တိုင်းရင်းသားပါတီကိုယ်ကိုယ်စားလှယ်လောင်းတွေ ဘာကြောင့်အနိုင်ရဖို့လိုသလဲဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထူးချစ်နှင့်တွေ့ဆုံမေးမြန်းခြင်း

တိုင်းရင်းသားပါတီကိုယ်ကိုယ်စားလှယ်လောင်းတွေ ဘာကြောင့်အနိုင်ရဖို့လိုသလဲဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထူးချစ်နှင့်တွေ့ဆုံမေးမြန်းခြင်း

မော်ဦးမြာ — ၂၀၂၀ မှာ တိုင်းရင်းသားပါတီထဲက ကိုယ်စားလှယ်လောင်းတွေ ဘာကြောင့် အနိုင်ရဖို့လိုတာလဲဆိုတာနဲ့ပတ်သက်လို့ ပညာရေးနှင့် ဖွံ့ဖြိုးရေးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးထူးချစ်က ထိုင်းနိုင်ငံရောက် ရွေ့ပြောင်း အလုပ်သမားတွေအတွက် တန်းတူအခွင့်အရေးရရှိဖို့ကို လုပ်ရှားနေသူတစ်ဦးလည်းဖြစ်ပြီး ကရင်နီ( ကယား) ပြည်နယ်ရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးကိုလည်း တစိုက်မတ်မတ် လေ့လာခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

မေး ။ ။ မင်္ဂလာပါ ဆရာ။ ဆရာကိုယ်တိုင် တိုင်းရင်းသားပါတီတွေကို လိုက်ပါဝန်းရံနေတာကို တွေ့ရတယ်ပေါ့နော။ ဆိုတော့ ဘာကြောင့် တိုင်းရင်းသားပါတီကိုဝန်းရံပါသလဲ။ ဘာကြောင့်တိုင်းရင်းသားပါတီတွေကို မဲထည့်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ အဓိကကတော့ ကျနော်တို့အနေနဲ့ ဒီတိုင်းရင်းသားပါတီတွေကို ဘာကြောင့် မဲထည့်သင့်သလဲဆိုရင် ကျနော်တို့ ပြည်ထောင်စု ပါတီတွေက သူတို့ရဲ့ ဗဟိုဦးစီးချုပ်ကိုင်မှုက အရမ်းများတယ်။ ကျနော်တို့ တိုင်းရင်းသားပါတီက ဒေသခံတွေက သူတို့ပြည်နယ်မှာ ရှိတဲ့ ပြသနာတွေကို သူတို့ ရှင်းရှင်းလင်းလင်းသိတယ်။ ငြိမ်းချမ်းရေး၊ မြေယာသိမ်းတဲ့အရေး၊ ကျောင်းသားလူငယ်အရေး၊ ဗိုလ်ချုပ်ကြေးရုပ် ဒီမှာလာတည်သွားတဲ့ကိစ္စဒါတွေကို ကျနော်တို့ အနေနဲ့ ရှင်းရှင်းလင်းလင်းသိတယ်။ ဒါကြောင့်မို့လို့ပြည်နယ် အခြေစိုက်ပါတီတွေကပဲ ဦးဆောင်ပြီးတော့ ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ စီးပွားရေး၊ ပညာရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တယ်လို့ ယုံကြည်လို့ကျနော် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေကို ဝန်းရံရခြင်းဖြစ်ပါတယ်။

မေး ။ ။ ပြည်ထောင်စု ပါတီတွေကို အားကိုးလို့ မရဘူးလို့ ဆရာပြောခဲ့တယ်ပေါ့နော။ ဆိုတော့ ဘာကြောင့် အားကိုးလို့မရဘူးလို့ပြောချင်တာလဲပေါ့။

