အခြေခံလူတန်းစားများနှင့် အလုပ်သမားများ၏ အခွင့်အရေးကို ဦးစားပေး လုပ်ဆောင်ပေးမည့်ပါတီကို မဲပေး သွားမည်ဟု ကချင်ပြည်နယ်သို့ ရောက်ရှိလာသည့် ရခိုင် ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။
စန်းကားကျေးရွာရှိ စင်ကြိုင်ကုမ္ပဏီ တစ်သျှူးငှက်ပျောခြံ စိုက်ခင်းတွင် ငှက်ပျောခြံစောင့်လုပ်သားအဖြစ် အလုပ်လုပ်နေသည့် ရခိုင်တိုင်းရင်းသား ဦးထွန်းလှဦးက “အလုပ်သမားဆိုပေမယ့်လည်း နိုင်ငံခြားသားတွေနဲ့ ဦးလေးတို့ ဆိုရင် အခုလုပ်စားနေရတယ်။ အလုပ်သမားရဲ့ တစ်ဦးချင်း လွတ်လပ်ပိုင်ခွင့် တစ်ဦးချင်း အခွင့်အရေး ဥပဒေ ဆိုတာ အခုလုပ် နေရတာက ခိုင်းတာကို လုပ်ရတယ်။ ကျွေးတာကို စားရတယ်။ ပေး တာကို ယူရတယ်။ နေပူမရှောင်မိုး ရွာမရှောင် သူတို့က လုပ်ဆိုတဲ့ အချိန်လုပ်ရတယ်။ ဒီအထဲက လွတ်ချင် တာ ပေါ့နော်။ ဘာဖြစ်လို့ လွတ်ချင်တာလဲဆိုတော့ ဦးလေး တစ်ဦးတည်းလည်း မဟုတ်ဘူး ရှိတဲ့ ဆင်းရဲ နွမ်းပါးပြီးမှ သူများဆီလုပ်စားနေတဲ့ လူတိုင်းလူတိုင်းရော အကုန်လုံးလွတ်စေချင်တယ်” ဟု ပြောသည်။
စားဝတ်နေရေးအပြင် အဖက်ဖက်အတွက် ရုန်းကန် နေရသည့် အခြေခံလူတန်းစားများနှင့် ဒေသအသီးသီး တွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာမခွဲခြားပဲ လုပ်ဆောင်ပေးမည့်ပါတီကို မဲပေးသွားမည်ဟု ကချင်ပြည်နယ်သို့ ရောက်ရှိလာသည့် ရခိုင်ရွှေ့ပြောင်း အလုပ်သမားများက ဆိုသည်။
“ဆင်းရဲချမ်းသာမကွဲ အားလုံးကို ခြုံပြီးမှ ပေါင်းစည်းနိုင်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်စေချင်တယ်။ ကိုယ် အုပ်ချုပ်တဲ့ ပြည်သူတွေကို ဒေါင့်စေ့ကြည့် ရှု့နိုင်တဲ့ အစိုးရမျိုးကို ကျနော်တို့လိုချင်တယ်။ ကျန်းမာရေး လူမှုရေး၊ ပညာရေး၊ အဖက်ဖက်ပေါ့ အကုန်လုံးကို ခြုံပြီးမှ ကြည့်ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းပေါ့။ တိုင်းရင်းသားတွေ ညီအစ်ကို မောင်နှမတွေလို စုစည်း ပြီးမှ ပြည်ထောင်စုကြီးကို မတည်တဲ့ အစိုးရပဲဖြစ် စေချင် တယ်” ဟု ကချင်ပြည်နယ်သို့ ဆယ်နှစ်ကျော်ကြာ ရောက်ရှိနေပြီး လက်ရှိတွင် တစ်သျှူးငှက်ပျောခြံ အလုပ်သမားအဖြစ် အလုပ်လုပ်နေသည့် ရခိုင်တိုင်းရင်းသား ဦးဆန်းလင်းက ပြောသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ အသီးသီးက ၎င်းတို့၏ ပါတီကတိ ကဝတ်များ၊ မူဝါဒများထဲတွင် ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံလူတန်းစား အခွင့်အရေး၊ အလုပ် သမားအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူရေး၊ အစရှိသည်များကိုရရှိအောင် လုပ်ဆောင်ပေးမည်ဆိုသည့် ပြောဆိုမှုများဖြင့် မဲဆွယ်စည်းရုံးမှုများကို တော်တော်များများ လုပ်ဆောင် နေသည်ဟုသိရသည်။
