အဆိုပါ နစ်နာသည့် လယ်ယာမြေများအား လက်ရှိတွင် လယ်ယာမြေနှင့် အခြားမြေပေးဆပ်ခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ စစ်ဆေးချက်ဖြင့် မြို့နယ်အဆင့်တွင် တင်ပြပြီးပြီးဖြစ်ကြောင်း၊ ပြည်နယ်အဆင့်၊ ပြည် ထောင်စုသို့ တင်ပြပြီးမှသာလျှင် တစ်ဧက နှုန်းလျော်ကြေးပေးမည်ကို သိရှိနိုင်မည်ဖြစ်ကြောင်း နှင့် အဆိုပါ လျော်ကြေးငွေအား လာမည့်၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ရရှိနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
ဦးခင်ဇော်ဦး က “ဓမ္မမြစ်ရေတင်စီမံကိန်းမှာ အမှန်တကယ်နစ်နာတာက လယ်ယာမြေ ဧက ၂၀၀ ဝန်းကျင် လောက်ရှိတယ်ဗျ၊ တစ်ချို့ကလည်း အဲဒီနေရာတွေကို အသုံးမပြုဘဲ ပစ်ထားတာကြာပြီ၊ တစ်ချို့ကလည်း သူတို့မြေပိုင်ဆိုင်မှန်း မသိတဲ့သူတွေလည်းရှိတယ်၊ ကျနော်ရဲ့တွေ့ရှိချက်နဲ့ ဌာနကစာရင်းကောက်တာ တကယ်နစ်နာတာက ၄၈ ဦးရှိပြီးတော့ လယ်ဧက ၆၃.၃၉ဧကပဲရှိတယ်၊ ကျွန်တော်တို့ ခဏခဏမြေပြင် ဆင်းပါတယ်၊ ဒေသခံတွေကနေပြီးတော့ ထပ်တင်တာမရှိပါဘူး၊ ထပ်မတင်တဲ့အခါကျတော့ ကျနော်တင်ထားတဲ့အတိုင်းပဲပေးမှာပေါ့” ဟု ပြောသည်။
စီမံကိန်းဧရိယာအတွင်းပါဝင်သွားသည့်လယ်ဧကများအား လျော်ကြေးပေးရန် ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က ကျိုက်မရောမြို့နယ် အမျိုးသားလွှတ်တော် ဦးခင်ဇော်ဦးက လယ်ယာမြေဦးစီးဌာန၊ နစ်နာသူလယ်သမားများနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။
ဓမ္မသကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်ငွေသောင်း က “ဒီတခါဆိုရင်လျော်ကြေးပေးမယ်လို့ သူတို့ပြောထားတယ်၊ ဒါပေမယ့် ပိုက်ဆံကဘယ်နေ့ ရလဲသေချာမသိသေးဘူး၊ တောင်သူတွေကိုလျော်ကြေးပေးဖို့ လွှတ်တော်မှာ အမိန့်ပေးခဲ့ပြီးပြီးသူတို့ အဲဒီလို ပြောလိုက်တယ် သူတို့ ၃ ခါဆင်းခဲ့ပြီးပြီး ဒီတခါဆိုရင် ပိုက်ဆံနှစ်တကွ ယူလာပြီး လျော်ကြေးမယ်လို့ပြောတယ် ဒါပေမယ့် လျော်ကြေး ဘယ်လောက်ရလဲ ဆိုတာ သေချာ မသိသေးဘူး” ဟုပြောသည်။
အဆိုပါ မြစ်ရေတင်စီမံကိန်းတွင် ဓမ္မသရွာသားများအပြင် အနီးအနားကျေးရွာမှ လယ်ယာမြေများလည်း နစ်နာမှုရှိခဲ့သည်ဟု သိရသည်။
ကော့ပလိုင်ကျေးရွာအုပ်ချုပ်ရေးမှူး နိို်င်ဝင်းသိန်း က “တောင်သူ ၄၈ ဦးကို လျာ်ကြေးအရင်ပေးသွားမယ်၊ ကျန်တဲ့လူတွေကိုမသိသေးဘူး အခုကော့ပလိုင်ရွာရော ကော့မိတ်ရွာကလူတွေလည်း မရတာရှိနေတယ်၊ ကျန်တဲ့ တွေကို သူတို့လက်ခံမယ်ဆိုရင် ကျနော်တို့စာရင်းဆက်လက်ကောက်သွားမယ် လက်မခံဘူးဆိုရင် ကိုယ့်နည်းလမ်းနဲ့ကိုပဲသွားပါ” ဟုပြောသည်။
အဆိုပါစီမံကိန်းသည် လက်ရှိတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသော်လည်း နွေစပါးစိုက်ပျိုးရန် ရေမရရှိသေးကြောင်း လယ်သမားများ ပြောပြချက်အရ သိရသည်။
ဓမ္မသလျှပ်စစ် မြစ်ရေတင်စီမံကိန်းရေတင်မြောင်းသည် လယ်သမားများအား နွေစပါးစိုက်ပျိုးရန်ရည်ရွယ်၍ လွန်ခဲ့သည့် ၂၀၀၃ခုနှစ်ကတည်းက စီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဓမ္မသကျေးရွာ၊ ကော့ပလိုင် ကျေးရွာ၊ ကော့မိတ်ကျေးရွာ၊ ကော့ဘိန်းကျေးရွာကိုဖြတ်ပြီး စီမံကိန်းအတွက် လယ်မြေဧက ၅၀၀၀ ကျော်ရေပေးဝေနိုင်ရန် လျာထား ကြောင်း သိရသည်။







