နိုဝင်ဘာလအတွင်းမှာ ကရင်နီပြည်ရဲ့ မြောက်ပိုင်းအရပ်ကနေ တောင်ပိုင်းအရပ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ မြို့နယ်တို့ကိုဖြတ်သန်းသွားတဲ့ ပြည်ထောင်စုလမ်းမကြီးတလျောက်မှာ စစ်ကော်မရှင်က စစ်ရေး လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်လာလာနေပါတယ်။
ဒါ့အပြင် ဘောလခဲမြို့အခြေစိုက်စခန်းကနေ စစ်ကော်မရှင် အင်အား ၁၀၀ ဝန်းကျင်ကလည်း မြို့ရဲ့အနောက်ဖက် ၉ မိုင်ခန့်အကွာမှာရှိတဲ့ မဲ့စလောင်းတောင်(ဒေသအခေါ်) တနည်းအားဖြင့် နန်းဖဲကျေးရွာအနီးက စစ်ကော်မရှင်တပ်ရဲ့ စခန်းကုန်းကို နိုဝင်ဘာလ တတိယပတ်အတွင်း (၂၁ ရက်နေ့ဝန်းကျင်) မှာ ရောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့လာတဲ့ရက်တော့ မိုင်းတော့ တော်တော်ထိတယ်။ တနေကုန်နီးပါးတော့ မိုင်းကွဲတယ်။ သူတို့လည်း စခန်းပြန်ရဖို့ အဓိကပဲထင်တယ်။ လူ မနှမြောလောက်ဘူး။ မိုင်းတော့ အများကြီးကွဲတယ်။ ထိတာတော့ တော်တော်ထိမှာပဲ” လို့ အနီးအနားရှိ ဒေသခံတစ်ဦးက ပြောပါတယ်။
ဘောလခဲမြို့ကနေ စစ်ကော်မရှင် စစ်ကြောင်းသုံးကြောင်းထွက်လာတာဖြစ်ပြီး နောက်ပိုင်းမှာ စစ်ကြောင်း ပြန်ပေါင်းလိုက်တယ်လို့ဆိုပါတယ်။ အဲဒါကြောင့် ကျန်နေတဲ့ စစ်ကြောင်းတစ်ကြောင်းက နိုဝင်ဘာ တတိယပတ်အတွင်းမှာပဲ ထူးချောင်းကိုရောက်ရှိလာပေမဲ့ သူတို့ရဲ့ နေရာအတိအကျကို မသိရဘူးလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။
“အစကတော့ သူတို့ သုံးကြောင်းလာတယ်။ ဒါပေမဲ့ အခုမဲ့စလောင်းမှာ အဲစခန်းထဲမှာ တနေရာထိုင်တယ်။ နောက် သူ့ပတ်ဝန်းကျင် နှစ်နေရာမှာ ထပ်ထိုင်သေးတယ်” လို့ပြောပါတယ်။
တစ်ဖက်မှာလည်း စက်တင်ဘာ ၁၈ ရက်နေ့ကတည်းက ဖရူဆိုမြို့အတွင်းကို ရောက်နေတဲ့ စစ်ကော်မရှင် ယာဥ်တန်းဟာ ဘောလခဲမြို့ကို ဦးတည်ပြီး ဖရူဆို-ထားလဲ-နန်းဖဲ ပြည်ထောင်စု လမ်းမကြီး ဘေးတစ်လျှောက်မှာ စစ်ကြောင်းထိုးလှုပ်ရှားနေဆဲ ဖြစ်ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေဆဲလို့လည်း ကရင်နီတော်လှန်ရေးတပ်တွေက ပြောပါတယ်။
ဒါ့ကြောင့်လူထုတွေအနေနဲ့လည်း စစ်ရေးသတိရှိပြီး ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးကို အသုံးမပြုဖို့ တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။
ဇူလိုင်လကတည်းက လွိုင်ကော်မြို့ကနေ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကလည်း မြို့ရဲ့တောင်ဖက်မှာရှိတဲ့ စစ်ဘေးရှောင်လူထုတွေနဲ့ အနီးဆုံးနေရာဖြစ်တဲ့ ဒီးမော့ဆိုမြို့၊ ခေါက်ပလော့ကျေးရွာကို ရောက်ရှိနေပြီဖြစ်သလို အနောက်တောင်အရပ်မှာရှိတဲ့ နန်းမယ်ခုံမြို့ ကိုဦးတည်တဲ့ နောက်ထပ်စစ်ကြောင်းက (ဒေသအခေါ်) ငါးမြောင်း အရှေ့နားကို ရောက်နေပြီလို့လည်း နယ်မြေ ဒေသခံတွေက ပြောပါတယ်။
