ဖမ်းဆီးထားသော ကိုယ်စားလှယ်လောင်းများ လွှတ်ပေးရန် သံရုံးအချို့နှင့် အဖွဲ့အစည်း အချို့ တောင်းဆို

ဖမ်းဆီးထားသော ကိုယ်စားလှယ်လောင်းများ လွှတ်ပေးရန် သံရုံးအချို့နှင့် အဖွဲ့အစည်း အချို့ တောင်းဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ၏ ကိုယ်စားလှယ်လောင်း ၃ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် နိုင်ငံခြားသံရုံးအချို့နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တို့က တောင်းဆိုလိုက်သည်။

အောက်တိုဘာလ ၁၉  ရက်နေ့က AA က ရွေးကောက်ပွဲဝင်မည့် NLD ကိုယ်စားလှယ်လောင်း ၃ ဦး ကိုဖမ်းဆီးကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ဖမ်းဆီးထားသူများကို အမှန်ဆုံးပြန်လွှတ်ပေးရန် အမေရိကန်၊ ပြင်သစ်၊ ကနေဒါ သံရုံးများနှင့် AAPP က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ကနေဒါသံရုံး၏ ထုတ်ပြန်ချက်ထဲတွင် “ဒီမိုကရေစီ စနစ်တစ်ခုတွင် ပြန်ပေးဆွဲခြင်း အပါအဝင် ခြိမ်း ခြောက်ခြင်းနှင့် အကြမ်းဖက်ခြင်းများအတွက် နေရာမရှိပါ။ အကြမ်းဖက်ခြင်း (သို့) အကြမ်းဖက်ရန် ခြိမ်း ခြောက်ခြင်းများသည် မည်သည့်အခါကမျှ နိုင်ငံရေး ရည်မှန်းချက်များ အောင်မြင်ရေးအတွက် လက်ခံနိုင် ဖွယ်ရှိသော နည်းလမ်း တစ်ခု မဟုတ်ပေ။ မကျေနပ်ချက်များကို ဖြေရှင်းရန်နှင့် မြန်မာနိုင်ငံတွင် လုံခြုံပြီး ငြိမ်းချမ်းသော မဲဆွယ်စည်းရုံးရေးနှင့် ရွေးကောက်ပွဲ ကာလ တစ်ခု ဖော်ဆောင်နိုင်ရန် ပဋိပက္ခများကို ရပ်တန့်ပြီး နိုင်ငံရေးဆွေးနွေး အဖြေရှာခြင်းများကို လုပ်ဆောင်ကြပါရန် ကနေဒါ သံရုံးအနေဖြင့် ထပ်မံ တိုက် တွန်းလိုပါသည်” ဟု အောက်တိုဘာလ ၂၀ ရက်နေ့က တောင်းဆိုထားသည်။

ထို့အပြင် အမေရိကန်သံရုံးကလည်း ကနေဒါသံရုံး၏ တောင်းဆိုမှုအတိုင်း တောင်းဆိုထားသည်ကို တွေ့ရသည်။

“ဒီမိုကရေစီစနစ်တစ်ခုအတွင်း၌ လွှတ်တော် ကိုယ်စားလှယ်လောင်းအားလုံး လုံခြုံဘေးကင်းစွာ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်နိုင်သင့်ပါသည်” ဟု အမေရိကန်သံရုံးက ပြောသည်။

