုတွေ တကယ်လိုအပ် နေတဲ့ အရာကို လည်း အမှန်တကယ် ဖော်ဆောင်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့အခါကျတော့ ဒီပါတီက အနိုင်ရရှိဖို့ လိုတယ် ဆိုတာကတော့ ကျနော်တို့က မဲဆန္ဒရှင်ကို ပြောချင်ပါတယ်။”
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသား မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ၎င်းတို့၏ အကျိုးကို သယ်ပိုးပေးမည့် ဒေသအခြေစိုက် တိုင်းရင်းသား ပါတီများကို မဲပေးကြရန် တိုင်းရင်း သား ပါတီအချို့က တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။
ထို့အတူ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းကလည်း မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် ၎င်းတို့၏ပါတီကို မဲပေးသင့်သည့် အကြောင်းအရင်း နှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။
“KSPP ဟာ ကချင်ပြည်နယ်ကို ဦးဆောင်တဲ့ ပါတီဖြစ်တယ်။ နောက်အနာဂတ်မှာ ၂၀၂၁ နောက်ပိုင်းမှာ ညွှန်ပေါင်းအစိုးရဖွဲ့တဲ့ အချိန်မှာလည်း KSPP ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါမယ်။ ဖက်ဒရယ် နိုင်ငံ တည်ဆောက်တဲ့ နေရာမှာလည်း KSPP ဟာ ပါဝင်လာရမယ်။ ဒါပြီးမှ အခြေခံ ဥပဒေပြင်ဆင်တဲ့ဟာမှာ လည်း KSPP ဟာ ပါဝင်ရမယ်။ ဒါကြောင့် KSPP ဟာ ကချင်ပြည်နယ်နဲ့ ခွဲခြားလို့ မရတဲ့ ပါတီ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဒီဟာက ကချင်ပြည်နယ်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေ အားလုံးအတွက် ဖြစ်တယ်။ ဒါကြောင့်လဲ KSPP ကိုမဲပေးဖို့ လိုအပ်ပါတယ်။”
ချင်းပါတီ ၃ ပါတီ ပေါင်းစည်းထားသည့် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် CNLD ပါတီကလည်း ကိုယ်ပိုင် ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ချင်းအမျိုးသားရေး လက္ခဏာများကို ဦးစားပေး လုပ်ဆောင်မည့် ချင်းပါတီကို မဲပေးကြရန် CNLD ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ် က ပြောသည်။
ဦးငိုင်ဆာ့ခ်က “ချင်းပါတီတွေကတော့ တိုင်းရင်းသားတွေက အဲဒီအတွက်ကို ရည်မှန်းချက် ထားပြီးတော့ တိုက်ပွဲဝင်တာကိုး ဆိုတော့ ၃ ချက်ရှိတယ် ချင်းပါတီမှာ အမျိုးသားရေး လက္ခဏာကို ဆောင်ရွက်တဲ့ ပါတီ ဖြစ်တယ်။ နံပါတ် နှစ်က အမျိုးသား တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ဖို့ရယ် နံပါတ်၂။ နံပါတ် ၃ က ပြည်နယ်အတွက် ဒေသအတွက် လိုအပ်တဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းလုပ် မယ်ပေါ့။ အဲဒီဟာ ၃ ချက်အပေါ်မှာ ချင်းပါတီက လုပ်တာကိုး အထူးသဖြင့် NLD တို့ ကြံ့ခိုင်ရေးတို့ တစ်ခြား ပါတီတွေက ချင်းပြည်နယ်အတွက်ဆို တစ်ခြားဘာမှမပြောဘူး။ ဖွံ့ဖြိုးရေး လုပ်ပေးမယ် လမ်းဖောက်ပေး မယ်။ ကျောင်းဆောက်ပေးမယ် ဒီလောက်ပဲလေ။ ဆိုတော့ ကွာခြားပါတယ်ဆိုတာကြောင့် ချင်းပါတီကို တော့ မဲပေးရမှာပေါ့။ မဲပေးသင့်တာပေါ့နော်” ဟု ပြောသည်။
ထို့အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီအနေဖြင့်လည်း ၁၉၄၇ ပင်လုံ ကတိက ဝတ်ကို အခြေခံသည့် ပါတီဖြစ်သည့်အပြင် ရှမ်းလူမျိုး တစ်မျိုးတည်း၏ အရေးအတွက် လုပ်ဆောင်မည့် ပါတီ မဟုတ်ပဲ ပြည်ထောင်စုထဲတွင် မှီတင်းနေထိုင်သည့် တိုင်းရင်းသား အားလုံး၏ အရေးကို လုပ် ဆောင် မည့် ပါတီဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ၎င်းတို့ပါတီကို မဲပေးသင့်သည်ဟု SNLD ပါတီ မှ ဝိုင်း မော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းဆွန်လျို့ က ပြောသည်။
“ပြည်သူလူထုက SNLD ကို ဘာကြောင့်မဲပေးသင့်သလဲ၊ ကျနော်တို့ ၁၉၄၇ ပင်လုံ ကတိကဝတ် နောက် တစ်ချက်က ကျနော်တို့ မြန်မာပြည်သွားနေတဲ့ လမ်းကြောင်းဟာ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်တဲ့အတွက် ကျနော်တို့ ဒီဖက်ဒရယ် သွားနေတဲ့ လမ်းကြောင်းဟာ ကျနော်တို့ ဖက်ဒရယ် မရမခြင်း က ကျနော်တို့က ဒီငြိမ်းချမ်းရေးဆိုတာ ဘယ်တော့မှ မရပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ မူဝါဒနဲ့ ကိုက်ညီတဲ့အတွက် နောက် တစ်ချက်က ကျနော်တို့ သွားနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုဟာ ကျနော်တို့ မူဝါဒ ချမှတ်ထားတဲ့ ပါတီ ဖြစ်တဲ့ အတွက် နောက်တစ်ချက် ပြည်သူကလည်း ယုံယုံကြည်ကြည်နဲ့ မဲပေးသင့်တယ်လို့ ကျနော် ယုံ ကြည်ပါတယ်။”
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကို ဝန်းရံခဲ့ကြသည့်အပြင် ပါတီအောင်နိုင်ရေးအတွက်ပါ ကြိုးစားပေးခဲ့ကြသော်လည်း အာဏာရလာသည့် NLD ပါတီအနေဖြင့် တိုင်းရင်းသားများ၏ အရေးကို လျစ်လျူရှု့ ခံ ခဲ့ရသည်ဟု တိုင်းရင်းသားများက ဆို သည်။
ထို့ကြောင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် တိုင်း ရင်းသားများက ၎င်းတို့၏ အမျိုးသားအလိုက် တိုင်းရင်းသားပါတီများကို ပြန်လည်ဝန်းရံခဲ့ကြသည်ကို တွေ့ရသည်။
ထိုမှတစ်ဆင့် ရွေးကောက်ပွဲတွင် အောင်နိုင်ခဲ့ပါက လွှတ်တော်ထဲကနေ တစ်ဆင့် တိုင်းရင်းသားများ လို လား တောင်းတနေကြသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ လွတ်လပ်ခွင့်၊ တန်းတူခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးစားလုပ်ဆောင်သွားကြမည်ဟု တိုင်းရင်းသားပါတီများ က ကတိကဝတ်များ ပြုကာ မူဝါဒများ ချပြထားကြသည်။