ဖြေ ။ ။ ပြည်ထောင်စုပါတီကတော့ သူတို့ရဲ့ ဌာနချုပ်က နေပြည်တော်မှာပဲဖြစ်ဖြစ်၊ ရန်ကုန်မှာပဲဖြစ်ဖြစ်ရှိတယ်။ သူတို့ရဲ့ဗဟို ဦးစီးချုပ်ကိုင်မှုက တအားကြီးတယ်။ တကယ်လို့များ ပြည်နယ်သားဖြစ်တဲ့ တိုင်းရင်းသားဖြစ်တဲ့ ပြည်ထောင်စုပါတီရဲ့ အမတ် တစ်ယောက်ယောက်က သူ့ ပြည်နယ်တိုးတက်ရာ၊ တိုးတက်ကြောင်း လုပ်ချင်တာတောင်မှ သူမလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆို သူတို့ရဲ့ ဗဟိုကဆုံးဖြတ်ချက်နဲ့ အလုပ်လုပ်ရတယ်။ ဥပမာအားဖြင့် လွှတ်တော်မှာ အဆိုတင်တာတောင်မှပဲ သူတို့ကို ပြရတယ်။ သူတို့ သဘောမတူဘူးဆိုရင် လုပ်လို့မရဘူး။ ကျနော်တို့ အခုက တိုင်းရင်းသားပါတီရုံးက လွိုင်ကော်မှာ ရှိတယ်။ ပြသနာရှိတိုင်း ကျနော်တို့ လွိုင်ကော်မှာ သွားပြောလို့ရတယ်။ သွားဆွေးနွေးလို့ရတယ်။ ဒါက သိပ်အရေးကြီးတဲ့ အချက်ပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ကတော့ စောနက ပြောတဲ့ ဒီပြည်ထောင်စုပါတီတွေကို အားကိုးလို့မရဘူးဆိုတာကို ပြောတာ။ ဆိုလိုချင်တာက လွှတ်တော်အမတ်က သူ့ပြည်နယ်ဖွံ့ဖြိုးရာ ဖွံ့ဖြိုးကြောင်း လုပ်ချင်တာတောင်မှ ခွင့်ပြုချက်မရရင် လုပ်လို့မရဘူး။ ဒါကြောင့်မို့လို့ ပြည်ထောင်စုပါတီနဲ့ ပေါင်းပြီး ဖွံ့ဖြိုးရေး လုပ်မယ်ဆိုရင် ဘယ်တော့မှလည်း လက်တွေ့မကျဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ ပြည်နယ်အခြေစိုက်တဲ့ နိုင်ငံရေးပါတီတွေ အားကောင်းဖို့လိုတယ်။ ဒါကြောင့် ဒီနေရာမှာ ကျနော့်အနေနဲ့ ကရင်နီပြည်နယ်သူ ပြည်နယ်သားအားလုံးကို မေတ္တာ ရပ်ခံချင်တယ်။ တိုင်းရင်းသားပါတီတွေကိုပဲ ယုံယုံကြည်ကြည်နဲ့ အပြည့်အဝ ထောက်ခံပေးကြဖို့ ကျနော့်အနေနဲ့ မေတ္တာ ရပ်ခံလိုပါတယ်။

မေး ။ ။ တချို့ကတော့ ဒီပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီကို စစ်တပ်နဲ့ ပေါင်းတယ်။ ကြံ့ခိုင်ရေးနဲ့ ပေါင်းတယ်ဆိုပြီး ဝေဖန်ချက်တွေ ကြားနေရပါတယ် ဆိုတော့ ဒီအပေါ်မှာ ဆရာကရော ဘယ်လိုများ ပြောချင်ပါသလဲရှင့်။

