ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲများတွင် တပ်မတော်က ရဟတ်ယာဉ် နှစ်စီးသုံး၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
တပ်မတော်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင် စီ RCSS/SSA တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်။
နမ့်ခုံပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက “မနက်တုန်းက ၁၁ နာရီဝန်းကျင် လောက်မှာထင်တယ် စခန်း သာမှာ ပစ်နေတာ ၁၁ နာရီလောက်မှာ စခန်းသာ အဝင်ပေါ့နော အဲမှာ ဖြစ် တယ်။ ၁၂ နာရီကျတော့ ဒီပုံဝိုး ဂွင်မှာ လာလှည့်တယ်။ ပြီးရင် ပစ္စည်းတွေ ချပေးသလားပေါ့နော အဲဒါလည်း ပါတယ်။ ရဟတ်ယာဉ်နဲ့ ဗုံးကြဲ တယ်။ ပစ်တာပေါ့ သူက ဗုံးသံအကျယ်ကြီးကျတာပေါ့ ၁၆ ချက်ပေါ့နော်။ သူတို့ကြားတာ။ ရွာသားတွေ သူတို့တွေကြားတာ” ဟု ပြောသည်။
အောက်တိုဘာလ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီး တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားလာနေခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်က နန်းပန်းအိဖြူကလည်း “ဒီနေ့တိုက်ပွဲက ကျနော်တို့ ကျောက် မဲမှာဆိုလို့ရှိရင် ဒီရဟတ်ယာဉ်နဲ့ အဲလိုမျိုးမြင်နေရတယ်ပေါ့။ ပြီးကျလို့ရှိရင် အခု ကျောက်မဲမြို့ နားလေးမှာ လေနော ကျွဲကုန်းနားလေးမှာပေါ့ တပ်မတော်ဖက်နေပြီးတော့ တစ်ဖက်သတ် ပစ်တယ်လို့တော့ ကြားနေရ တယ်ပေါ့။ ဒီနေ့က သူက ရဟတ်ယာဉ်နဲ့သွားတာ ဆိုတော့လေ တိုက်ပွဲကတော့ သူက RCSS နဲ့ တပ်မ တော်နဲ့ ဖြစ်တာပေါ့နော်။ အခုဆိုလို့ရှိရင်သူက ရဟတ်ယာဉ် ၂ စီးပါ ပါလာတာပေါ့” ဟု ပြောသည်။
အောက်တိုဘာ ၇ ရက်နေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းတွင် ပြောင်းဖူးခူးနေသည့် ဒေသခံ တစ်ဦးအား လက်နက်ကြီးကျည်ထိ မှန်ကာ ဒဏ်ရာရရှိထားပြီး ဒဏ်ရာ အသေးစိတ်ကို အသေးစိတ် မသိရသေးဟု နမ့်ခုံပရဟိတအသင်း တာ ဝန်ရှိသူက ဆိုသည်။ သို့သော် အဆိုပါ ဒဏ်ရာ ရရှိထားသူကို ၎င်းတို့ အဖွဲ့မှ သွားရောက် သယ်ယူနေ သည် ဟု ပြောသည်။
အောက်တိုဘာလ ၇ ရက်နေ့ ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် RCSS/SSA ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်၍ မရသကဲ့သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
သို့သော် အောက်တိုဘာလ ၂ ရက်နေ့မှ ၅ ရက်နေ့ တပ်မတော်နှင့် တိုက်ပွဲ ၁၀ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ ပြီး တပ်မတော်မှ RCSS/SSA ကိုအကြောင်းကြားခြင်းမရှိပဲ ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး အုပ်ခေးက အောက်တိုဘာလ ၆ ရက်နေ့ သတင်းနှင့်မီဒီယာကွန်ရက်သို့ ပြောဆိုထားသည်။
