ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ကို လွတ်လပ်ပြီး ဘက်မလိုက်ပဲ သမာသမတ် ရှိသူများဖြင့် ပြင်ဆင်ဖွဲ့စည်းစေလိုကြောင်း တိုင်းရင်းသားပါတီ အချို့ က ပြောသည်။
လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC သည် အာဏာရပါတီ NLD အစိုးရက ဖွဲ့စည်းပေးထားသည့် ကော်မရှင်ဖြစ်သည့်အတွက် ကော်မရှင်၏ လုပ်ဆောင်မှုများသည် ဘက်လိုက်သည့် ပုံစံမျိုး သက်ရောက်နေသည့် အပေါ် တိုင်းရင်းသားပါတီ အချို့ ကပြောဆိုလိုက်ခြင်းဖြစ်သည်။
ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်းက “UEC ကိုက ကျနော်တို့က ဒီပါတီကို မကြည့်ပဲနဲ့ လူကို အားလုံးလက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်ဖို့လို တယ်။ ၁၉၉၀ တုန်းကဆိုရင် ရွေးကောက်ပွဲမှာ ပါဝင်တဲ့ သူတွေဟာ သမာသမတ်ရှိတဲ့ ရှင်ရိုသေလူရှိသေ ပုဂ္ဂိုလ်တွေ ပါတယ်။ အခုက လည်း ဒီလိုမျိုးဖြစ်စေချင်တယ်။ အားလုံး လက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေကို စနစ်တကျ ရွေးချယ် ပြီး မှ လုပ်သွားရင်တော့ ပိုကောင်းမယ် ဆိုတဲ့ဟာကို ကျနော်ပြောလိုတယ်” ဟု ပြောသည်။
တအာင်း(ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးညီစိန် ကလည်း ရွေးကောက်ပွဲ ကော်မရှင် UEC ကို ဖွဲ့စည်းရာတွင် နိုင်ငံရေး ပါတီအသီးသီးက လက်ခံ သဘောတူသည့် ပုဂ္ဂိုလ်များကို ရွေးကောက်တင်မြောက် နိုင် မည်ဆိုပါက မည်သည့် ရွေးကောက်ပွဲတွင်မဆို လွတ်လပ်၍ တရားမျှတသည့် အနေအထားကို ရောက်ရှိ လာနိုင်မည် ဟု ဆိုသည်။
“UEC ကို ဖွဲ့စည်းတဲ့နေရာမှာ ပါတီကြီးတစ်ခုအနေနဲ့ သူတို့ဆန္ဒအရပဲ ဖွဲ့စည်းထားတဲ့ အနေအထား မျိုးဖြစ်နေတယ်။ ဖြစ်စေချင်တာက UEC ကို ဒီပြည်ထောင်စု ကော်မရှင်ကို ပါတီစုံကနေပြီး တော့မှ ရွေးကောက်တင်မြောက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်စေချင်တယ်။ အဲလိုဖြစ်မှပဲ တရားမျှတမှု ဆိုတာ ဖြစ်လာမယ်။ ရှိလာမယ်။ အဲလိုအနေအထားမျိုးပဲ ကျနော်တို့က ပြောချင်တယ်ဗျာ”
နိုင်ငံတကာတွင် ရွေးကောက်ပွဲ ကော်မရှင်သည် အစိုးရက ခန့်ထားသည့် အဖွဲ့အစည်းမျိုး မဟုတ်ပဲ သီးသန့် လွတ်လပ်သည့် ကော်မရှင် အနေဖြင့် တည်ရှိနေသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ထိုသို့ ဖြစ်ရန်လိုသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD တွဲဖက် အထွေထွေအတွင်းရေးမှူး ၁ စိုင်းကျော်ညွှန့်က ပြောသည်။
သို့သော် လက်ရှိတွင် မြန်မာနိုင်ငံရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ထိုသို့ ဖြစ်မနေသည့်အတွက်ကော်မရှင်၏ လုပ်ဆောင်မှုများသည် ဘက်လိုက်သည့် သဘောသက်ရောက်သည့် ပုံစံမျိုးကို မြင် တွေ့ နေရသည်ဟု ဆိုသည်။