ဖြေ ။ ။ လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ စစ်တပ်အရာရှိ ဘယ်နယောက် ပါသလဲပေါ့။ ဒါမှ မဟုတ် NLD အနေနဲ့ကလည်း စတင် တည်ထောင်ကတည်းက မျိုးချစ်ရဲဘော်ဟောင်းများကလည်း အစုအဖွဲ့တစ်ခုအနေနဲ့ ပါထားတယ်။ လက်ရှိ NLD နာယက ကလည်း တကယ့် ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်တယ်။ နောက် သူတို့မှာလည်း အင်မတန်မှ အမိန့်အာဏာပေါ့ လုပ်ပိုင်ခွင့် တအားရှိတယ် ဆိုတဲ့ ဦးဝင်းထိန်ကလည်း တပ်ကပဲ။ ဒီကြားထဲမှာမှ သူတို့ အစိုးရဖြစ်မှ တပ်က ဗိုလ်ချုပ်ကြီးတွေကိုလည်း သူတို့ရဲ့ ပြည်ထောင်စု ဝန်ကြီးတွေ အဆင့်ထိ ထားထားတယ်။ လွှတ်တော်အမတ်တွေထဲမှာလည်း တပ်ကလူတွေ ပါတယ်။ ဆိုတော့ သာမာန်ပြည်သူတွေက မသိပဲနဲ့ မဟုတ်တဲ့ စကားတွေကိုဗျား။ သာမာန်ပြည်သူတွေ အထင်လွဲအောင် လိုက်ပြောတာတော့ မကောင်းပါဘူး။ တကယ်လို့ တပ်ကလူတွေ အများဆုံး ပါတယ်ဆိုရင်တော့ ကယားဒီမိုကရက်တစ်ပါတီထက်စာရင် NLD မှာ တပ်ကလူတွေ အများကြီးပါတယ်လို့ ကျနော်ပြောချင်တယ်။ တချိန်တည်းမှာပဲ သူတို့ပြောတယ်။ ဥပမာအားဖြင့် ဒီကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ကျနော်တို့ တပ်နဲ့ပေါင်းတယ်။ ကြံ့ခိုင်ရေးနဲ့ပေါင်းတယ်လို့ ပြောတယ်။ တခုပဲ ပြောချင်တာက တကယ်လို့သာ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီက စနစ်တကျနဲ့ ကြံ့ခိုင်ရေးပါတီတို့၊ တပ်တို့နဲ့သာ ပေါင်းမယ်ဆိုလို့ရှိရင်လေ ၂၀၂၀ မှာ NLD ဟာ မဲ တနေရာမှ ရမှာ မဟုတ်ဘူး။ တကယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်တို့၊ ကယန်းအမျိုးသားပါတီ တို့ တပ်နဲ့ ပေါင်းခဲ့မယ်ဆိုလို့ရှိရင်ပေါ့။ ကျနော်တို့က ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောပြတာပါ။ သူတို့ဘာသာ သူတို့ တပ်နဲ့ပေါင်းတာ မရှိဘူး။ ပြည်နယ်ရဲ့ လိုအပ်ချက်အရ တချို့ ပြည်နယ်အပေါ်မှာ စေတနာရှိမယ်လို့ ထင်ရတဲ့ လုပ်ကိုင်နိုင်မယ်လို့ ထင်ရတဲ့ တပ်မတော်က အရာရှိဟောင်းတွေ၊ နောက် ပြည်နယ်မှာလည်း အခြေစိုက် နေထိုင်တဲ့ ပြည်နယ်သားတွေ ရွေးချယ်ထားတယ်လို့ ကျနော်တို့ တွေ့ရပါတယ်ဗျား။

မေး ။ ။ ဝေဖန်ချက် နောက်တစ်ခုက တိုင်းရင်းသားပါတီတွေဆိုတာ အစိုးရမဖွဲ့နိုင်ဘူး ဆိုပြီးဝေဖန်ကြတယ်။ အဲ့ဒါကို တိုင်းရင်းသားပါတီတွေဖက်ကလည်း ဘယ်လောက် ရာခိုင်နှုန်းနိုင်ရင် အစိုးရဖွဲ့လို့ရတယ်ဆိုတဲ့အကြောင်းတွေတော့ ပြောထားတာလည်း ရှိတယ်ပေါ့။ ဆိုတော့ တိုင်းရင်းသားပါတီတွေအနေနဲ့ အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုရင် တိုင်းရင်းသားတွေအတွက် ဘယ်လိုမျိုး ကောင်းကျိုး၊ ဆိုးကျိုးတွေ ရလာနိုင်မလဲပေါ့ ဆရာ။