ဒု-ဗိုလ်မှူးကြီး အုပ်ခေး က “ကျောက်မဲမှာ ကျနော်တို့ ဆက်ဆံရေးရုံးလည်းရှိတယ်။ NCA လက်မှတ်ရေး ထိုးထားတဲ့ ငြိမ်းချမ်းရေး အဖွဲ့လည်း ဟုတ်တယ်။ အဲဒီအတွက်ကြောင့် ဘာဖြစ်လို့ တပ်မတော်အနေနဲ့ ဘာမှ နားလည်မှု ညှိနှိုင်းမှု အကြောင်းကြားမှု မရယူပဲနဲ့ အဲလိုမျိုးရုတ်တရပ် တပ်အင်အားတွေ အလုံးအရင်း ထိုးစစ်ဆင်ပြီးတော့ တိုက် ပွဲဖြစ်ချင်တာလဲ အဲဒါကျနော်တို့ တော်တော်စဉ်းစားစရာဖြစ်တာပေါ့” ဟု ပြောသည်။
ယခုကဲ့သို့ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက နှစ်ဖက်လက်နက်ကိုင် အဖွဲ့ အစည်းကြားတွင် စစ်ရေးတင်းမာမှု ရှည်ကြာလာနိုင်ပြီး နောက်ဆုံးတွင် မြို့ပေါ်အထိ တိုက်ပွဲဖြစ် ပွားလာ မည်ကို စိုးရိမ်သည်ဟု ဒု-ဗိုလ်မှူးကြီး အုပ်ခေး က ပြောသည်။
လက်ရှိတွင် မြေပြင် အနေအထားအရ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းအကြားတွင် စစ်ရေးတင်းမာမှု ဆက်လက်ရှိနေပြီး တပ်မတော်ဖက်မှလည်း တပ်အင်အားများကို ထပ်မံဖြည့်တင်းထားသည်ဟု RCSS/SSA ကဆိုသည်။
ထို့အပြင် တပ်မတော်က မီဒီယာများကို ဖြေကြားထားသည့် RCSS/SSA သည် ရှမ်းပြည်နယ် တောင်ပိုင်း တွင် အခြေစိုက်သည့် လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းသို့ နယ်မြေချဲ့ထွင်လာ သည့်အ တွက် တိုက်ပွဲ ဖြစ်ပွားလာ ခြင်းဖြစ်သည်ဟု ပြောဆိုမှုသည် NCA စာချုပ်ကို ဆန့်ကျင်နေသည့် အပြင် တပ်မတော်နှင့် RCSS တို့အကြား တရားဝင် နယ်မြေ အတိအကျ သတ်မှတ်ထားခြင်း မရှိသေးဟု ဒု-ဗိုလ်မှူးကြီး အုပ်ခေး က ပြောသည်။
ဒု-ဗိုလ်မှူးကြီး အုပ်ခေးက “အဲဒီဖြေကြားချက်ဟာ လုံး၀ အခြေအမြစ်မရှိတဲ့ NCA ထဲက စာချုပ် သဘော တူထားတဲ့ စာချုပ်အတိုင်းနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတယ်။ အဲဒါကြောင့် ဆိုလိုချက်တာက RCSS နဲ့ တပ်မတော်နဲ့ နယ်မြ သတ်သတ်မှတ်မှတ်ရယ်လို့ သဘောတူထားတဲ့ဟာက မရှိသေးဘူး NCA စာချုပ်ထဲမှာ လုံးဝမပါရှိသေးဘူး။ အဲဒီ NCA ထဲမှာလည်း အဲဒီ တပ်နေရာချထားရေး ဆိုတဲ့နေရာမှာ နောက်ပိုင်း လုံခြုံ ရေးဆိုတဲ့ အပိုင်း ဆွေးနွေးတဲ့အခါမှာ အဲဒီအခါမှ ထည့်သွင်းဆွေးနွေးသွားမယ် ဆိုပြီးတော့ အတည့်အလင်း ဖော်ပြထား ပါရှိတယ်နော။ NCA စာချုပ်ထဲက အခန်း ၃ ပေါ့လေ။”
RCSS/SSA သည် အခြား တိုင်းရင်းသာ လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။
လက်ရှိတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား စစ်ရေးတင်းမာမှုရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းသည် တပ်မတော်၏ တစ်ဖက်သတ် အပစ်ရပ်စဲရေး နယ်မြေထဲတွင်ပါဝင်ပြီး အဆိုပါဒေသအတွင်းတပ်မတော်သည် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA အပါအဝင် အခြား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် PSLF/TNLA၊ KIO/KIA၊ MNDAA ကိုးကန့်တို့နှင့်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။







