COVID-19 ကာကွယ်သည့်အနေဖြင့် မွန်ပြည်နယ်အတွင်းသို့ ကုန်တင်ယာဉ်များမှလွဲ၍ မည်သည့်ယာဉ်မှ ဝင်ခွင့်မပြုတော့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံ မှ သိရသည်။
လတ်တလော ကူးစက်ပြန့်ပွားမှုများလာနေသည့် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မွန်ပြည်နယ် ဝင်ပေါက်များဖြစ်သည့် စစ်တောင်းတံတား၊ ဒုံသမိနှင့် ရေးတို့တွင် စစ်ဆေးရေး ဂိတ်များ ဖွင့်လှစ် ထားပြီး ပြည်နယ်အတွင်း အခြားတိုင်းဒေသကြီးတို့ နှင့် ပြည်နယ်အသီးသီးတို့မှ လာရောက်သည့် ခရီးသည်တင်ယာဉ်များ အိမ်စီးယာဉ်များကို ဝင်ရောက်လာမှု မရှိစေရန် စက်တင်ဘာ ၃ ရက်နေ့က စတင်ကာ စစ်ဆေး ဆောင်ရွက်နေသည်။
“ကျနော်တို့ဘက်ကို လာတာက ကုန်ကားတစ်မျိုးပဲ ခွင့်ပြုတယ်၊ ခရီးသည်ကား အိမ်စီးကား လုံးဝ သွားလို့ မရ ဘူး။ ပိတ်ထားတယ်။ ကုန်ကားတစ်မျိုးပဲ ဖြတ်ခိုင်းထားတယ်။ ကုန်ကားမှာလည်း ကားအကြီးတွေဆိုရင် ယာဉ် မောင်းနဲ့ နောက်လိုက်နှစ်ဦး၊ ကားအသေးဆိုရင် ယာဉ်မောင်းတစ်ဦးပဲ ရောဂါစစ်ဆေးပြီးမှ ဖြတ်ခွင့်ပေးတယ်” ဟု ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်း က ပြောသည်။
ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုမပြတ်စေရန်အတွက် ကုန်တင်ယာဉ်များ ဝင်ခွင့်ပြုထားသော်လည်း ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်များကို COVID-19 ရောဂါပိုး ရှိ/မရှိ Test Kits ဖြင့် စစ်ဆေးပြီးမှသာ ဝင်ခွင့်ပြုသည်ဟု ရေးမြို့ နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်း ယာဉ်နောက်လိုက်တို့ကို အစောပိုင်းက Test kits ဖြင့် အခမဲ့စစ်ဆေးပေးခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ စက်တင်ဘာ ၆ ရက်နေ့မှ စတင်ပြီးတစ်ဦး ကျပ် ၂၀၀၀၀ နှုန်း စတင်ကောက်ခံနေသည်ဟုလည်း အုပ်ချုပ်ရေးမှူး ဦးကံဝင်း က ဆက်ပြောသည်။
Test kits ဖြင့် စစ်ဆေးပြီးပါက စစ်ဆေးပြီး ၇၂ နာရီ (၃ ရက်) ပြည့်လျှင် ပြန်လည်အစစ်ဆေးခံပြီးမှသာ မွန် ပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့်ရမည်ဖြစ်သည်။
ယခုကဲ့သို့ Test Kits စစ်ဆေးခ ပေးဆောင်ရသည့်အပေါ် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ က ၎င်းတို့အတွက် များစွာ အခက်အခဲ ရှိနေကြောင်း ပြောသည်။
“ယာဉ်တစ်ခေါက်လိုက်တာ ဘယ်လောက်မှမရဘူး။ အခု တစ်ယောက် ၂၀၀၀၀ ပေးရမယ်ဆိုတော့ ကျနော်တို့ အတွက် အဆင်မပြေပါဘူး၊ နောက် ဒီစစ်ဆေးတာကလည်း ၃ ရက်ပဲ ပြီးရင် ပြန်စစ်ရမယ်၊ ကျနော်တို့ ရတဲ့ဟာ နဲ့ ဒီရောဂါစစ်ဆေးခနဲ့ပဲ ကုန်သွားမယ်။ ကျနော်တို့ ဘာနဲ့စားမလဲ” ဟု မော်လမြိုင်-မန္တလေးပြေးဆွဲနေသည့် အသက် ၃၀ ဝန်းကျင် ကုန်တင်ယာဉ်နောက်လိုက်တစ်ဦး က ပြောသည်။
လက်ရှိတွင် စစ်တောင်းတံတား စစ်ဆေးရေးဂိတ်နှင့် ရေးစစ်ဆေးဂိတ်တို့မှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ် အချို့မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိထားများ ရှိနေပြီး လူနာများကို မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသပေးလျက် ရှိသည်။
ရောဂါပိုးတွေ့ရှိသည့် ယာဉ်မောင်း ယာဉ်နောက်လိုက်များ နှင့် ထိတွေ့ဆက်စပ်သူများကိုလည်း သတ်မှတ်ထား သည့် နေရာများတွင် သီးခြားစောင့်ကြည့်မှု Quarantine Center များတွင် ပို့ဆောင်ထားရှိသည် ဟု လည်း သိရသည်။
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အောက်တိုဘာ ၆ ရက်နေ့ထိ ထုတ်ပြန်ထားချက်အရ ပြည်နယ်အတွင်း COVID-19 ပိုးတွေ့လူနာ ၃၂၅ ဦးရှိပြီး ရောဂါပျောက်ကင်းသွားသူ ၁၆၉ ဦးရှိကာ သေဆုံးသူ ၇ ဦး ရှိပြီဟု သိရသည်။