ဖြေ ။ ။ သူတို့ရဲ့ ပါတီ ခေါင်းဆောင်လို့ ပြောရမလား။ သူတို့ကို ဝန်းရံတဲ့သူတွေကို ပြောတာလားတော့ ကျနော်လည်း မသိဘူး။ ဒါပေမဲ့ သူတို့ပြောတဲ့ နိုင်ငံရေးစကားတွေက အခြေအမြစ် မရှိဘူး။ အစိုးရဖွဲ့လို့ မရဘူးဆိုတာ တကယ်လို့ NLD က သူတို့ မနိုင်ဘူး။ဆိုရင်ကော သူတို့ အစိုးရဖွဲ့လို့ရမလားပေါ့ ကျနော်မေးချင်တာ။ တိုင်းရင်းသားပါတီတွေသည် အဓိက ကျနော်ထင်တာကတော့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်ရဲ့ပြည်နယ်အစိုးရမှာတိုင်းရင်းသားပါတီတွေ ပါရမယ်။ လွှတ်တော်မှာကျနော်တို့ဆီကလူတွေ အဓိက လွှတ်တော်ကို စိုးမိုးထားနိုင်တဲ့သူတွေ ဖြစ်တယ်။ တချိန်တည်းမှာပဲ ကျနော်တို့ အမျိုးသားလွှတ်တော်တို့၊ ပြည်သူ့လွှတ်တော်မှာလည်း တိုင်းရင်းသားပါတီတွေနဲ့ တစုံတရာနိုင်မယ်။ ဒါကြောင့်မို့လို့ ဘယ်အစိုးရပဲ သူတို့ဘာသာ သူတို့ ဖွဲ့ဖွဲ့ ဒီပြည်နယ် အခြေစိုက် ပါတီတွေက တစုံတရာ နိုင်ခဲ့တယ်ဆိုရင်တော့ ကိုယ့်ရဲ့အမျိုးသားရေး ကိုယ့်ရဲ့ ပြည်နယ်အရေးကို တစိုက်မတ်မတ် လုပ်နိုင်မယ်လို့ ကျနော်ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု လက်ရှိ ဝင်နေတဲ့ ကျနော်တို့ ကယားဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီကို ကိုယ်စားပြုတဲ လွှတ်တော်ကိုယ်စားလှယ်လောင်း တွေက တကယ့်ကို ပြည်နယ်ရဲ့ ပြသနာကို သိတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ထဲထဲဝင်ဝင်လုပ်ခဲ့တဲ့သူတွေ ဖြစ်တယ်။ လယ်သမားအရေး မြေယာကိစတွေကို ထဲထဲဝင်ဝင် လုပ်ခဲ့တဲ့သူတွေဖြစ်တယ်။ ကျောင်းသား၊ လူငယ်အရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို တကယ့်ကို တစိုက်မတ်မတ် လုပ်ခဲ့တဲ့ လူငယ်တွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အနေနဲ့က ဒီလူငယ်တွေသာ လွှတ်တော် အသီးသီးမှာ ပါဝင်မယ်ဆိုရင် ကျနော်တို့ ပြည်နယ်အတွက် အင်မတန်မှ အကျိုးရှိမယ်။ ဒီထက် ပိုအရေးကြီးတာက ရေရှည်မှာ ကျနော်တို့ လူငယ်တွေ ကိုယ့်ပြည်နယ်အခြေစိုက်တဲ့ ပါတီတွေကို ဝန်းရံဖို့ ဒီပါတီတွေမှာပဲ ထဲထဲဝင်ဝင် လုပ်ကိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့က ဝန်းရံပေးတာ ဖြစ်ပါတယ်။