စိုင်းကျော်ညွှန့်က “ပြောရမယ်ဆိုရင် အစိုးရက ခန့်ထားတာကိုး ခန့်ထားတော့ သူကသူ့ကို ခန့်ထားတဲ့သူကို သူကြည့်ရတာကိုး သူ့ Boss သူ့သူဌေးကို သူကြည့်ရတဲ့ သဘောပေါ့ဗျာ။ အဲဒါဆို တော့က ကျနော်တို့ နိုင်ငံက ကြည့်လိုက်ရရင် ဘက်လိုက်မှုကင်းကင်းနဲ့ လုပ်တာတွေက သိပ်မရှိဘူး အားနည်းတယ် အဲလိုပုံစံဗျား။ ဘက် လိုက်မှုကင်းတဲ့ ပုံစံတွေ တအားနည်းတယ်” ဟု သြဂုတ် လ ၁၅ ရက်နေ့က ပြောဆိုထားသည်။
KSPP ပါတီ ဒု-ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်းကလည်း “အခုလက်ရှိ UEC ကိုတော့ ကျနော်တို့ လုံးဝသဘောမကျဘူး။ သူ့လုပ်ရပ်တွေဟာလည်း ကျနော်တို့ သဘောမတူနိုင်ပါဘူး။ ကျနော်တို့ ဒါကြောင့် အနာဂတ်အတွက်တော့ အကောင်းဆုံး UEC ကို ဖွဲ့စည်းပြီးမှ လုပ်သွားရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ် ဆို တဲ့ ဟာကိုတော့ ပြောလိုတယ်” ဟု ပြောသည်။
အောက်တိုဘာလ ၁၆ ရက်နေ့က UEC က လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်သည့် နယ်မြေများနှင့် ပတ်သက်၍ ထုတ်ပြန်ရာတွင် တိုင်းရင်းသား ဒေသရှိ မြို့နယ်အလိုက်သော်လည်းကောင်း၊ ကျေးရွာအုပ်စု နှင့် ရပ်ကွက်တော်တော်များများကို ထည့်သွင်းထားသည်ကို တွေ့ရသည်။
UEC ၏ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများမှာ ရှမ်းပြည်နယ်တွင် မြို့နယ် ၆ မြို့နယ်နှင့် အခြားမြို့နယ် ၁၇ မြို့နယ်တို့မှ ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂၉ စု၊ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်နှင့် အခြားမြို့နယ်မှ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက် ကျေးရွာအုပ်စု ၁၃၇ အုပ်စုတို့ ပါဝင် သည်။
ထို့အပြင် ကရင်ပြည်နယ် ၆ မြို့နယ်မှ ကျေးရွာအုပ်စု ၅၂ စု၊ ကချင်ပြည်နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ အုပ်စု ၊ ပဲခူးတိုင်း မြို့နယ် ၂ မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စု နှင့် မွန်ပြည်နယ် ၁ မြို့နယ်မှ ကျေး ရွာအုပ်စု ၁ စု တို့ပါဝင်သည်။
ထို့ကြောင့် အဆိုပါ နယ်မြေကန့်သတ်မှုသည် တိုင်းရင်းသား ပါတီများအား ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင် ရေးကို ထိခိုက်နစ်နာစေသည့်အတွက် UEC ၏ ရွေးကောက်ပွဲ အပေါ် လွတ်လပ်၍ တရားမျှတမှုဆိုသည့် ပြောဆိုမှုအပေါ် တိုင်းရင်းသားပါတီများက မေးခွန်းထုတ်လာခဲ့ကြသည်ကို တွေ့ရသည်။







