ကိုဆွေဝင်းကို အ​ရေးယူပေးရန်ဟုဆိုကာ ကျောက်တံတားတရားရုံး၌ ဦးတိုက်လျောက်ထား

ကိုဆွေဝင်းကို အ​ရေးယူပေးရန်ဟုဆိုကာ ကျောက်တံတားတရားရုံး၌ ဦးတိုက်လျောက်ထား
by -
မဇ္ဈိမ
မြန်မာနောင်းသတင်းဌာန၏ သတင်းထောက်ချုပ် ကိုဆွေဝင်း၏ မတ်လ ပထမပတ်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုချက်အချို့နှင့် ပတ်သက်ပြီး အရေးယူပေးပါရန်ဟုဆိုကာ ဦးသက်မျိုးဦးဆိုသူက ကျောက်တံတား တရားရုံးတွင် မတ် ၂၀ရက်က ဦးတိုက်လျောက်ထားခဲ့ကြောင်း ကျောက်တံတား ရဲစခန်းမှသိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကျောက်တံတားမြို့နယ် စခန်းမှူး ဒုရဲမှူးတိုးညွှန့်က “တရားရုံးမှာ ဒီနေ့ ဦးတိုက်လျောက်တာတော့ မှန်ပါတယ်။ ဘာမှတော့မသိရသေးဘူး" ဟုပြောဆိုသည်။

"ဦးဆွေဝင်းသည် မဟုတ်မမှန် သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း၊ RFA သတင်းဌာနနှင့် အင်တာဗျူးလုပ်ခြင်းများတွင် ပြောဆိုမှုများသည် သာသနာကို ညှိုးနွမ်းစေသည်" ဟု ဦးသက်မျိုးဦး၏ တိုင်ကြားစာတွင် ဖော်ပြပါရှိသည်။

“ဒီနေ့တနင်္လာနေ့မှာ တရားရုံးကိုဦးတိုက်သွားလျောက်တယ်။ တရားသူကြီးက တရားလိုစစ်ချက်ယူတယ်။ ယူပြီးတော့ ဒီအမှုကို လက်ခံတယ်ပေါ့နော်။ အမှုအမှတ် ၆၈/၂၀၁၇ နဲ့လက်ခံတယ်” ဟု ဦးသက်မျိုးဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် ပြောသည်။

၎င်း၏ တိုင်ကြားစာတွင် “အသရေညှိုးနွမ်းတယ်ဆိုတာ ဘာအသရေရှိလို့လဲ၊ ကျွန်တော်မေးမယ်၊ ဘာဂုဏ်သိက္ခာရှိလို့လဲ၊ တစ်နိုင်ငံလုံးမိုးမွန်အောင် ဆဲဆိုနေတယ်၊ ဒီပုဂ္ဂိုလ်က ဘာအသရေရှိလို့လဲ" ဟူသော ပြောဆိုချက်များအပေါ် အရေးယူပေးရန်ဖော်ပြထားသည်။

ရဲအရေးပိုင်သည့် အမှုမဟုတ်သည့်အတွက် မတ် ၂၀ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံးသို့ ဦးတိုက်လျောက်ထားခဲ့သော်လည်း မည်သည့်ပုဒ်မနှင့် တရားစွဲဆိုသွားမည်ကိုမူ မသိရှိရသေးပေ။

အမှုအနေအထားနှင့် ပတ်သက်ပြီး ဥပဒေပညာရှင်တစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “ရာဇဝတ်ဥပဒေပဒ်မ ၂၀၂ အရ သူ့ရဲ့သက်သေတွေကိုသွားစစ်လိမ့်မယ်။ လိုပြသက်သေတွေကိုစစ်မယ်။ စစ်ဆေးပြီးမှ ဘယ်ဥပဒေ ဘယ်ပုဒ်မနဲ့အရေးယူမယ်ဆိုပြီးတော့ ရာဇဝတ်ဥပဒေပုဒ်မ ၂၀၄ အရ အမိန့်ချမယ်။ တကယ်လို့အရေးမယူဘူးဆိုရင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၀၃ အရ ပလပ်" ဟု ရှင်းပြသည်။

အမျိုးဘာသာ သာသနာစောင့်ရှောင့်ရေးအဖွဲ့(မဘသ) အဖွဲ့ဦးဆောင် ဆရာတော် ဦးဝီရသူ၏ ခွင့်ပြုချက်ဖြင့် မန္တလေးမြို့နေ ဦးကျော်မျိုးဆွေက ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခြင်းအပေါ် ကိုဆွေဝင်းက မတ်လ ၈ရက်တွင် တုံ့ပြန်ပြောဆိုခဲ့ခြင်းအပေါ် ယခုကဲ့သို့ အရေးယူပေးရန် လျောက်ထားခြင်းဖြစ်သည်။

ကိုဆွေဝင်းသည့် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အင်းဝအပ်ချုပ်ဆိုင်အမှုကို ဖော်ထုတ်ရေးသားခြင်းဖြင့် အစိုးရမှ ပေးအပ်သည့် ဂုဏ်ထူးဆောင်ဆုကို ရရှိထားသူတစ်ဦးလည်းဖြစ်သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...