မေး ။ ။ နောက်တစ်ခုအနေနဲ့ ဒီပြည်အတွင်းမှာကလည်း ရွေ့ပြောင်းအလုပ်သမားတွေ ရှိနေတယ်ပေါ့နော။ ဆရာကလည်း ရွေ့ပြောင်းအလုပ်သမားအရေးတွေ ဆောင်ရွက်နေတဲ့သူ တစ်ဦးဆိုတော့ မေးချင်ပါတယ်။ ဆိုတော့ သူတို့ရဲ့ မဲပေးရမဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာများ အကြံပြုပြောကြားချင်ပါသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ ဒီနှစ် ကိုဗစ် သိပ်မဖြစ်ခင် မတ်လထဲမှာ ကျနော်တို့ UEC ဥက္ကဌ ကိုယ်တိုင် ဦးဆောင်တဲ့ ကျနော်တို့အဖွဲ့နဲ့ တွေ့တယ်။ အဓိက ကျနော်တို့ ပြောတာက နှစ်ပိုင်းပေါ့။ တစ်ပိုင်းက နိုင်ငံခြားတိုင်းပြည်မှာ ရောက်နေတဲ့ ရွေ့ပြောင်းအလုပ်သမားတွေ လွယ်လွယ်ကူကူ မဲထည့်ဖို့ပေါ့နေ်ာ။ ဒါ သူတို့ကို ပုံစံ ၁၅ ဖြည့်ခိုင်းတာ ရှိတယ်။ ဒီ ကိစ္စတွေကို ကျနော်တို့ သွားပြီး မေတ္တာ ရပ်ခံတာ ရှိတယ်။ တခုက ပိုအရေးကြီးတာက ကျနော်တို့ ဒီပြည်တွင်းမှာ ရွေ့ပြောင်းနေတဲ့ အလုပ်သမားတွေကို ကျနော်တို့က ဒီ ပြီးခဲ့တဲ့ အစိုးရပေါ့နော။ သူတို့ အင်မတန်မှဆိုးတဲ့ စစ်အစိုးရတောင်မှပဲ ပြည်နယ်၊ တိုင်းဒေသကြီးမှာ ၆ လပေါ့ ရက် ၁၈၀ နေမှပဲ ကျနော်တို့ မဲထည့်ပိုင်ခွင့်ရှိတယ်။ အခု အစိုးရက ကျနော်တို့ ၃ လ ရက် ၉ ၀ နေတာနဲ့ မဲထည့်ပိုင်ခွင့်ရှိတယ်။ အခု ကျနော်တို့ ကြားနေရတယ်။ တချို့ဟာတွေကအဲ့လိုမျိုး မဲကို မသာမာမှုရအောင် လုပ်တဲ့ဟာတွေ ရှိတယ်။ အခု ကျနော်တို့ တကယ့်မော်ချီးမိုင်းမှာပဲ ထားလိုက်ပါတော့ ဥပမာအားဖြင့် ယာယီပေါ့နော အခုလိုမျိုး ၃ လပြည့်လို့ မဲထည့်ပိုင်ခွင့်ရှိတဲ့သူက တစ်ထောင်လောက်ရှိတယ်။ ဘာလို့လဲဆိုတော့ ဒီလူဦးရေကဗျား တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ သိပ်ပြီးတော့ မပြောပလောက်ပေမဲ့ ကျနော်တို့ ပြည်နယ်ငယ်ငယ်လေး။ ဥပမာအားဖြင့် ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက ဒါ ဝန်ကြီးချုပ်နိုင်သွားတဲ့ မယ်စဲ့မှာဆိုရင် ၇၅၀ လောက်နဲ့ နိုင်သွားတယ်။ ဆိုတော့ တကယ့်ကို ကျနော်တို့ ပြည်တွင်းမှာ ရှိတဲ့ ရွေ့ပြောင်းအလုပ်သမားတွေက သူတို့ရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လုပ်ငန်းကိုင်ငန်း မကောင်းလို့ကျနော်တို့ ပြည်နယ်မှာ လာလုပ်စားတာ။ အဲ့အတွက်လည်း ကျနော်ပြောစရာ မလိုဘူး။ ဒါပေမဲ့ ကျနော်တို့ ပြည်နယ်မှာ လာပြီးတော့ ၃ လလောက်ပဲ နေပြီးတော့ ကျနော်တို့ ပြည်နယ်ရဲ့ ဥပဒေပြုမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို သူတို့ကို ရွေးချယ်ခွင့်ပေးတာကြီးက ဒါကမတရားဘူး။ ကျနော်ဆို အမြဲတမ်းပြောပါတယ်။ အစိုးရအနေနဲ့ သူတို့ မဲနိုင်ချင်စောနဲ့ ဒီလိုမတရားမှုတွေက လုပ်နေတာ များလာလို့ရှိရင် ကျနော်တို့ ဒေသခံ ပြည်သူ၊ ပြည်သားတွေနဲ့ ရွေ့ပြောင်း လာလုပ်စားတဲ့သူတွေနဲ့ ပဠိပက္ခတွေ ဖြစ်မှာ ကျနော် တအားစိုးရိမ်တယ်။ နောက်တခုက ကျနော်တို့ ကြိုးစားဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုလည်း ထိခိုက်မှာကို အင်မတန် စိုးရိမ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ကျနော်တို့ ပြည်နယ် အခြေစိုက် ပါတီတွေကို ဝန်းရံမယ်ဆိုပြီးတော့လည်း ဝန်းရံရခြင်းဖြစ်တယ်ပေါ့။