“စစ်ကြောင်းကတော့ မနေ့က( နိုဝင်ဘာ ၂၇) ထိတော့ ငါးမြောင်းအရှေ့မှာပဲ ရောက်နေသေးတယ်။ တချို့ကျတော့ ကြောက်စိတ်များတဲ့ သူကျတော့ ရှောင်ကုန်ကြပြီးတော့ ပုံမှန်အနေအထားနဲ့ လူကြတော့ ဒီတိုင်းနေနေကြသေးတယ်” လို့ နန်းမယ်ခုံမြို့နယ်ရှိ ပူဖားကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ်တွေရဲ့စစ်ကြောင်းလှုပ်ရှားမှုက တသမတ်တည်း မရှိဘဲ အချိန်နဲ့အမျှ ပြောင်းလဲနေတာကြောင့် စစ်ကြောင်းရောက်နေတဲ့ နေရာကို နေ့စဉ်ခန့်မှန်းပြောဖို့လည်း ခက်တယ်လို့ နယ်မြေခံ လူထုတွေက ပြောပါတယ်။
ဒီးမော့ဆိုမြို့ပေါ်ကို ရောက်နေတဲ့ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားလည်း ထိတွေ့တိုက်ပွဲတွေ ဆိုက်တိုက်ဖြစ်ပွားနေတယ်လို့လည်း နယ်မြေဒေသခံတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
အဆိုပါစစ်ကြောင်းနဲ့ နိုဝင်ဘာ တတိယပတ်အတွင်းမှာပဲ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ဖက်က ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့လည်း တော်လှန်ရေးသတင်းရင်းမြစ် တွေဆီကနေသိရပါတယ်။
ကရင်နီပြည်တွင်းမှာပဲ စစ်နယ်မြေကျယ်ပြန်လာတာမဟုတ်ဘဲ ရှမ်း-ကရင်နီနယ်စပ်မြို့ဖြစ်တဲ့ ဖယ်ခုံမြို့နယ်နဲ့ ရှမ်းပြည် ပင်လောင်းမြို့တို့နယ်စပ်မှာလည်း စစ်ကော်မရှင်နဲ့ လက်အောက်ခံ PNO တပ်နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကြား နိုဝင်ဘာ ၂၆ ရက်နေ့မှာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်သားတစ်ဦးရဲ့ ပြောဆိုချက်ကို ကရင်နီလူထုအသံ KPV မီဒီယာက တင်ပြထားပါတယ်။
ဖယ်ခုံ-ပင်လောင်းနယ်စပ်မှာ စစ်ကော်မရှင်နဲ့ လက်အောက်ခံ PNO တပ်သားတို့က စက်တင်ဘာလ ကလည်းက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး အဲဒီစစ်ကြောင်းက ဆုတ်လိုက်တက်လိုက် လှုပ်ရှားနေတယ်လို့လည်း KPV သတင်းမှာဖော်ပြပါတယ်။
စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာနဲ့ တပြိုင်တည်း ကရင်နီပြည်ရဲ့ အရေးပါတဲ့ နယ်မြေတွေဖြစ်တဲ့ မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖရူဆို မြို့တို့ကို အပြင်းအထန်ထိုးစစ်ဆင် လှုပ်ရှားနေသလို တော်လှန်ရေးတပ်ဖွဲ့ဖက်ကလည်း နယ်မြေတချို့လက်လွှတ်လိုက်ရတာတွေကို တွေ့ရပါတယ်။