ရခိုင်ရွေ့ပြောင်းအလုပ်သမားများအနေဖြင့် တိုင်းရင်းသားအခွင့်အရေး အပါအဝင်အလုပ်သမားများ အခွင့်အရေးကို ရရှိအောင် လုပ်ဆောင်ပေးမည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၏ မူဝါ ကတိကဝတ်များကို သဘောကျသည့်အတွက် KSPP ကို မဲပေးမည်ဟု ပြောဆိုကြသူများရှိ သကဲ့သို့ ဒီမိုကရေစီပါတီသစ် (ကချင်) NDP(Kachin) ပါတီကို မဲပေးမည်ဟု ပြောဆိုသူများလည်း ရှိသည်။
လက်ရှိတွင် ကချင်ပြည်နယ် အခြေစိုက်သည့် တိုင်းရင်းသားပါတီအချို့က တစ်သျှူး ငှက်ပျောခြံတွင် အလုပ် လုပ် ကိုင်နေသည့် ရခိုင်ရွေ့ပြောင်းအလုပ်သမားများ အတွက် မဲစာရင်းများကို လာရောက် ကောက်ယူထား ပြီး မဲပေးနိုင်အောင် လုပ်ဆောင်ပေးထားသည်ဟု ရခိုင်ရွှေ့ပြောင်းအလုပ်သမားများက ဆိုသည်။
ကချင်ပြည်နယ်တွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ကိုထွန်း ဆန်းဝင်း က လည်း ရခိုင်ပြည်နယ်တွင် ရှိနေမည်ဆိုပါက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင်နှင့် ဒေသခံ အလုပ်သမား များအတွက် လုပ်ဆောင်ပေးမည့် ပါတီကိုသာ မဲပေးသွားမည်ဟု ပြောသည်။
“ကိုယ့်ရခိုင်ပြည် လွတ်လပ်မယ့် သူတွေကိုပဲ ထည့်ချင်တယ် တိုးတက်မယ့် အထက်က အကြီးတွေပေါ့ မိဖ တွေ ကောင်းတဲ့ မိဖတွေပဲ လိုချင်တယ်။ မကောင်းတဲ့ မိဖတွေတော့ မလိုချင်ဘူး။ ဒါပဲ မိဖ အရင်းနဲ့ စာလို့ ရှိရင် ပထွေးတို့ မိထွေးတို့ ဆိုတာ မကောင်းဘူးလေ မိဖအရင်းက ပိုပြီးတော့ ကောင်းပါ တယ်။ ဘာဖြစ်လို့ လဲဆိုတော့ အစိုးရလည်း အဲလိုပဲ ကောင်းစေချင်တယ်။ ကျနော်တို့ အလုပ်သမားတွေ အပေါ်မှာ။”
သို့သော် လက်ရှိတွင် ကချင်ပြည်နယ်တွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့်အတွက် အလုပ်သမား အရေးအတွက် ဦးစားပေး လုပ်ဆောင်ပေးမည့် ဒေသအခြေစိုက် ကချင်နိုင်ငံရေး ပါတီများကိုသာ မဲပေးသွားမည်ဟု ဆိုသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်နှင့်ဗန်းမော်ခရိုင်အတွင်း ရှိ တစ်သျှူးငှက်ပျောစိုက်ခင်း ဧကပေါင်း ၁၅၀၀၀၀ ကျော်ရှိပြီး အဆိုပါ စိုက်ခင်းများတွင် အလုပ်လုပ်ကိုင်နေသူ ၅၅၀၀၀ ကျော်ခန့် ရှိနိုင်သည်ဟု ကချင်ပြည်နယ်အခြေဆိုက် Humanity Institute က ထုတ်ပြန်ထားသည့် စာရင်းများအရသိရသည်။
မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကချင်ပြည်နယ်သို့ ရွှေ့ပြောင်း လာရောက် အလုပ်လုပ်ကိုင် သူ ခန်းမှန်းခြေ သိန်းဂဏန်းခန့်ရှိပြီး ဖားကန့်ကျောက်စိမ်းတွင်း၊ တစ်သျှူး ငှက်ပျောစိုက်ခင်းများနှင့် အခြားကျ ပန်း အလုပ်များ စသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
၂၀၁၄ သန်းခေါင်စာရင်း ကောက်ခံမှုအရ ကချင်ပြည်နယ်အတွင်း လာရောက်ရွှေ့ ပြောင်းနေထိုင်သူ ၂ သိန်းကျော်ရှိသည်ဟု သိရသည်။
လက်ရှိကချင်ပြည်နယ် တစ်ခုလုံးတွင် မဲပေးနိုင်သူဦးရေ ဆယ်သိန်းကိုးသောင်းဝန်းကျင်တွင်ရှိနေပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် မဲပေးနိုင်သူဦးရေ နှစ်သိန်း နှစ်သောင်းဝန်းကျင်ခန့် တိုးလာ သည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံးခွဲမှ သိရသည်။