မေး ။ ။ လက်ရှိမှာက ကပ်ရောဂါပေါ့နော။ ကိုဗစ်ကာလလည်း ဖြစ်တယ်။ ပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံကလည်း ရွေးကောက်ပွဲလည်း အရေးကြီးတယ်ဆိုပြီး ပြောထားတာလည်း ရှိတယ်ပေါ့နော။ ဆိုတော့ ဒီကာလမှာ ရွေးကောက်ပွဲကို ရွေ့ဆိုင်းဖို့ လိုအပ်ပါသလား။ ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ ကျနော်ကတော့ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ရွေးကောက်ပွဲဆိုတာကတော့ နိုင်ငံရေး ပါတီအနေနဲ့က သူတို့ လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့် ရှိရမယ်ပေါ့နော။ လက်ရှိကတော့ သူတို့ တရားဝင်ကော၊ တရားမဝင်ကော သူများထက် အဆပေါင်းများစွာသာပြီးတော့ မဲဆွယ် စည်းရုံးနေတာက ကျနော်တို့ အစိုးရပဲဖြစ်တယ်။ ဒါမှမဟုတ် ကျနော်တို့ ပြည်နယ်တခုပဲ ပြောမယ်ဆိုရင် ကိုဗစ်လည်း သိပ် မဖြစ်ဘူး။ ကျနော်တို့က သူတို့ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲအတွက်ပဲ ကျနော် မပြောချင်ဘူး။ ဒါပေမဲ့ ကျနော်တို့ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရှိတဲ့ နိုင်ငံရေးပါတီတွေကတော့ သူတို့အနေနဲ့ကတော့ ရွေးကောက်ပွဲကို ရွေ့ဆိုင်းဖို့အထိ သူတို့ ပြောဆိုနေတာကတော့ ကြားဖူးပါတယ်။ ဒါပေမဲ့ ကျနော့်အနေနဲ့ကတော့ ကျနော်တို့ ပြည်နယ်မှာပဲဆိုတော့ ဒီရွေးကောက်ပွဲ ရွေ့ ခြင်း၊ မရွေ့ ခြင်း ဆိုတာကတော့ ကျနော်မပြောချင်ဘူးပေါ့နော။ ဒါက အစိုးရက သူတို့ရဲ့ လုပ်ပိုင်ခွင့်အတိုင်းပဲ လုပ်ပါ။ ဒါပေမဲ့ ခုနက ကျနော်ပြောခဲ့သလိုပဲ မဲဆွယ်စည်းရုံးမှုမှာတော့ အစိုးရက အရမ်းကို အသာစီးရနေတယ်ပေါ့နော။ ဒါကြောင့်မို့လို့ တခြားပါတီတွေကိုလည်း မဲဆွယ်စည်းရုံးခွင့်ရတဲ့ ပုံစံမျိုးတော့ လုပ်စေချင်တယ်။