ယခုကဲ့သို့ ကိုယ်စားလှယ်လောင်း ၃ ဦး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ လုံခြုံရေးကို စိုးရိမ်မှုများ ရှိနေသကဲ့သို့ တဖက်တွင် ရွေးကောက်ပွဲအပေါ် ထိခိုက်မည်ကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းများက စိုးရိမ် သည်ဟု ၎င်းတို့၏ ထုတ်ပြန်တောင်းဆိုချက်များထဲတွင် ရေးသားထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း အောက်တိုဘာလ ၂၁ ရက်နေ့ထုတ်ပြန်ချက်တွင် “မည်သည့် ပါတီ၏ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကိုမဆို တရားလက်လွတ် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းသည် ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်သည့်အပြင် ရွေးကောက်ပွဲ၏ လွတ်လပ်တရားမျှတမှုကို ထိခိုက်စေသည်ဟု ရှုမြင်ပါသည်” ဟု ရေးသားထားသည်။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က “၃ ယောက်အဖမ်းခံရရုံနဲ့တော့ ရွေးကောက် ပွဲက ထိခိုက်မယ်ဆိုလို့ရှိရင် ရခိုင်မှာ လူတွေ အများကြီသေ အများကြီး ဒဏ်ရာရတာကို ရွေးကောက်ပွဲကို မထိခိုက်ဘူးလားလို့ မေးစရာရှိတယ်နော။ အဲဒီတော့ အဲဒီနေ့ မှာပဲ ကလေးတွေသေကြ ကျောင်းဆရာတွေ သေကြ အဲလိုတွေ ဖြစ်နေတာကိုး အဲဒီတော့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်သည် ဆိုတာထက် ရခိုင်မှာ ဖြစ်နေ တဲ့ စစ်ပွဲတွေ မရပ်တန့်နိုင်ရင် ရွေးကောက်ပွဲ ကိုရော ထိခိုက်မ လားဆိုလို့ရှိရင်တော့ ထိခိုက်နိုင်တယ်လို့ ပြောရမှာပေါ့။ ဒါပေမယ့် အဲဒီအကြောင်းချက် တစ်ခုတည်းနဲ့ ကြည့် လို့မရဘူးပေါ့နော်” ဟု ပြောသည်။  

အဆိုပါ ကိုယ်စားလှယ်လောင်း ၃ ဦး ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်းက စစ်ရေးနှင့် နိုင်ငံရေး ပဋိပက္ခများကြောင့် အဖမ်းခံရသူများကို လွှတ်ပေးမည်ဆိုပါ က တောင်ကုတ်မြို့နယ်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ၃ ဦးကိုပြန်လွှတ်ပေးမည်ဟု ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားသည်။

တောင်ကုတ်မြို့နယ် NLD အဖွဲ့ဝင် ၃ ဦးအား အောက်တိုဘာလ ၁၄ ရက်နေ့က ခေါ်ဆောင်ခြင်းနှင့် ပတ် သက်၍ အောက်တိုဘာလ ၁၉  ရက်နေ့က AA ၏ ရှင်းလင်းထုတ်ပြန်ချက်ထဲတွင် “NLD အစိုးရ အနေဖြင့် မတရားဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေး သမားများ အပြစ်မဲ့ ရခိုင်ပြည်သူများ နှင့် ငြိမ်းချမ်း ရေးအ တွက် တောင်းဆိုဆန္ဒပြခဲ့ကြသည့် ကျောင်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးမည်ဆိုပါက မိမိတို့အနေဖြင့်လည်း အဆိုပါ ၃ ဦးကို အမြန် ဆုံး ပြန်လွှတ်ပေးမည်” ဟု ထည့်သွင်းထားသည်။

ULA/AA ၏ ဖမ်းဆီးခေါ်ဆောင် ခံရသူ ၃ ဦးစလုံးသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကိုတောင်ကုတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ် ပြီး ၎င်းတို့ ၃ ဦးမှာ ဦးမင်းအောင်က ပြည်နယ်လွှတ်တော်နေရာ၊ ဒေါ်နီနီမေမြင့်က ပြည်သူ့လွှတ်တော်နေ ရာ၊ ဒေါ်ချစ်ချစ်ချောက အမျိုးသားလွှတ်တော် နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်ဟု သိရသည်။

၎င်းတို့ သုံးဦးသည် အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာတွင် ရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေး ဆင်းနေစဉ် ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...