မေး ။ ။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျမမေးသွားတဲ့ မေးခွန်းတွေအပေါ် ဆရာ ဖြည့်စွက်ပြီး ပြောချင်တာတွေ ရှိပါသေးသလားရှင့်။

ဖြေ ။ ။ အဓိကကတော့ ကျနော်တို့ တချို့ဟာတွေက ပြိုင်ဖက်ပါတီကို နိုင်ချင်စောနဲ့ ဘယ်ပါတီပဲ ဖြစ်ဖြစ် ကျနော်တို့ မဟုတ်မဟ စကားတွေ ပါတီတွေကို ဝေဖန်တိုက်ခိုက်တဲ့ဟာတွေ နောက်တခု ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေကို ဝေဖန်တိုက်ခိုက်တဲ့ဟာတွေတော့ မလုပ်စေချင်ပါဘူး။ ဘာဖြစ်လို့လဲဆို တခြားမကွေးတိုင်းတို့လိုမျိုး ပါတီအချင်ချင်းနဲ့ ဖြစ်တဲ့အချိန်မှာ ကျနော်တို့ တစ်ယောက်နဲ့တစ်ယောက် အကြမ်းဖက်မှုတွေအထိ ဖြစ်တယ်။ ကျနော့်အနေနဲ့ကတော့ ကျနော်တို့ ပြည်နယ်ဟာ အင်မတန်မှ ငြိမ်းချမ်းနေပါတယ်။ ကျနော်တို့လည်း ငြိမ်းချမ်းရေးကို ကြိုးစားပြီး ဆောင်ရွက်နေတယ်။ ပါတီတွေက မဟုတ်ကဟုတ်ကနဲ့ နိုင်ချင်စောနဲ့ ရွေးကောက်ပွဲ မဲစည်းရုံးတဲ့ ကိစ္စတွေ မဟုတ်မမှန်တဲ့ သတင်းတွေ ဖြန့်ခြင်းအားဖြင့် ကျနော်တို့ တိုင်းရင်းသားပါတီတွေကို ဝန်းရံနေတဲ့ လူငယ်တွေအနေနဲ့ သူတို့မခံစားနိုင်လို့ရှိရင် ပြဿနာတွေ ဖြစ်မှာကို ကျနော်တအားစိုးရိမ်တယ်။ ဒါကြောင့်မိုလို့ ဒီနိုင်ငံရေးပါတီတွေကို အဓိကအားဖြင့် အစိုးရပေါ့ လက်ရှိ အစိုးရဖြစ်နေတဲ့ ပါတီတွေကော တခြား ပါတီကြီးတွေအနေနဲ့ကလည်း ကိုယ့်ရဲ့ပါတီဝင်တွေ ကိုယ့်ကို ဝန်းရံတဲ့သူတွေကို ထိန်းသိမ်းကြပါ။ ကျနော်တို့ ပြည်နယ်အတွင်းမှာတော့ အကြမ်းဖက်မှုတွေ တစ်ယောက်နဲ့တစ်ယောက် တစ်ပါတီနဲ့ တစ်ပါတီ ငြင်းခုန်မှုတွေ အကြမ်းဖက်မှုတွေ ဝိုင်းထိန်းသိမ်းကြပါလို့ ကျနော့်အနေနဲ့ မေတ္တာ ရပ်ခံလိုပါတယ်။

May 8, 2024
မေလ ၆ ရက်နေ့မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဘောလခဲမြို့အနီးမှာ ပျက်ကျခဲ့တဲ့...
May 7, 2024
ရှမ်းပြည်တောင်ပိုင်းက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ရင်းနေထိုင်တဲ့ ကရင်နီစစ်ရှောင်တွေကို...
May 7, 2024
ကရင်နီပြည် ဖားဆောင်းမြို့မှာရှိနေတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ စခန်းနှစ်ခုကို...
May 6, 2024
ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းတိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို သယ်ယူဖို့ လာတဲ့...